NLD ပါတီ အာဏာလက်မဲ့ဖြစ်ပြီးချိန်ကစလို့ အာဏာရမ္မက်ထနေတဲ့ NLD ဦးဆောင်သူတွေနဲ့ သူတို့ကို ထောက်ခံအားပေးသူ နီပိန်းတွေရဲ့ ဆူပူအကြမ်းဖက် ရက်စက်ယုတ်မာမှုဒဏ်တွေကို ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံး ဆိုးဆိုးရွားရွားခံခဲ့ရပါတယ်။ သံဃာတော်တွေကို သတ်ဖြတ်လာတော့ သံဃာတော်များလည်း ခံစားရသလို ဗုဒ္ဓဘာသာဝင် ပြည်သူတစ်ရပ်လုံး ခံစားရတယ်။
ထိုနည်းတူစွာ ဆရာ/ဆရာမတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ ရက်စက်ယုတ်မာမှုတွေကိုလည်း ကျူးလွန်လာကြတယ်။ အခြားသော ဝန်ထမ်းများ၊ အပြစ်မဲ့ ပြည်သူများ သတ်ဖြတ်ခံရမှုတွေဟာလည်း ထောင်ပေါင်းများစွာ ဖြစ်လာတယ်။ ဗုဒ္ဓဘာသာထွန်းကားရာ မြန်မာနိုင်ငံမှာ အနန္တော အနန္တဂိုဏ်းဝင်လို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်များကို နီပိန်း ပဒက် အကြမ်းဖက်သမားများနဲ့ တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ သောင်းကျန်းသူများက ရက်စက်စွာ သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့အပေါ်ဘယ်လိုမှ ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိဘူး။
တကယ် အပြစ်ရှိတဲ့ သတ္တဝါတွေကတော့ ပဒက်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတွေဆိုတာ မှန်ပါတယ်။ ဖြစ်ပေါ်လာတဲ့အခြေအနေတစ်ရပ်မှ လူစိတ်မရှိတော့တဲ့ အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုတွေကို ကာကွယ်ဖို့ အစိုးရတာဝန်ကို ရယူထားတဲ့ တပ်မတော်မှာ တာဝန်အပြည့်အဝ ရှိတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က နေ့စဉ် သတ်ဖြတ်ခံနေရမှုတွေနဲ့ ပတ်သက်လို့ အကြမ်းဖက်သမားများ ဖမ်းဆီးရမိရေးဆောင်ရွက်နေပါတယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်ပေါင်းလည်း များလှပြီ။ တကယ်ဖမ်းဆီးရမိရေး ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။
ဖြစ်ပေါ်လျက်ရှိတဲ့ အခြေအနေအပေါ် ကျွန်တော်တို့ သာမန်ပြည်သူတစ်ယောက်ရဲ့ အမြင်နဲ့ ကြည့်ရင်တော့ ရက်စက်ယုတ်မာရိုင်းစိုင်းလွန်းတဲ့ အကြမ်းဖက်အုပ်စုတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းရုံမှတပါး အခြားမရှိပါပေါ့။ သာမန်ပြည်သူတစ်ယောက်အနေနဲ့ ပြတ်သားစွာ ဆောင်ရွက်ဖို့ကိုပဲ အဓိကထား တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ တပ်မတော်အနေနဲ့ ဘီလူးဆိုင်းတီးဖို့ကို တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
နိုင်ငံရေးမှာက သာမန်အတွေးနဲ့ လုပ်လို့မရဘဲ ရှုပ်ထွေး နက်နဲ ကောက်ကျစ် ယုတ်မာ လီဆည်မှုတွေ ရှိတဲ့ သဘောသဘာဝကိုလည်း သိတန်သ၍ သိထားပါတယ်။ အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာလိုသူ အာဏာပိုင်များ၊ ဖရဲသီးများကလည်း ရှိနေတဲ့အတွက်ကြောင့် နစကအစိုးရရဲ့ မူဝါဒတွေကို ဖော်ဆောင်ရာမှာ အားနည်းချက်တွေ၊ ချွတ်ယွင်းမှုတွေ ရှိနေတယ်လို့ ရိပ်စားမိတယ်။ အထူးအားဖြင့်တော့ ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာနေတဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ဟောင်း) ဦးစိုးထွဋ် ကို စောစောစီးစီး ထိန်းသိမ်းခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို စနစ်တကျ ကိုင်တွယ်နိုင်လိမ့်မယ်။ ဒါက သွားလေသူကို အပြစ်ဖို့ခြင်း မဟုတ်ပါဘူး။ ပြည်ထဲရေးဝန်ကြီး ဦးစိုးထွဋ် ရဲ့ လက်ထက်မှာ ရဲအရာရှိများဟာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ သွားတိုင်ရင် မတိုင်ဖို့ပြောတယ်။ သတင်းဌာနတွေကို ဆက်သွယ်ပြောကြားတာမျိုး မလုပ်ဖို့အထိ တားမြစ်ခဲ့မျိုးတွေ ရှိပါတယ်။ အကြမ်းဖက်နှိမ်နင်းရေးကို ပူးပေါင်းဆောင်ရွက်လိုတဲ့ ပြည်သူက သတင်းပေးရင်၊ သတင်းလာပေးတဲ့ ပြည်သူ ဘယ်သူ ဘယ်ဝါ ဆိုတာ အကြမ်းဖက်သမားများထံ ပြန်ပြီး သတင်းပေးခဲ့တဲ့အခြေအနေအထိ ဖြစ်ပါတယ်။
