အလင်းရောင်ဖြင့် ပြည်သူ့အကျိုးဆောင်ပေးနိုင်မည့် အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလင်းရောင်ဖြင့် ပြည်သူ့အကျိုးဆောင်ပေးနိုင်မည့် အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်း






နိုင်ငံတော်အတွက်၊ ပြည်နယ်အတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်ရန် နမ့်တိန်ချောင်းရေကို အသုံးပြု၍ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းကို ဆောင်ရွက်လျက်ရှိသည်။ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ကျိုင်းတောင်းမြို့အနီး တည်ရှိပြီး ယင်းစီမံကိန်းကို ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၅) တည်ဆောက်ရေးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


နမ့်စန် ပင်မဓာတ်အားခွဲရုံသို့ ချိတ်ဆက်ပို့လွှတ်

လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေသော အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းသည် ၁၇ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဓာတ်အားပေးစက် သုံးလုံးဖြင့် စုစုပေါင်းတပ်ဆင်စက်အင်အား ၅၁ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။ ထုတ်လုပ်ရရှိသည့်ဓာတ်အားကို ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းဖြင့် နမ့်စန်ပင်မဓာတ်အားခွဲရုံသို့ ချိတ်ဆက်ပို့လွှတ်၍ နိုင်ငံတော်ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်တည်ဆောက်နေခြင်း ဖြစ်သည်။


“စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအနေနဲ့က ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ စီမံကိန်းတစ်ခုလုံးရဲ့ ၈၀ ဒသမ ၅၂ ရာခိုင်နှုန်းပြီးစီးနေပြီဆိုတော့ လာမယ့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အကုန်မှာ စီမံကိန်းကို ပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီစီမံကိန်းရဲ့ ရည်ရွယ်ချက်က နိုင်ငံတော်အတွက် လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းဖြန့်ဖြူးပေးနိုင်ဖို့အတွက် ကျွန်တော်တို့ဌာနအနေနဲ့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးလွင်က ပြောကြားသည်။


ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနသည် နိုင်ငံတော်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းရန် တပ်ဆင်စက် အင်အား ၅၄ မဂ္ဂါဝပ် ထုတ်လုပ်ဖြန့်ဖြူးနိုင်သည့် ကျိုင်းတောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ကိုလည်း ၂၀၀၉ ခုနှစ် မတ်လ ၂၆ ရက်နေ့က အောင်မြင်စွာတည်ဆောက်ပေးခဲ့ပြီးဖြစ်သည်။


ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနသည် ကျိုင်းတောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်နေဆဲကာလဖြစ်သည့် ၂၀၀၆ ခုနှစ်အတွင်း နမ့်တိန်ချောင်းပေါ်တွင်ပင် နောက်ထပ်ဓာတ်အားပေးစက်ရုံတစ်ခု ထပ်မံတည်ဆောက်နိုင်ရန် ဂျပန်နိုင်ငံ The Kansai Co. Inc. မှ ကျွမ်းကျင်သူများနှင့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများပူးပေါင်း၍ ကနဦးစူးစမ်းလေ့လာမှုများကို စတင်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။


ထို့အပြင် ၂၀၀၉ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ Colenco Power Engineering Co., Ltd.မှ ပညာရှင် များပါဝင်သောအဖွဲ့နှင့် အထက်ကျိုင်းတောင်း စီမံကိန်းတွင်ပါဝင်မည့် ရေအားအဆောက်အအုံများ၏ တည်နေရာများ၊ ဘူမိဗေဒအခြေအနေစမ်းသပ်မှုများ၊ လိုအပ်သောတည်ဆောက်ရေးပစ္စည်းများ၏ အရည်အသွေးပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။


ထို့အတူ စီမံကိန်း၏ ချဉ်းကပ်လမ်းများ ဖောက်လုပ်ခြင်း၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်းစသည့် အကြိုတည်ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်နေဆဲကာလ၌ အတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့ဖြစ်သည့် ဂျပန်နိုင်ငံမှ NEWJEC အဖွဲ့နှင့် လည်းကောင်း၊ နော်ဝေနိုင်ငံမှ Nor-Consult/Multi-Consult အဖွဲ့ဖြင့်လည်းကောင်း အသေးစိတ် တိုင်းတာမှုများ၊ ဒီဇိုင်းပုံစံထုတ်လုပ်ခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ သိရသည်။


