MNP ၊ ဒီဇင်ဘာ ၁
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းက သထုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ပြင်ပ စာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး ဆွေးနွေးအမှာစကား ပြောကြားသည်။ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ Grade-11 ကျောင်းသူတစ်ဦးက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး Grade-10 နှင့် Grade -9 ကျောင်းသား၊ ကျောင်းသူ လေးဦးတို့ကလူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် လူမှုဆက်ဆံရေး၊ ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါဂေဟစနစ်ထိခိုက်မှု၊ လူငယ်နှင့်ပရဟိတ ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များတိုကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေ ဆွေးနွေးကြရာ အစီအစဉ်တင်ဆက်သူက ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။အဆိုပါအခမ်းအနားသို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း(သထုံ)မှ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment