ဆဋ္ဌမအကြိမ်မြောက် "ဓနုအမျိုးသားနေ့" - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆဋ္ဌမအကြိမ်မြောက် "ဓနုအမျိုးသားနေ့"














ရှမ်းပြည်နယ်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ဒေသမြို့တော်ခန်းမဆောင်၌ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် မှီတင်နေထိုင်ကြသည့် တိုင်းရင်းသား(၁၃၅)မျိုးတွင်ပါဝင်သည့် ဓနုတိုင်းရင်းသား မိဘပြည်သူများ၏ ဆဋ္ဌမအကြိမ်မြောက်"ဓနုအမျိုးသားနေ့"အခမ်းအနားအား ၁၃၈၅ ခုနတ်တော်လဆန်း ၈ရက်(၂၀.၁၂.၂၃) ဗုဒ္ဓဟူးနေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။


အခမ်းအနားမစတင်မီ နံနက်၇နာရီအချိန်၌ ပင်းတယမြို့ ရွှေဥမင်ဘုရားတပေါင်းပွဲ ကျင်းပနေ၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်နှင့် ရွာငံ၊ တောင်ကြီး၊ ကလော၊ ရပ်စောက်၊ နောင်ချို၊ ဟဲဟိုး၊ အောင်ပန်းမြို့နယ်များမှ ဓနုတိုင်းရင်းသား တိုင်းရင်းသူများ စုစုပေါင်း(၈၀၀၀)ဦးခန့်တို့က ဓနုဒေသ မြို့တော်ခန်းမသို့ ဓနုအမျိုးသားအလံတော်များ လွှင့်ထူကိုင်ဆောင်၍ သက်ဆိုင်ရာ မြို့နယ်ဆိုင်းဘုတ်တော်များဖြင့် အစီအစဉ်တကျ စီတန်းလှည့်လည်သွားလာမှုကို ပင်းတယမြိုတော် လမ်းမအတိုင်း စည်းကမ်းတကျ လမ်းလျှောက်ဆောင်ရွက်ခဲ့ကြရာ ပင်းတယမြို့နယ်နေ ဓနု၊ တောင်ရိုး၊ ပအိုဝ်း၊ ပလောင်၊ ရှမ်းအစရှိသော တိုင်းရင်းသား မိဘပြည်သူများနှင့်အတူ ရပ်နီးရပ်ဝေးဧည့်သည်တော်များက ကြည့်ရှုအားပေး မှတ်တမ်းတင်ခဲ့ကြသည်။


ဆက်လက်၍ ဓနုဒေသမြို့တော်ခန်းမဆောင်ဝင်းအတွင်း၌ ထားရှိသော အလံတိုင်၏အရှေ့တွင် ဓနုတိုင်းရင်းသူတိုင်းရင်းသားများ စုပေါင်းရပ်တည်ကြ၍ ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်(ဗဟို) ဥက္ကဋ္ဌ ဦးဘမော်နှင့် မြို့နယ်(၈)မြို့နယ်မှ အဖွဲ့ချုပ်ဥက္ကဋ္ဌများဦးဆောင်၍ ဓနုအမျိုးသားအလံတော်အား ဓနုအမျိုးသားသီချင်းစာသားများသံပြိုင်ရွတ်ဆို လွှင့်တင်ခဲ့ကြပြီးရိုသေလေးစားစွာ အလေးပြုခဲ့ကြသည်။


ထိုနောက် ဆဋ္ဌမအကြိမ်မြောက်"ဓနုအမျိုးသားနေ့"အခမ်းအနားကြီးအား ဒေသခန်းမတော်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာ၍ ဓနုတိုင်းရင်းသား အဆိုတော် ဒီနေးရှင်းမှ"ကမ်းလင့်ကြိုနေ ဓနုမြေ" တေးသီချင်းနဲ့ သီဆို၍ ဓနုယဉ်ကျေးမှုအဖွဲ့မှ ကပြဖျော်ဖြေပေးခဲ့သည်။