“စီမံကိန်းရဲ့အစောပိုင်းကာလတွေမှာ ဂျပန်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံနဲ့ နော်ဝေနိုင်ငံတို့က ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အခုကတော့ တရုတ်နိုင်ငံက အတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့ဖြစ်တဲ့ Changjiang Survey, Planning, Design and Research Co., Ltd. (CSPDR) နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်နေပြီး နည်းပညာဆိုင်ရာတွေနဲ့ တည်ဆောက်မှုလုပ်ငန်းတွေအားလုံးကိုတော့ ကျွန်တော်တို့ဌာနရဲ့ နိုင်ငံ့ဝန်ထမ်း အင်ဂျင်နီယာတွေနဲ့သာ ဆောင်ရွက်နေပါတယ်”ဟု ညွှန်ကြားရေးမှူးက ပြောသည်။


ထပ်မံစိစစ်စမ်းသပ်

အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းတွင် ဆောင်ရွက်သည့် တမံအမျိုးအစားသည် အလျားပေ ၁၈၀၀၊ အမြင့် ပေ၂၃၀ ရှိ Zone Type (ဇုန်အမျိုးအစား) ကျောက်ဖြည့်မြေသားတမံဖြစ်ပြီး တမံတွင် အသုံးပြုရမည့် တမံဖို့ကျောက်/ရေစစ်သဲများကိုလည်း အရည်အသွေးပိုင်းဆိုင်ရာများ ထပ်မံစိစစ်စမ်းသပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ စမ်းသပ်ပြီး လိုအပ်သည့်အရည်အသွေးရရှိမှသာလျှင် တည်ဆောက်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ပင်မတမံတည်ဆောက်ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ သိရသည်။ ထို့အတူ ဓာတ်အား ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့်ရေပမာဏကို ဓာတ်အားပေးစက်ရုံသို့ ပေးပို့နိုင်ရန် အလျား ၁၇၂၆ ပေ၊ အချင်း ၂၆ ပေ ရှိ မြေအောက်ရေသွယ်ဥမင်လိုဏ် တစ်ခုကိုလည်း ဖောက်လုပ်ခဲ့ရပြီး ရေသွယ် ဥမင်လိုဏ်ဖောက်လုပ်ခြင်းလုပ်ငန်းများ အားလုံးဆောင်ရွက်ပြီးဖြစ်သည်။


ယခုအခါ စီမံကိန်းတွင်ပါဝင်သည့် ရေအား အဆောက်အအုံများအနက် ဖိအားမြင့် သံမဏိပိုက်လိုင်း၊ ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံလုပ်ငန်းများမှအပ ကျန်တည်ဆောက်ရေးလုပ်ငန်းများ အားလုံး အပြီးသတ်တည်ဆောက်နေသည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။


စီမံကိန်းတွင် လိုအပ်သောရေပမာဏအား ထိန်းချုပ်၍ ဓာတ်အားပေးစက်ရုံသို့ ပို့လွှတ်နိုင်ရန် ဥမင်လိုဏ်နှင့်တစ်ဆက်တည်း အပေါ်ဘက်သို့ တူးဖော်ဖောက်လုပ်ရသည့် အချင်း ၈၂ ပေ၊ အနက် ၁၅၁ ပေရှိ ဒေါင်လိုက်ရေထိန်းတံခါးပြွန်တစ်ခုကို ထည့်သွင်းတည်ဆောက်လျက်ရှိသည်။ မြို့ပြဆိုင်ရာ လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးထားပြီး ဂိတ်တံခါးတပ်ဆင်ခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။


ပင်မတမံတွင် သိုလှောင်ထားသောရေများနှင့် ဓာတ်အားပေးစက်များကို လည်ပတ်မောင်းနှင်စေ မည့်အပြင် မိုးတွင်းကာလတွင် စီးဝင်ရေပမာဏများသည့်အတွက် ပိုလျှံမည့်ရေများအား တမံကို ထိခိုက်မှုမရှိစေရေး မူလချောင်းရေလမ်းကြောင်းသို့ စနစ်တကျလွှဲပြောင်းပေးရန် အကျယ်ပေ ၄၆၀ ရှိသည့် ရေပိုလွှဲကို နိုင်ငံအတွင်း ပထမဦးဆုံး ဆောင်ရွက်သည့်ပုံစံဖြစ်သည့် Labyrinth Type Weir အမျိုးအစား (လွှသွားပုံစံ) ကို တည်ဆောက်ထားသည်။ ယခုအခါ အပြီးသတ်လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်သည်။


