MNP ၊ဒီဇင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့်ပြပွဲများကို ယမန်နေ့က အ-လ-ကခွဲ(၇)မိုင်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မေဇင်ဦးက မြန်မာနိုင်ငံ၏ မမေ့အပ်သည့် သမိုင်းဝင်နေ့ထူးနေ့မြတ်များ အကြောင်း၊ စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ် အကြောင်းနှင့် လူငယ်ရေးရာသိသင့်သိထိုက်သည့် ဗဟုသုတအကြောင်းအရာများ ဟောပြောခဲ့ပြီး လူငယ်များအနေဖြင့် နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်မည့် သားကောင်းရတနာများ ဖြစ်လာစေရန်”စာအုပ်စာပေလူ့မိတ်ဆွေ”ဟူသည့်အတိုင်းအကျိုးရှိသောစာကောင်းပေမွန်များ ဖတ်ရှုကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေဆိုင်ရာသိကောင်းစရာများ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာ ဆုံးရှုံးမှု ဖြစ်ပေါ်လာပါက ပြန်လည်ကုစားခွင့်နှင့်တိုင်ကြားနိုင်သည့် နည်းလမ်းများ ဟောပြောခဲ့သည်။ ပြီးနောက် ကျောင်းသား၊ကျောင်းသူများအား ဟောပြောပွဲပါအကြောင်းအရာများအား မေးမြန်းခဲ့ပြီး ဖြေကြားခဲ့ကြသော ကျောင်းသား/သူလေးများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
အဆိုပါဟောပြောပွဲအပြီးတွင် ကျောင်းသား၊သူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနံရံကပ်စာစောင်ပြဘုတ်များနှင့် သုတ၊ ရသစာအုပ်/စာစောင်ပြပွဲအား စိတ် ပါဝင်စားစွာဖြင့် ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment