ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက် မြင့်မားရေး ဒုတိယအကြိမ် TOT သင်တန်းဖွင့်ပွဲနှင့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ဘောလုံးကွင်း Auto ရေဖျန်းစနစ်ဖွင့်ပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက် မြင့်မားရေး ဒုတိယအကြိမ် TOT သင်တန်းဖွင့်ပွဲနှင့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ဘောလုံးကွင်း Auto ရေဖျန်းစနစ်ဖွင့်ပွဲသို့ တက်ရောက်

 





MNP ၊ဒီဇင်ဘာ ၁၇

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်းတန်း Grade-12 အောင်ချက်မြင့်မားရေးအတွက် ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်များနှင့် အထက်တန်းပြဆရာ၊ ဆရာမများအား ဒုတိယအကြိမ်အဖြစ် TOT သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ (၁၇) ရက် နံနက် (၉) နာရီက မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့အနေဖြင့် ပြည်နယ်၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးနှင့် ပညာရည်ပြည့်ဝသော လူငယ်/လူရွယ်များ မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း Grade -12 (စနစ်သစ်) အောင်ချက်မြင့်မားရေးအတွက် ပညာရေးမြှင့်တင်မှု ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအသီးသီးတို့ကို ဖွဲ့စည်းပြီး Grade-12 ကျောင်းသား/ကျောင်းသူများ၏ သင်ကြားရေး၊ အနီးကပ်စခန်းသွင်းလေ့ကျင့်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး စသည့်လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ယနေ့ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဦးဆောင်ပြီး ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများက သက်ဆိုင်ရာဘာသာရပ်အလိုက် အမှတ်ပေးစည်းမျဉ်းနှင့်အညီ မေးခွန်းဖြေဆိုနည်း၊ သင်ကြားနည်းများကို ဂရုတစိုက်မှတ်သားလိုက်နာပြီး ကျောင်းသား/ကျောင်းသူများအား အပြည့်အဝ ပြန်လည်သင်ကြားပေးကြရန် အထူးမှာကြားလိုပါကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင် ချက်မြင့်မားရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က အထူးအလေးအနက်ထား ဆောင်ရွက်နေသကဲ့သို့ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူများ ဘက်ကလည်း ကြိုးပမ်းအားထုတ်ကြရန် အထူးမှာကြားလိုပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် Grade-12 သင်ခန်းစာများ ဆွေးနွေးပို့ချပေးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် သင်ခန်းစာများ လေ့ကျင့်ပို့ချ ဆွေးနွေးပေးကြမည့် မြစ်ကြီးနားတက္ကသိုလ်မှ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေကျပ်သိန်း (၂၀) အား ပါမောက္ခချုပ်ထံ လည်းကောင်းနှင့် သင်တန်းအား ရပ်ဝေးမှ မွမ်းမံသင်တန်းတက်ရောက်လာ သည့် ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေကျပ်သိန်း (၃၀) အား ပြည်နယ်ပညာရေးမှူးထံလည်း ကောင်း အသီးသီးထောက်ပံ့ပေးအပ်ပြီး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။

အလားတူ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အဆိုပါ အထက်တန်းကျောင်းရှေ့ ဆမားလမ်းမပေါ်တွင် ဘင်ခရာအဖွဲ့နှင့်အတူ နေပြည်တော်တွင် ကျင်းပပြု လုပ်သည့် အခြေခံပညာကျောင်းသားအားကစားပွဲတော်မှ ရွှေ (၃) ခု၊ ငွေ (၄) ခု၊ ကြေး (၃) ခု စုစုပေါင်း ဆုတံဆိပ် (၁၀) ခုရယူပြီး တစ်နိုင်ငံလုံးတွင် စတုတ္ထအဆင့် ရရှိခဲ့ကာ ကချင်ပြည်နယ်သို့ ပြန်လည် ရောက်ရှိလာသော ပြည်နယ်ကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့ အုပ်ချုပ်၊ နည်းပြနှင့် ကျောင်း သား/ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာ ဂုဏ်ပြုကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ဒီဇင်ဘာ (၁၆) ရက် ညနေ (၃) နာရီက ပြည်နယ်ဘောလုံးကွင်းအတွင်း ကျင်းပပြုလုပ်သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘောလုံးကွင်း Auto ရေဖျန်းစနစ်ဖွင့်ပွဲ အခမ်းအနားနှင့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲသို့ တက်ရောက်သည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အခြေခံကျသည့် အားကစားကွင်း၊ အားကစားရုံများ အသစ်တည် ဆောက်ပေးခြင်း၊ ပြုပြင်မွမ်းမံခြင်းများကို ဘဏ္ဍာနှစ်အလိုက် ဦးစားပေးလုပ်ငန်းအဖြစ် ခွင့်ပြုချထား ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ ဖွင့်လှစ်သည့် Auto ရေဖျန်းစနစ်သည်လည်း ပြည်နယ်အားကစားကွင်း စိမ်းလမ်းစိုပြေ‌ရေးအတွက်သာမက ပြည်နယ်တစ်ခု၏ အဆင့်အတန်းနှင့် လျော်ညီစွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် ပြည်နယ်အတွင်းရှိ လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး၊ ဗလငါးတန်နှင့် ပြည့်စုံသော၊ စွမ်းရည်ပြည့်ဝသော လူငယ်များစွာပေါ် ထွန်းလာမည်ဟု အခိုင်အမာယုံကြည်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၈၈ ဒဿမ (၆၅၀) သန်းဖြင့် ဘောလုံးကွင်းအတွင်း 20 HP (၂)လုံးဖြင့် Sprinkler ၂၄ လုံးတပ်ဆင်ထား သည့် Auto ရေဖျန်းစနစ်အား တာဝန်ယူဆောင်ရွက်သည့် ဧရာဝတီကြယ်စင်နတ်သမီးကုမ္ပဏီမှ တာဝန်ရှိသူက ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးထံ ရေဖျန်းစနစ်လုပ်ငန်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်း များကို လွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ ဘောလုံးကွင်း Auto ရေဖျန်းစနစ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး၊ ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

ယင်းနောက် ကချင်ပြည်နယ် Old Star ဘောလုံးအသင်းနှင့် တရား၊ ဥပဒေ၊ ရှေ့နေ ပူးပေါင်းဘောလုံးအသင်းတို့၏ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပပြုလုပ်မှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)