ပြီးစီးမှုအတိုင်းအတာ

စီမံကိန်းတစ်ခုလုံး ပြီးစီးမှုအတိုင်းအတာအနေဖြင့် ဓာတ်အားပေးစက်ရုံနှင့် ဆက်စပ်သော ဖိအားမြင့်သံမဏိပိုက်တပ်ဆင်ခြင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများသာ အပြီးသတ် ဆောင်ရွက်ရန် ကျန်ရှိတော့သည်။ အထက် ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းအတွက် လိုအပ်သည့် စက်မှုလျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများ မှာယူတင်သွင်းတပ်ဆင်ခြင်းလုပ်ငန်းကို တရုတ် နိုင်ငံ Consortium of DEIC & GF နှင့် စာချုပ်ချုပ်ဆို၍ လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယခုအခါ ၅၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။


ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနအနေဖြင့် ရေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် စီမံကိန်းများကို ဦးစားပေး ရွေးချယ်ဆောင်ရွက်လျက်ရှိရာ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းသည် ကန်ရေပြည့်ရေလှောင်ပမာဏ ဧက ပေ ၁၀၄၀၀၀ သာရှိသည့်အတွက် လူမှုပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးသည့် စီမံကိန်းတစ်ခု ဖြစ်သည်။


စီမံကိန်းအကောင်အထည်ဖော်ခြင်းဖြင့် ဒေသခံပြည်သူများ၏အကျိုးစီးပွားကို မူလအခြေအနေထက် ပိုမိုကောင်းမွန်လာစေမည်ဖြစ်သည်။


“အရင် ကျိုင်းတောင်းရေတံခွန်ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးခဲ့ပြီးပြီ။ အခု အထက်ကျိုင်းတောင်းရေအားလျှပ်စစ် စီမံကိန်းကလည်း ပြီးခါနီးပြီ။ ဒီလိုမျိုးတွေ ကိုယ့်ဒေသမှာရှိတဲ့အတွက် ၂၄ နာရီ ဓာတ်အားသုံးစွဲနိုင်ခဲ့တယ်။ လျှပ်စစ်မီးရတဲ့အတွက် ကျွန်တော်တို့ဒေသက အရင်နဲ့အခု ဖွံ့ဖြိုးမှုကွာခြားလာခဲ့ပါတယ်။ အများကြီးတိုးတက်မှုရခဲ့ပါတယ်” ဟု ကျိုင်းတောင်းဒေသခံ ဦးစိုင်းပုည က ပြောသည်။


ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်အကောင်အထည်ဖော်ရာတွင် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရရှိရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေနိုင်သော အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းကို သတ်မှတ်ထားသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရန်အတွက် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


ယင်းရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက ဓာတ်အားပေးစက်ရုံမှ နှစ်စဉ် လျှပ်စစ်ဓာတ်အား ၂၆၇ သန်းကီလိုဝပ်နာရီကို မဟာဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ကာ လူဦးရေ ခုနစ်သိန်းခန့်ကို လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲစေနိုင်မည်ဖြစ်သည်။ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ နမ့်စန်ခရိုင်နှင့် လင်းခေးခရိုင်တို့အတွင်းရှိ ဒေသခံပြည်သူများ သုံးစွဲရန်လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို အထောက်အကူပြု ဖြည့်တင်းပေးနိုင်မည့်အပြင် ပိုလျှံသော လျှပ်စစ်ဓာတ်အားကို မဟာဓာတ်အားကွန်ရက်မှတစ်ဆင့် ပို့လွှတ်ဖြန့်ဖြူးကာ ပြည်သူ့အကျိုးကို အလင်းရောင်ဖြင့် ဆောင်ပေးနိုင်မည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။      ။


လင်းသစ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)