NLD ပါတီကို မေ့ပစ်လိုက်ပါပြီ (NLD ပါတီဝင်ဟောင်းတစ်ဦး ၏ အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD ပါတီကို မေ့ပစ်လိုက်ပါပြီ (NLD ပါတီဝင်ဟောင်းတစ်ဦး ၏ အိတ်ဖွင့်ပေးစာ)



မြန်မာနေရှင်နယ်ပို့စ်မှ ဖော်ပြပေးနိုင်ပါရန် ရေးသားပေးပို့လိုက်ရပါသည်။

ကိုနောင်တော်လေး ခင်ဗျာ -

ခင်ဗျားကိုလည်း ကျွန်တော်သိသလို ကျွန်တော့်ကိုလည်း ခင်ဗျားသိမှာပါ။ သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးလိုက်တဲ့ အချိန်မှာ ခင်ဗျားနဲ့ ကျွန်တော် NLD ရုံးချုပ်ရှေ့ကို အတူသွားခဲ့ကြဖူးတယ်။ ခင်ဗျားရေးတဲ့ ဘလော့မှာ ကျွန်တော် စာတွေ ဝင်ရေးခဲ့ဖူးတယ်။ 

ခင်ဗျားက NLD ပါတီကို ဝင်ဖို့ ကျွန်တော့်ကို စည်းရုံးတော့ ကျွန်တော့်မှာ နောက်ဆန်တင်းစရာတွေနဲ့မို့ ငြင်းဆိုခဲ့တယ်။ ခင်ဗျား ပါတီဝင်ဖြစ်လား မဝင်ဖြစ်လားတော့ ကျွန်တော်လည်း မသိတော့ဘူး။ ကျွန်တော်ကို ခင်ဗျားစည်းရုံးတဲ့ အချိန်မှာ မဝင်ဖြစ်ခဲ့ပေမယ့် 2012 ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး အမေစုလွှတ်တော်ထဲ ရောက်သွားပြီးတဲ့အချိန်မှာ ကျွန်တော် ပါတီထဲကို ဝင်ခဲ့တယ်။ ကိုယ့်မြို့နယ်ကနေပဲ ဝင်ဖြစ်ခဲ့ပါတယ်။ ခင်ဗျားက ကျွန်တော့်ထက်ပိုပြီး NLD ကို ထောက်ခံအားပေးခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ခင်ဗျားက အမျိုးသားရေးလှုပ်ရှားမှုတွေ လုပ်နေတာတွေ့တော့ ကျွန်တော် အံ့သြမိတယ်။ ဘာကြောင့် NLD ဆန့်ကျင်ရေးတွေ လုပ်နေသလဲ ဆိုတာ စဉ်းစားမရခဲ့ဘူး။

ကျွန်တော့်အနေနဲ့တော့ NLD ပါတီဝင်တစ်ဦးအနေနဲ့ NLD အောင်နိုင်ရေး တတ်အားသ၍ ပါဝင်ဆောင်ရွက်ပေးခဲ့တယ်။ နိုင်ငံရေးမှာ ကျွန်တော်တို့က ထင်ပေါ်သူတွေမဟုတ်ပေမယ့် NLD ကိုပဲ ထောက်ခံအားပေးခဲ့တယ်။ NLD ကသာ တိုင်းပြည်ကို အပြောင်းအလဲ လုပ်နိုင်လိမ့်မယ်၊ အမေစု တိုင်းပြည်ကို ဦးဆောင်မှသာ တိုးတက်လိမ့်မယ်လို့ ယုံကြည်တယ်။

2020 ရွေးကောက်ပွဲ ကာလ မဲမသာမှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေ ဖြစ်လာတော့ ပြဿနာတော့ တက်ပြီလို့ တွေးမိတယ်။ ကျွန်တော်တို့ကိုယ်တိုင် အောင်နိုင်ရေးမှာ ပါဝင်ဆောင်ရွက်ခဲ့ကြတာဆိုတော့ မဲမသမာမှုဖြစ်စဉ်တချို့နဲ့ ပတ်သက်ပြီး ကိုယ်တိုင်လည်း သိခဲ့တယ်။ သို့ပေသော် NLD နိုင်မှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ပဲ မဲမသမာမှုတွေအပေါ် ဆန္ဒပြကန့်ကွက်နေတဲ့ သူတွေကို ဆဲရေးတိုင်းထွာပြုမိတယ်။ မဲမသမာမှုနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေအပေါ် NLD က တစ်နည်းနည်းနဲ့ ဖြေရှင်းလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ဖြေရှင်းခဲ့ခြင်း မရှိဘဲ တပ်မတော်က အာဏာသိမ်းတဲ့ အခြေအနေမျိုးအထိ ရောက်သွားခဲ့တယ်။

