စက်သုံးဆီအရောင်းဆိုင် ၁၆ဆိုင်သည် စက်သုံးဆီရှိလျက် ရောင်းချမပေးခြင်း၊ ခွင့်ပြုချက်မရဘဲ ဆီသယ်ယာဉ် (Bowser) ဖြင့် အခြားနေရာများသို့ သယ်ယူပို့ဆောင်ခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့် အမှုဖွင့် အရေးယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက်သုံးဆီအရောင်းဆိုင် ၁၆ဆိုင်သည် စက်သုံးဆီရှိလျက် ရောင်းချမပေးခြင်း၊ ခွင့်ပြုချက်မရဘဲ ဆီသယ်ယာဉ် (Bowser) ဖြင့် အခြားနေရာများသို့ သယ်ယူပို့ဆောင်ခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့် အမှုဖွင့် အရေးယူ






MNP ၊ ဒီဇင်ဘာ ၂၂

အများပြည်သူများအနေဖြင့် မကြာမီ စက်သုံးဆီပြတ်လပ်မည်ဆိုသည့် လူမှုကွန်ရက်များတွင် လတ်တလောဖြစ်ပေါ်နေသည့် ကောလာဟလသတင်းများကြောင့် စိုးရိမ်ပူပန်မှုဖြင့် ပုံမှန်သုံးစွဲမှုပမာဏထက် ပိုမိုဝယ်ယူကြခြင်း၊ မတော်လောဘဖြင့် စက်သုံးဆီအရောင်းဆိုင်များတွင် အခေါက်ခေါက်အခါခါတန်းစီ၍ ထုတ်ယူပြီး တစ်ဆင့်ပြန်လည်ရောင်းချခြင်းများကြောင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ဖြည့်တင်းပေးနိုင်မှုစွမ်းအား ကျော်လွန်သည်အထိ စက်သုံးဆီများကို ဝယ်ယူလျက်ရှိရာ အရောင်းဆိုင်များတွင် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရန်အတွက် စက်သုံးဆီများကို အဆက်မပြတ် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည့်အပြင် စက်သုံးဆီအရောင်းဆိုင်များတွင် အကြိမ်ကြိမ်တန်းစီဝယ်ယူကာ တစ်ဆင့်ပြန်လည်ရောင်းချမှုများနှင့် တရားမဝင်သိုလှောင်ရောင်းချခြင်းများနှင့် ဆီတင်ယာဉ်ဖြင့် တရားမဝင်သယ်ယူပို့ဆောင်ခြင်းများအား တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များ ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းဖွဲ့များဖြင့် စစ်ဆေးဖော်ထုတ်ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

၅-၁၀-၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ရန်လင်းအောင်ကားဂိတ်တွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် တရားမဝင်ချက်ဆီ ၄၅ ဂါလန်ဆံ့ ပီပါ ၈၄ လုံး ဂါလန် ၃၇၈၀ ခန့်အားလည်းကောင်း၊ ၈-၁၀-၂၀၂၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အတွင်း မော်တော်ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် တရားမဝင်ချက်ဆီ ၃၅ ဂါလန်ဆံ့ ပီပါ ၆၅ လုံး ၂၂၇၅ ဂါလန်ခန့်အားလည်းကောင်း၊ ၂၄-၁၀-၂၀၂၃ ရက်နေ့တွင် မုံရွာမြို့ကမ်းနားလမ်းဘေးရှိ ရပ်ကွက်ရုံးရှေ့ရှိ သုံးဘီးဆိုင်ကယ် နှစ်စီးပေါ်တွင် သယ်ဆောင်လာသည့် တရားမဝင်ချက်ဆီ ၄၅ ဂါလန်ဆံ့ ပီပါ ၈၄ လုံး ဂါလန် ၃၇၈၀ ခန့်အားလည်းကောင်း၊ ၁-၁၁-၂၀၂၃ ရက်နေ့တွင် မုံရွာမြို့၊ မန်းကျည်းပင်ဈေး ကျောက္ကာလမ်းပေါ်တွင် သုံးဘီးဆိုင်ကယ်တစ်စီးပေါ်တွင် သယ်ဆောင်လာသည့် တရားမဝင်ချက်ဆီ ၃၅ ဂါလန်ဆံ့ ပီပါ ၁၄လုံး ဂါလန် ၄၉၀ ခန့်အားလည်းကောင်း၊ ၃၀-၁၁-၂၀၂၃ ရက်နေ့တွင် မုံရွာမြို့ ကွေ့ကြီးရပ်ကွက် ကမ်းနားလမ်းတွင် ပိုင်ရှင်မဲ့ချက်ဆီပီပါ အလုံး ၂၀ ဂါလန် ၇၀၀ ခန့်အား လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

