၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းဆောင်ရွက်မည့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအတွက် လိုအပ်သည်များနှင့်ပတ်သက်၍ ကြိုတင်မျှော်တွေးစီစဉ်ဆောင်ရွက်ထားကြရန်လို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းဆောင်ရွက်မည့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအတွက် လိုအပ်သည်များနှင့်ပတ်သက်၍ ကြိုတင်မျှော်တွေးစီစဉ်ဆောင်ရွက်ထားကြရန်လို



MNP ၊ ဒီဇင်ဘာ ၂၉

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နေပြည်တော်၊ တိုင်းဒေသကြီး / ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအပါအဝင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက် / ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်သော်လည်း အချို့မြို့နယ်များ၌ဖွဲ့စည်းရန် အနည်းငယ်ကျန်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီများကိုလည်း ဆက်လက်ဖွဲ့စည်းဆောင်ရွက်၍ ကော်မတီအဆင့်ဆင့်က အချင်းချင်းညှိနှိုင်းပေါင်းစပ်ကာ လုပ်ငန်းများလျာထားချက်အတိုင်း ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းမေးခွန်းပုံစံနှင့် ပတ်သက်၍ မေးခွန်း ၆၈ ခုပါဝင်သည့် အိမ်ထောင်စုမေးခွန်းပုံစံနှင့် မေးခွန်း ၁၈ ခုပါဝင်သည့် အဖွဲ့အစည်းမေးခွန်းပုံစံများကို စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမေးမြန်းကောက်ယူခဲ့ပြီး ဖြစ်ပါကြောင်း။

စမ်းသပ်သန်းခေါင်စာရင်းကို ရွေးချယ်သတ်မှတ်ထားသည့် မြို့နယ် ၂၀ မှ စာရင်း ကောက်ကွက် ၁၀၀ ၌ Mobile Tablet များဖြင့် မိမိတို့ဌာနဝန်ထမ်းများက သက်ဆိုင်ရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းက ကောက်ယူခဲ့ရာ ရာနှုန်းပြည့်အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ပါကြောင်း၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီများအနေဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ဆောင်ရွက်မည့် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအတွက် လိုအပ်သည့်အုပ်ချုပ်မှုကိစ္စများ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ စာရင်းစစ်စာရင်းကောက်များ ရွေးချယ်ခန့်ထားနိုင်ရေးနှင့် သန်းခေါင်စာရင်းသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ အသုံးပြုမည့် ပစ္စည်းကိရိယာများကို သက်ဆိုင်ရာဒေသသို့ အချိန်မီပေးပို့နိုင်ရေး၊ ပြည်သူလူထုအသိပညာပေးရေး စသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ကြိုတင်မျှော်တွေး စီစဉ်ဆောင်ရွက်ထားကြရန်လိုအပ်ပါကြောင်း၊ ယခုပြည်လုံးကျွတ် သန်းခေါင်စာရင်းကို နိုင်ငံတကာအကူအညီမပါရှိဘဲ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် မိမိတို့ပြည်တွင်းအင်အားဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်သည့်အပြင် ရရှိလာမည့်သန်းခေါင်စာရင်း အချက်အလက်များကို မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သည့် လူဦးရေစာရင်းများနှင့် နှိုင်းယှဉ်တိုက်ဆိုင်ကာ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာတွင် အထောက်အကူဖြစ်စေရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည့်အတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လက်ရှိအခြေအနေအရ ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများ၊ တွေ့ကြုံနိုင်သည့် အခက်အခဲများကို ဝိုင်းဝန်းအဖြေရှာ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းသုံးသပ်ဆွေးနွေးပေးကြရန်နှင့် လုပ်ငန်းများအောင်မြင်ရေးအတွက် တတ်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်အတွင်းရေးမှူး (၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်က ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းနှင့်ပတ်သက်၍ လက်ရှိ ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ အတွင်းရေးမှူး(၂) ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က သန်းခေါင်စာရင်း အချက်အလက်များ လုံခြုံမှုရှိစေရေးအတွက် ဆောင်ရွက်သွားမည့်အစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဗဟိုသန်းခေါင်စာရင်းကော်မရှင် အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များက သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အောင်မြင်ရေးအတွက် ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စာရင်းစစ်စာရင်းကောက်များဖွဲ့စည်းမှု၊ သင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့် ပြည်သူအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေ အနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။

ထို့နောက် ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆွေးနွေး ဖြည့်စွက်ရှင်းလင်း ပြောကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)