အစောပိုင်းတော့ NLD ကို ထောက်ခံအားပေးသူတစ်ယောက်အနေနဲ့ ဆန္ဒပြပွဲတွေမှာ လိုက်ပါခဲ့သေးတယ်။ တဖြည်းဖြည်းနဲ့ ဆန္ဒပြမှုတွေကနေ လမ်းတွေပိတ်၊ အကြမ်းဖက်လုပ်ရပ်တွေပေါ်လာတော့ ကျွန်တော့်ကို အိမ်ကလည်း တားတယ်။ ကိုယ်တိုင်လည်း ရှေ့ဆက်တိုးဖို့ မဖြစ်နိုင်တော့ဘူးလို့ ယူဆတဲ့အတွက် နောက်ဆုတ်ခဲ့တယ်။ ကျွန်တော့်ကို KNU နယ်မြေမှာ လက်နက်ကိုင်သင်တန်း လိုက်တက်ဖို့ စည်းရုံးသေးတယ်။ ကျွန်တော် လိုက်ပါမသွားခဲ့ဘူး။ လိုက်ပါသွားခဲ့မိရင် ကျွန်တော်လည်း အခုလောက်ဆို အကြမ်းဖက်သမား ဖြစ်နေပြီ။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအပေါ်မှာ NLD ပါတီကို ဝန်းရံထောက်ခံ အားပေးခဲ့သူတစ်ဦးအနေနဲ့ ဘယ်လိုမှ လက်ခံနိုင်တဲ့ အခြေအနေမျိုးမရှိဘူး။ NLD ဦးဆောင်သူတွေအနေနဲ့ အခုလို တိုင်းပြည်နဲ့ လူမျိုး အတိဒုက္ခရောက်အောင် လုပ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး။ သူတို့တွေကြတော့ ပြည်ပကို ထွက်ပြေးတယ်။ ပြည်တွင်းမှာ ရှိနေတဲ့ NLD လူငယ်တွေကို အကြမ်းဖက်သမားများအဖြစ် အသုံးချနေကြတယ်။ 

NLD ဦးဆောင်သူတွေဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုတဲ့ စကားလုံးတွေကို အာဘောင်အာရင်းသန်သန် ပြောခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကျွန်တော် ဉာဏ်မီသလောက် လေ့လာကြည့်တော့ ဒီမိုကရေစီစံနှုန်းတွေမှာ အကြမ်းဖက်ရမယ်လို့ မရှိပါဘူး။ ငါတို့ကို ထောက်ခံအားပေးခြင်းမရှိတဲ့သူ မှန်သမျှကို သတ်ရမယ်လို့ ဒီမိုကရေစီစံနှုန်းထဲမှာ မတွေ့ရပါဘူး။ အခု NLD ကို အားပေးထောက်ခံခဲ့တဲ့ ကျွန်တော့်လို လူငယ်တွေဟာ KIA, KNU ထံမှာ အကြမ်းဖက်သင်တန်း တက်ခဲ့ကြတယ်။ ကိုယ့်ရပ် ကိုယ့်ရွာ ပြန်လာပြီး USDP ပါတီဝင်တွေကိုလည်း သတ်တယ်။ သံဃာတော်တွေလည်း သတ်တယ်။ ဆရာ/ဆရာမတွေလည်း သတ်တယ်။ စာသင်ကျောင်းတွေကိုလည်း ဗုံးခွဲတိုက်ခိုက်၊ မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ကြတယ်။ ဒီလို လုပ်ရပ်တွေကို ကျွန်တော့်အနေနဲ့ ဘယ်လိုမှ လက်ခံလို့ မရဘူး။

ကျွန်တော်တို့ NLD တွေဟာ ဒီမိုကရေစီအရည်ခြုံ အကြမ်းဖက်ဝါဒီတွေ ဖြစ်နေကြပြီ။ လူ့အခွင့်အရေး ဆိုတဲ့ စကားကို အာဘောင်အာရင်းသန်သန် ပြောခဲ့ကြပြီး သူတပါး အခွင့်အရေးကို နားလည်နိုင်စွမ်းမရှိတော့တဲ့ အာဏာရူးအဆင့်ကနေ တိုင်းပြည်အလုံးစုံပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်နေပြီ။ အကြမ်းဖက်လှုံ့ဆော်နေကြတဲ့ NLD ဦးဆောင်သူတွေနဲ့ အကြမ်းဖက်သမားဖြစ်နေကြတဲ့ NLD ကို ထောက်ခံအားပေးသူတွေမှာ လူသားချင်းစာနာထောက်ထားဖို့ မရှိတော့သလို မြင်တွေ့လာရတယ်။