၁၂-၁၂-၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး မန္တလေး-စဉ့်ကူးလမ်းပိုင်း မိုင်တိုင် အမှတ် ၄၅/၃ တွင် စက်သုံးဆီ တရားမဝင်သယ်ဆောင်လာသည့် ဆီတင်ယာဉ် Bowser လေးစီးအား စက်သုံးဆီ ၃၆၈၇၇ ဂါလန်ဖြင့်လည်းကောင်း၊ ၁၃-၁၂-၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မြစ်ငယ်တံတားအနီးတွင် တရားမဝင်ချက်ဆီ ဂါလန် ၆၀၀၀ သယ်ဆောင်လာသည့် ဆီသယ်ယာဉ်တစ်စီးအားလည်းကောင်း၊ ၁၄-၁၂- ၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဖရဲကျွန်းကျေးရွာမိုင်တိုင်အမှတ် ၃၅၈ မိုင်၊ ၄ ဖာလုံရှိ ခြံဝင်းအတွင်း၌ တရားမဝင်မြေအောက် သိုလှောင်ကန်ဖြင့် သိုလှောင်ထားသည့် စက်သုံးဆီ ၃၃၈၆ ဂါလန်အားလည်းကောင်း၊ ၁၄-၁၂-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် Denko စက်သုံးဆီ အရောင်းဆိုင်တွင် နှစ်ကြိမ် တန်းစီဝယ်ယူသည့် မော်တော်ယာဉ်တစ်စီးအား ယာဉ်၏နောက်ခန်းတွင် မောင်းဆီတိုင်ကီနှင့် ပိုက်သွယ်တန်းထားသော ဂါလန် ၁၅၀ ဆံ့ ပလတ်စတစ်ပီပါတစ်လုံး၊ ဂါလန် ၅၀ ဆံ့ သံပီပါ ခြောက်လုံး၊ ပလတ်စတစ်ပီပါ တစ်လုံးဖြင့်လည်းကောင်း၊ ၁၅-၁၂-၂၀၂၃ ရက်နေ့တွင် သာကေတမြို့နယ် ၁/အနော်မာရပ်ကွက် ဧရာဝဏ်လမ်း ကျောက်တိုင်မှတ်တိုင်အနီးတွင် အရောင်းဆိုင်များမှ တန်းစီဝယ်ယူပြီး တစ်ဆင့်ပြန်လည်ရောင်းချနေသည့် မော်တော်ယာဉ်တစ်စီးနှင့် ၎င်းယာဉ်ပေါ်တွင်ပါရှိသည့် တစ်ပီပါလျှင် ဂါလန် ၅၀ ဆံ့ ဒီဇယ်ဆီပီပါ ၁၀ လုံးအားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

၁၆-၁၂-၂၀၂၃ ရက် နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်၊ ဒဂုံ-သီလဝါလမ်းမကြီးဘေးရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ တရားမဝင်သိုလှောင်ထားရှိသည့် စက်သုံးဆီ ၄၈ ဂါလန်ဆံ့ သံပီပါသုံးလုံး၊ ပါဝါဆီ အဖြူ၊ ဂါလန် ၃၀ ပါ သံပီပါတစ်လုံး၊ ပါဝါဆီအဝါ ၁၅ ဂါလန် ပါသံပီပါတစ်လုံး၊ စက်ဆီ၊ချောဆီ ၄၈ ဂါလန်ဆံ့ သံပီပါနှစ်လုံး၊ ဆီမဲအပျက် ၄၅ ဂါလန်ပါ သံပီပါ နှစ်လုံးနှင့် ၁၅ ဂါလန်ပါသံပီပါတစ်လုံးနှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ၁၈-၁၂-၂၀၂၃ ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး မျိုးမြင့်ဦးစီးအဖွဲ့သည် မှော်ဘီမြို့နယ် လိပ်ပုတ်ကျေးရွာရှိ ခြံတစ်ခြံတွင် တရားမဝင် စက်သုံးဆီသိုလှောင်ရောင်းချနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ ဂါလန် ၈၀၀ ဆံ့ သိုလှောင်ကန် ၁၄ ကန်နှင့် ဒီဇယ်ဆီ ဂါလန် ၇၂၀၊ ဂါလန် ၈၀၀ ဆံ့ အဖြူရောင် Bowser အခွံ နှစ်စီး၊ ဂါလန် ၈၀၀ ဆံ့ ဆီ Bowser ပုံစံဆီတိုင်ကီ အခွံနှစ်လုံးတို့အား ပိုင်ရှင်နှင့်အတူ ဖမ်းဆီးရမိပြီး ဆက်လက်စစ်ဆေးဖော်ထုတ်ခဲ့ရာခြံအမှတ် (၅၆၀) အတွင်းမှ ဆီ Bowser ပုံစံ (ဆလင်ဒါသံကန်) ဆီသိုလှောင်ကန် ၁၁ ကန်နှင့် ဒီဇယ်ဆီ ၆၈၅၇ ဂါလန်၊ 92 Ron ဂါလန် ၂၇၅၀ ပါသည့် ပီပါ ၅၅ လုံးနှင့် ပီပါအခွံ ၁၆ လုံး၊ ဒီဇယ်ဆီဂါလန် ၁၃၇၀ ပါရှိသည့် Hyundai အမျိုးအစား အဖြူရောင်ဆီသယ်ယာဉ် Bowser တစ်စီးနှင့် Isuzu အမျိုးအစားအဖြူရောင်ဆီသယ်ယာဉ် Bowser တစ်စီးတို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။ 