ဒါက နိုင်ငံတော်က ချမှတ်ထားတဲ့ အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးမှာ ပြည်သူပူးပေါင်းပါဝင် ဆောင်ရွက်မှုကို အဆင်မပြေဖြစ်အောင် လုပ်ဆောင်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ မှန်ကန်စွာ ပြန်လည်သုံးသပ်နိုင်စေဖို့ ဖြစ်ပါတယ်။ အခု ပြည်ထဲရေးဝန်ကြီးလည်း အပြောင်းအလဲ ဖြစ်ခဲ့ပါပြီ။ အားနည်းချက်၊ ချို့ယွင်းချက်၊ လစ်ဟာမှုတွေကို ရှုထောင့်စုံက စိစစ်ပြီး ပြင်ဆင်နိုင်မှသာလျှင် နိုင်ငံတော်ရဲ့ မူဝါဒများကို ဖော်ဆောင်ရာမှာ အောင်မြင်မှုရမှာ ဖြစ်ပါတယ်။
ဖြစ်ပေါ်နေတဲ့ အခြေအနေတစ်ရပ်ကို ဝေဖန်ပြောဆိုရတာ လွယ်သလောက် လက်တွေ့ဖော်ဆောင်ရာမှာ ခက်ခဲပါတယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းစေလိုမှုကို ရှေးရှုကြမယ်ဆိုရင်တော့ လုပ်ရကိုင်ရ အထိုက်အလျှောက် လွယ်ကူပါလိမ့်မယ်။ အခုအခြေအနေ ကိုယ့်လူ သူ့ဘက်သား အစိုးရယန္တရားအတွင်းမှာ ရှိနေသူတချို့ကပါ အကြမ်းဖက်လှုပ်ရှားကို အားပေးအားမြှောက် လုပ်နေတဲ့အခြေအနေမျိုးမှာ အကြမ်းဖက်နှိမ်နင်းရေးက ထင်သလောက် ခရီးမပေါက်ဘဲ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ ပိုမိုထိခိုက်နစ်နာခဲ့ရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။
အဓိက ပြဿနာက အကြမ်းဖက်လှုပ်ရှားနေတဲ့ အဖွဲ့များရဲ့ နောက်ကွယ်မှာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက ထောက်ပံ့ပေးထားတဲ့ အခြေအနေမျိုးမှာ အကြမ်းဖက်လှုပ်ရှားမှုဟာ အချိန်ကာလတစ်ခုအတွင်းမှာ အဆုံးသတ်သွားရမှာ ဖြစ်ပေမယ့် နောက်ကွယ်က ပံ့ပိုးမှုက စဉ်ဆက်မပြတ် ရှိနေတာ ဖြစ်တဲ့အတွက်ကြောင့် အကြမ်းဖက်လှုပ်ရှားမှုက အရှိန်အဟုန်မပျက် ရှိနေခဲ့ပါတယ်။ လုပ်ကြံသတ်ဖြတ်မှုတွေကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေခဲ့ပါတယ်။
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့ရဲ့ အဓိက မဟာမိတ်တွေကတော့ KNU, KIA ပဲလို့ တွက်ဆခဲ့မိပါတယ်။ ပဒက်တွေကို အကြမ်းဖက်သင်တန်းပေး၊ လက်နက်ခဲယမ်း ရောင်းချပေးတာ ဒီနှစ်ဖွဲ့အဓိကပါပဲ။ အခုတော့ တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ သရုပ်မှန် က ပိုပြီး ပေါ်လွင်လာခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၆/၂၀၂၃)မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တိုင်းရင်းသားလက်နက်ကိုင်တဖွဲ့ချင်းစီရဲ့ ရပ်တည်ချက် လုပ်ဆောင်ချက်တွေအပေါ်မှာ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ သုံးသပ်ချက်မှာလည်း "တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကို အကြောင်းပြု၍ နောက်ကွယ်တွင် အင်အားစုစည်းတည်ဆောက်ခြင်း၊ လက်နက်ခဲယမ်းမီးကျောက်များ အပြိုင်အဆိုင်တည်ဆောက်ထုတ်လုပ်ခြင်း၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များကို အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်သင်တန်း ပေးခြင်း၊ လက်နက်ခဲယမ်းမီးကျောက်များ ရောင်းချပေးခြင်း စသည်တို့ကို လုပ်ဆောင် လျက်ရှိပြီး ငြိမ်းချမ်းရေးအပေါ် အမြတ်ထုတ်လျက်ရှိသည်ကို