နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တံတားဆက်ခြင်းအထိမ်းအမှတ် ရွှေမူလီတပ်ဆင်ခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တံတားဆက်ခြင်းအထိမ်းအမှတ် ရွှေမူလီတပ်ဆင်ခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်ချီးမြှင့်








MNP ၊ ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တံတားဆက်ခြင်း အထိမ်းအမှတ် ရွှေမူလီတပ်ဆင်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ရွှေမူလီကို တပ်ဆင်ပေးသည်။ 


အဆိုပါ ရွှေမူလီတပ်ဆင်ခြင်း မင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလွင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  ရွှေမူလီတပ်ဆင်ခြင်း မင်္ဂလာအခမ်းအနား ပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) အပိုင်းလိုက်တည်ဆောက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ထို့နောက် မင်္ဂလာအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပဲခူးမြစ်ကူးတံတား(သန်လျင် တံတားအမှတ်-၃) တံတားဆက်ခြင်းအထိမ်းအမှတ် ရွှေမူလီကို တပ်ဆင်ပေးပြီး အမွှေးနံ့သာရည်များ  ပက်ဖြန်းပေးသည်။


၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေး အင်ဂျင်နီယာအဖွဲ့အား သစ်သီးခြင်းလက်ဆောင်ကိုပေးအပ်ရာ တည်ဆောက်ရေးအင်ဂျင်နီယာအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ပဲခူးမြစ်ကူးတံတား(သန်လျင်တံတား အမှတ်-၃) တံတားဆက်ခြင်းအထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)ပေါ်တွင် လှည့်လည်၍ တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။ 


အဆိုပါ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် မြန်မာနိုင်ငံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ စီမံကိန်းအကောင်အထည်ဖော်ရေးသဘောတူညီချက်အရ ၂၀၁၃ ခုနှစ် မှစတင်၍ စီမံကိန်းလုပ်ငန်းအဆင့်အလိုက် အဆင့်ဆင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တံတားအရှည်အနေဖြင့် မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတားအပိုင်း ၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေရှိပြီး တံတားအကျယ် ၇၅ ပေဖြစ်ကြောင်း၊ ၄ လမ်းသွားတံတားဖြစ်ပြီး တစ်ဘက်လျှင် မော်တော်ဆိုင်ကယ်လမ်း ၅ ပေစီပါရှိကြောင်း၊ သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Box အမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း၊ ယခုအချိန်အထိ စီမံကိန်းလုပ်ငန်းအားလုံး၏ ၉၄ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပြီး ချဉ်းကပ်လမ်းနှင့် တံတားအပေါ် ကတ္တရာကွန်ကရစ်ခင်းခြင်း၊ တံတားလက်ရန်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ၊ Toll Plaza တည်ဆောက်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန်ကျန်ရှိမည်ဖြစ်ကြောင်း။


လုပ်ငန်းဆောင်ရွက်မှုများ ရာနှုန်းပြည့်ပြီးစီးသွားပါက သံလျင်တံတား အမှတ်-၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာမည်ဖြစ်ကြောင်း၊  သီလဝါအထူးစီးပွားရေးဇုန်နှင့် သန်လျင်ဒေသ ဖွံ့ဖြိုးတိုးတက်လာမည်သာမက အရှေ့- အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြု၍ ဘားအံ-မြဝတီအထိ ဆက်စပ်သွားလာနိုင်မည်ဖြစ်ပါသောကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြုမည်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်သွယ်မှုပိုမို ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ အဆင့်မြင့်နည်းပညာဖြင့် ဆောက်လုပ်ထားသည့် တံတားဖြစ်သည့်အတွက် မြန်မာအင်ဂျင်နီယာများအနေဖြင့် တံတားတည်ဆောက်ခြင်း ခေတ်မီနည်းပညာနှင့် အတွေ့အကြုံများရရှိနိုင်ပြီး ကျွမ်းကျင်လုပ်သားများလည်း ပေါ်ထွက်လာမည် ဖြစ်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိစေမည်ဖြစ်သည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)