နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး



MNP ၊ ဒီဇင်ဘာ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့က ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် စက်ရုံဧည့်ခန်းမဆောင်အတွင်း၌ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ညွှန်ကြားရေးမှူးချုပ်တို့က စက်ရုံသမိုင်း အကျဉ်း၊ စက်ရုံဆိုင်ရာ အချက်အလက်များနှင့် ဆက်စပ်လုပ်ငန်းများ၊ စက်ရုံလည်ပတ်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ စွမ်းအင်ကဏ္ဍတွင် ထူထောင်ထားပြီးဖြစ်သည့် အရင်းအမြစ်များကို အခြေခံ၍ နိုင်ငံတော်၏ စွမ်းအင်ဖူလုံစေရေးအတွက် ဆောင်ရွက်နေမှုအစီအမံများ၊ နိုင်ငံအတွင်းရှိ ရေနံချက်စက်ရုံများမှ ရေနံထုတ်လုပ်နိုင်မှု၊ ထုတ်လုပ်နေမှုနှင့် အဆင့်မြှင့်တင်ပြုပြင်မွမ်းမံနိုင်မှု အခြေအနေများ၊ ကုန်ကြမ်းရရှိနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံပြန်လည် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်သွားရန်လိုအပ်သည့် လုပ်ငန်းစဉ်များနှင့် အခြားဖြည့်ဆည်းပေးရန်လိုအပ်သည်များကို မေးမြန်းဆွေးနွေးပြီး ပြည်တွင်းစွမ်းအင်လိုအပ်ချက်အတွက် ပြည်ပမှတင်သွင်းပါကကုန်ကျမည့် ကုန်ကျစရိတ်နှင့် ပြည်တွင်းရှိ စက်ရုံများကို စွမ်းအားပြည့်ပြန်လည်လည်ပတ်ပြီး ပြည်တွင်းစွမ်းအင်လိုအပ်ချက်ကို ထုတ်လုပ်ပါက ကုန်ကျနိုင်မည့် ကုန်ကျစရိတ်တို့ကို တွက်ချက်စဉ်းစား ဆောင်ရွက်သွားရန် လိုကြောင်း၊ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)ကို မူလအခြေအနေအတိုင်း ပြန်လည်လည်ပတ် ထုတ်လုပ်နိုင်ရေးကို ကနဦးဆောင်ရွက်သွားရန်လိုပြီး နောက်ပိုင်း အဆင့်မြှင့်တင်နိုင်မည့် အခြေအနေများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းစွမ်းအင်လိုအပ်ချက်ကို အထောက်အကူပြုပေးနိုင်မည်ဖြစ်ပြီး အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အမြန်ဆုံးအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)၊ စက်ရုံဝန်းအတွင်းရှိ ရေနံချက်စက်ရုံ(ခ)၊ ချောဆီစက်ရုံ၊ ရေနံဓာတ်ငွေ့ရည်သိုလှောင်ကန်တို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေနံချက်စက်ရုံများအား အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်၍ ပြည်တွင်း စက်သုံးဆီ လိုအပ်ချက်အားတစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)မှ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)