တွေ့မြင်ရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတွင် တာဝန်ရှိသည့်အတွက် သောင်းကျန်းသူ ချေမှုန်းရေးကိုဖိဖိစီးစီးဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ နယ်မြေတည်ငြိမ်အေးချမ်းရေး နှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် မထိခိုက်ရေးတို့ အတွက်ကိုလည်း တပ်မတော်သားများအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်း၍စွမ်းစွမ်းတမံ ဆောင်ရွက်ပေးလျက်ရှိသည်ကို ပြောလိုပါကြောင်း။" ထည့်သွင်းပြောကြားသွားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
နိုင်ငံတော်အဆင့် တာဝန်ရှိသူများအနေနဲ့ ထောက်ထားသင့်တဲ့ အခြေအနေတွေ၊ နိုင်ငံတကာပယောဂတွေကို ထောက်ရှုပြီး လုပ်ဆောင်ရတဲ့အခြေအနေမျိုးအပေါ်မှာလည်း အတိုင်းအတာတစ်ခုအထိတော့ နားလည်ပါတယ်။ ပြန်လည်သုံးသပ်သင့်တဲ့ အခြေအနေတစ်ရပ်က ပြည်သူလူထု အတိဒုက္ခမရောက်စေလိုတဲ့အတွက် လက်နက်ကိုင်အဖွဲ့တွေကို လူရာသွင်းပြီး စားပွဲဝိုင်းမှာ ခေါ်ယူတွေ့ဆုံဆွေးနွေး၊ ငြိမ်းချမ်းရေးအတွက် ငွေကုန်ကြေးကျခံပြီး လုပ်ဆောင်ခဲ့သမျှဟာ သူတို့ရဲ့ သရုပ်မှန်ကို မြင်တွေ့လိုက်ရတဲ့အခါမှာ သဲထဲရေသွန် အဟောသိကံ ဖြစ်သွားရတာပါပဲ။
ဒီလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ဆိုသူတွေဟာ သူတို့အတွက် အကျိုးအမြတ်ရှိမယ်ဆိုရင် ဒေသခံပြည်သူလူထုကို စစ်ပွဲထဲ စွဲသွင်းဖို့လည်း ဝန်မလေးသလို၊ စစ်ဘေးစစ်ဒဏ်သင့် အတိဒုက္ခရောက်အောင် လုပ်ဖို့လည်း ဝန်မလေးဘူးဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ပြည်ပသြဇာခံ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေနဲ့ ပူးပေါင်းပြီး တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကို အတိဒုက္ခရောက်အောင် အလုံးစုံပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို ထောက်ရှုပြီး စဉ်းစားဆုံးဖြတ်မယ်ဆိုရင် တပ်မတော် အနေနဲ့ ပြတ်သားသင့်တဲ့ အခြေအနေတစ်ရပ်ကို ရောက်ပါပြီ။
ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်နေတဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ ဦးဆောင်တဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အမည်ခံပြီး တိုင်းရင်းသားပြည်သူလူထုကို အတိဒုက္ခရောက်အောင်လုပ်ဆောင်နေတဲ့ အကြမ်းဖက်သောင်းကျန်းသူများအပေါ် တပ်မတော်အနေနဲ့ ဘီလူဆိုင်းတီးရတော့မယ့် အချိန်ကို ရောက်ပါပြီ။
တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတစ်ယောက်အနေနဲ့ ဒီထက်ပိုပြီး တိုက်တွန်းပြောဆိုလို့လည်း မကောင်းပါဘူး။ စစ်ရေးဆိုင်ရာ ကိစ္စတွေဆိုတာ ကျွန်တော်တို့ သိထားတာထက် ပိုပြီး နက်နဲသလို အစိုးရအနေနဲ့ နိုင်ငံတော်ကို ထိန်းကျောင်းနေရတဲ့ လုပ်ငန်းစဉ်များမှာ အကြမ်းဖက်အားပေး ဝန်ထမ်းများကိုလည်း ထိန်းကျောင်းရသလို စစ်မျက်နှာပေါင်းစုံက တိုက်စစ်ဆင်လာတဲ့ အကြမ်းဖက်သောင်းကျန်းသူများကိုလည်း ရင်ဆိုင်နေရတဲ့ ကာလဖြစ်ပါတယ်။ အမေရိကန်ဦးဆောင်သော အနောက်အုပ်စုရဲ့ ပံ့ပိုးမှုနဲ့ ကြီးထွားလာတဲ့ အကြမ်းဖက်သောင်းကျန်းသူများကို ကိုင်တွယ်ရာမှ စနစ်တကျ ဗျူဟာမြောက် ကိုင်တွယ်မှသာ ဖြစ်မယ့်အတွက်ကြောင့် ဘီလူဆိုင်းတီးဖို့တော့ လိုပြီ။ ဘယ်လိုဘယ်ပုံ ဘီလူဆိုင်းတီးမလဲဆိုတာကိုတော့ နိုင်ငံတော်အကြီးအကဲများရဲ့ ဆုံးဖြတ်ချက်များကိုသာ လေ့လာစောင့်မျှော်လျက်ပါ။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment