MNP ၊ ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့ရှိ ရွှေသောင်ယံကမ်းခြေသို့ နိုဝင်ဘာလတစ်လတာ ကာလအတွင်း ခရီးသွားဧည့်သည် ၂၇၅၅၀ ဦး လာရောက်လည်ပတ်ခဲ့ကြောင်း ရွှေသောင်ယံကမ်းခြေ ခရီးသွားလုပ်ငန်းအသင်း ခရီးသွားတာဝန်ခံ ဒေါ်ချယ်ရီမြင့်၏ ပြောဆိုချက်အရ သိရသည်။
ရွှေသောင်ယံကမ်းခြေသို့ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ခရီးသွားဧည့်သည် ၁၉၅၅၅ ဦးသာ လာရောက်လည်ပတ်ခဲ့သော်လည်း နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာကာလအတွင်း ခရီးသွားဧည့်သည် ၂၇၅၅၀ ဦး လာရောက်လည်ပတ်ခဲ့သည်။
နိုဝင်ဘာလတစ်လတာကာလအတွင်း ခရီးသွားဧည့်သည် ၂၇၅၅၀ ဦး လာရောက်လည်ပတ်ခဲ့ပါတယ်။ နေ့ချင်းပြန်လာရောက်ကြတဲ့ဧည့်သည်က ပိုများပါတယ်။ နိုဝင်ဘာလအတွင်း ရွှေသောင်ယံကမ်းခြေကိုလာတဲ့ ခရီးသွားဧည့်သည်တွေထဲမှာ ပြည်တွင်းခရီးသွားတွေအပြင် ပြည်ပခရီးသွားတွေပါ လာရောက်ခဲ့ပါတယ်ဟု ဒေါ်ချယ်ရီမြင့်ကပြောသည်။
ရွှေသောင်ယံကမ်းခြေ၌ ရွှေသောင်ယံဟိုတယ်နှင့် Lai Lai ဟိုတယ်အပါအဝင် ဟိုတယ်နှင့်တည်းခိုရိပ်သာ စုစုပေါင်း ၂၀ ကျော် ဖွင့်လှစ်ထားပြီး ကမ်းခြေ၌ ပင်လယ်စာအမျိုးမျိုး၊ လက်ဆောင်ပစ္စည်းအမျိုးမျိုး၊ စက်ဘီးငှားလုပ်ငန်း၊ မော်တော်ဘုတ်ငှားလုပ်ငန်း၊ မြင်းငှားလုပ်ငန်း စသည့်လုပ်ငန်းများဖြင့် ခရီးသွားများကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
သုတကျော်
https://t.me/MyanmarNationalPost

No comments:
Post a Comment