ဧရာဝတီတိုင်းဒေသကြီးတွင် ၁၀-၁၂-၂၀၂၃ ရက်နေ့မှ ၁၅-၁၂-၂ဝ၂၃ ရက်နေ့ထိ တရားမဝင်စက်သုံးဆီရောင်းချမှု ၁၇ မှု ဖမ်းဆီးရမိပြီး စက်သုံးဆီ ၇၁၉ ဂါလန်ခန့်နှင့် ဖြန့်ဖြူးရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီတွင် ၁၀-၁၂-၂၀၂၃ ရက်နေ့မှ ၁၄-၁၂-၂၀၂၃ ရက်နေ့ထိ တရားမဝင် စက်သုံးဆီရောင်းချမှု(၈)မှု ဖမ်းဆီးရမိပြီး စက်သုံးဆီဂါလန် ၁၀၀ ခန့်နှင့် ဖြန့်ဖြူးရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း ဖမ်းဆီးရမိခဲ့ရာ စုစုပေါင်းတရား မဝင်စက်သုံးဆီ ၆၉၉၀၉ ဂါလန်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၅ သန်းကျော်)၊ စက်သုံးဆီသယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည့် ဆီတင်ယာဉ် (Bowser) ၁၁ စီးနှင့် တရားမဝင်လိုင်စင်မဲ့ စက်သုံးဆီသိုလှောင်ကန်များအပါအဝင် ဖြန့်ဖြူးရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး မြို့နယ်အချို့ရှိ စက်သုံးဆီအရောင်းဆိုင် ၁၆သည် စက်သုံးဆီရှိလျက် ရောင်းချမပေးခြင်း၊ ခွင့်ပြုချက်မရဘဲ ဆီသယ်ယာဉ် (Bowser) ဖြင့် အခြားနေရာများသို့ သယ်ယူပို့ဆောင်ခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဌာနဆိုင်ရာ တာဝန်ရှိသူများက စိစစ်တွေ့ရှိရသဖြင့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ စီမံခန့်ခွဲရေး နည်းလမ်းအရ သတ်မှတ်ဒဏ်ကြေးတပ်ရိုက်ခြင်း၊ လိုင်စင်ကို ကာလအကန့်အသတ်ဖြင့်ရပ်ဆိုင်းပြီး စက်သုံးဆီအရောင်းဆိုင်ကို ယာယီပိတ်သိမ်းခြင်းများ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တိုင်းဒေသကြီး/ပြည်နယ်များတွင် တရားမဝင်စက်သုံးဆီသိုလှောင် သယ်ယူဖြန့်ဖြူးရောင်းချမှုများ ပပျောက်စေရန်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာပူးပေါင်းဖွဲ့များဖြင့် စစ်ဆေးဖော်ထုတ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့် တရားမဝင် စက်သုံးဆီ သိုလှောင်သယ်ယူဖြန့်ဖြူး ရောင်းချမှုများနှင့်ပတ်သက်၍ သတင်းရရှိပါက အဆိုပါအဖွဲ့များသို့ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)