တကယ်ပါဗျာ - ကျွန်တော်တို့ NLD ဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် အခုလောက်ထိ ရက်စက်ယုတ်မာလိမ့်မယ်လိမ့်မယ်လို့ မတွေးခဲ့ရိုး အမှန်ပါ။ တပ်မတော် အာဏာသိမ်းသော်မှ တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည် တည်ငြိမ်အေးချမ်းတဲ့ အခြေအနေကို ပြန်လည်ရောက်ရှိပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိဖို့ တွက်ဆ မျှော်လင့်ခဲ့ပါတယ်။ အခု ၃နှစ် ရှိပြီ။ အကြမ်းဖက်လှုံ့ဆော်သူတွေ ကလည်း အားကောင်းမောင်းသန် လှုံ့ဆော်နေကြတယ်။ အကြမ်းဖက်လုပ်ရပ်တွေကိုလည်း နေ့စဉ်နေ့တိုင်း ကျူးလွန်နေကြတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း ပြည်ပကို ထွက်ပြေးသွားသူတွေနဲ့ ဘယ်လို သဘောတူညီတွေ ရထားသလဲတော့ မပြောတတ်ဘူး။ အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်လာကြတယ်။ 

နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျွန်တော့်ရဲ့ တွက်ဆမှုတွေဟာ တတ်တတ်ဆင်အောင် လွဲမှားတယ်။ ကျွန်တော် အားပေးထောက်ခံခဲ့တဲ့ ပုဂ္ဂိုလ်တွေက ပြည်သူလူထု အတိဒုက္ခရောက်အောင် နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေတာတွေကို မြင်တွေ့လာရတယ်။ သူတို့ရဲ့ အတ္တ၊ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူလူထုကို ငဲ့ညှာထောက်ထားခြင်း မရှိဘူးဆိုတာကို ထင်ရှားစွာ တွေ့မြင်လိုက်ရပါတယ်။ လူငယ်တွေကို မျှော်လင့်ချက်အမှားတွေပေးပြီး အကြမ်းဖက်သမားအဖြစ် အသုံးချနေတဲ့ အပေါ်မှာ ပိုပြီး ရွံမုန်းမိတယ်။ တော်ပါပြီဗျာ။ နိုင်ငံရေးသမားဆိုတာ ကြောက်စရာကောင်းတယ်ဆိုတဲ့ စကားကို အခု လက်တွေ့ကျကျ တွေ့မြင်လိုက်ရတာပဲ။ 

ကျွန်တော်ကတော့ ကြေညာမောင်းခတ်လိုက်ချင်တယ်ဗျာ -

ကျွန်တော် NLD ပါတီဆိုတာ ရှိလည်း မရှိတော့ပါဘူး။ NLD ပါတီဆိုတာကိုလည်း မေ့ပစ်လိုက်ပါပြီ။ တိုင်းပြည်မှာ NLD လို ပါတီမျိုး နောက်နောင် မပေါ်ပေါက်လာပါစေနဲ့လို့လည်း ဆုတောင်းမိတယ်။ ကိုယ့်ပြည်သူ အချင်းချင်း သံဃာတော်၊ ဆရာ/ဆရာမများကိုပင် မလွတ်မပေးဘဲ ရက်စက်ယုတ်မာနေကြသော NLD ကို ထောက်ခံအားပေးရင်းက အကြမ်းဖက်သမားဖြစ်သွားကြသည့် လူငယ်များ အနေဖြင့်လည်း အကြမ်းဖက်လုပ်ရပ်တွေကို စွန့်လွှတ်ကြပါတော့။ ရက်စက်ယုတ်မာ ရိုင်းစိုင်းလွန်းတဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်ကြပါတော့လို့ မေတ္တာရပ်ခံပါရစေ။ 


(နာမည် အတိအကျနဲ့ ရေးရင် ဒလန်ဆိုပြီး လာသတ်နေမှာစိုးလို့ နာမည်ကို ဖော်ပြခြင်း မပြုဖို့ မေတ္တာရပ်ခံပါတယ်။)

NLD ပါတီဝင်တစ်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)