ထိုနောက်အခမ်းအနားသို့ တက်ရောက်ပေးပါသော ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဆဋ္ဌမအကြိမ်မြောက်"ဓနုအမျိုးသားနေ့" ဂုဏ်ပြုအမှာစကားပြောကြားပေးခဲ့ပြီး ဓနုအမျိုးသားနေ့အတွက် အလှူငွေသိန်း(၁၀၀)ကျပ်အား ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်(ဗဟို) ဥက္ကဋ္ဌ ဦးဘမော်ထံသို့လည်းကောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း က အလှူငွေသိန်း(၁၀၀)ကျပ် ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် အဖွဲဝင် ဦးဝဏ္ဏမင်းထံသို့လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အလှူငွေသိန်း(၁၀၀)ကျပ်အား ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် အဖွဲဝင် ဦးဝိုင်းဘိုထံသို့လည်းကောင်း၊ Forever Yay Wait Co.Ltdမှ မန်နေဂျင်းဒါရိုက်တာ ဦးမြင့်ဇော်မှ အလှူငွေသိန်း(၁၀၀)ကျပ်အား ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် အဖွဲဝင် ဦးအောင်သိန်းထံသို့လည်းကောင်း စုစုပေါင်းသိန်း(၄၀၀)ကျပ်အား အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။


ထို့နောက် ဓနုအမျိုးသားရေးရာအဖွဲ့ချုပ်(ဗဟို) ဥက္ကဋ္ဌ ဦးဘမော် က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဥက္ကဋ္ဌနှင့် အဖွဲဝင်များ၊ ဓနုဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲဝင်များ၊ ဓနုအမျိုးသားနေ့အခမ်းအနားသို့လာရောက်ခဲ့ကြသည့် ဓနုဒေသ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်၊ တောင်ကြီး၊ ကလော၊ ရပ်စောက်၊ အောင်ပန်း၊ ဟဲဟိုး၊ နောင်ချိုမြို့မှဖိတ်ကြား၍ လာရောက်ကြပေးကြပါသော ဓနုတိုင်းရင်းသားများ အားလုံးကို ကျေးဇူးတင်ဝမ်းမြောက်စာကား ပြောကြားပေးခဲ့ပြီး ဓနုတိုင်းရင်းသားများအတွက် လိုအပ်မှုကိစ္စရပ်များမရှိစေရန် အမှာစကားများ ပြောကြားပေးခဲ့သည်။


၎င်းနောက် ဓနုတိုင်းရင်းသူလေးများမှ ရိုးရာမပျက် ဓနုခြေလက်သိုင်းကကွက် အကဖြင့် ကပြဖျော်ဖြေပေးခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဓနုတိုင်းရင်းသားရိုးရာအကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုငွေကျပ်ငါသိန်းစီအား ပေးအပ်ချီးမြှင့်ခဲ့ရာ ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် အဖွဲဝင် ဦးအောင်သိန်းနှင့် ရိုးရာမပျက် ဓနုခြေလက်သိုင်းကကွက် နည်းပြဆရာ စိုင်းထက်အောင်တို့က လက်ခံရယူပေးခဲ့ပြီး အခမ်းအနားအောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။


အခမ်းအနားပြီးဆုံးချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ဦးအောင်ဇော်အေးနှင့်အဖွဲ့ဝင်(မိသားစု)များတို့က ဆဋ္ဌမအကြိမ်မြောက် "ဓနုအမျိုးသားနေ့"အထိမ်းအမှတ် ဆရာတော်သံဃာတော်များနှင့် ဘွဲ့တံဆိပ်အသီးသီး ရရှိတော်မူခဲ့ပါသော ဓနုဂုဏ်ဆောင် သံဃာတော်များအား နေ့ဆွမ်းကပ်အလှူတော်မင်္ဂလာ ကျင်းပပြုလုပ်ပေးသည့် ကန်ထောင့်ကျောင်းတော်ပေါ်သို့ ရောက်ရှိ၍ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ပေးခြင်းကို ကုသိုလ်ယူဆောင်ရွက်ပေးခြင်းနှင့် ရွှေဥမင်ဘုရား တပေါင်းပွဲကွင်း၌ ကျင်းပပြုလုပ်လျှက်ရှိသည့် အသေးစား၊ အငယ်စား၊ အလတ်စား ဓနုဒေသစီးပွားရေးငန်းရှင်များ၏ ဈေးရောင်းပွဲတော်သို့ ဝင်ရောက်၍ လုပ်ငန်းရှင်များထံ ဝင်ရောက်ကြည့်ရှုအားပေးခဲ့ခြင်းလုပ်ငန်းများကိုလည်း ဓနုဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်(မိသားစု)များနှင့် အတူဆောင်ရွက်ခဲ့ကြပါကြောင်း ဆဋ္ဌမအကြိမ်မြောက် "ဓနုအမျိုးသားနေ့" အောင်မြင်စွာ ကျင်းပခဲ့ပုံကို မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါသည်။


ဆရာကြည် (ပင်းတယ)

photo - kopk

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)