အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၄ (၅၉) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၄ (၅၉) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ



MNP ၊ ဇန်နဝါရီ ၂၄

အာဆီယံ ခရီးသွားလုပ်ငန်း ဖိုရမ်-၂၀၂၄ နှင့် ဆက်စပ်၍ အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဇန်နဝါရီ ၂၃ ရက်မှ ၂၇ ရက်အထိ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ Landmark Mekong Riverside ဟိုတယ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။


အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ ခေါင်းဆောင်များ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံတို့မှ ခရီးသွား လုပ်ငန်း အာဏာပိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ အာဆီယံ-တရုတ်ဗဟိုဌာန၊ အာဆီယံ-ဂျပန် ဗဟိုဌာန၊ အာဆီယံ-ကိုရီးယား ဗဟိုဌာနတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံခရီးသွားလုပ်ငန်းအဖွဲ့၊ အာဆီယံ ခရီးသွားလုပ်ငန်း သုတေသနအဖွဲ့၊ ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအဖွဲ့၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ၊ အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီ၊ မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးတို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့ခေါင်းဆောင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။


မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၃ ရက်တွင် (၅၉) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင် အဖွဲ့အစည်းအဝေးသို့တက်ရောက်ပြီး အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅) အရ ၂၀၂၃ ခုနှစ်အတွင်း အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုး တိုးတက်မှု အခြေအနေများနှင့် ခရီးသွားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့သည်။ ထို့အပြင် အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် အကြိမ် (၆၀) မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံမှ ဇူလိုင်လအတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။


အစည်းအဝေးကာလအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံအလိုက် ခရီးသွားလုပ်ငန်းဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို ကမ္ဘာ့မီဒီယာများသို့ ရှင်းလင်းတင်ပြသည့် သတင်းစာရှင်းလင်း ပွဲများကို ကျင်းပရာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများတက်ရောက်၍ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။


ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၄ ရက်မှ ၂၆ ရက် အထိ အာဆီယံခရီးသွားလုပ်ငန်း ဖိုရမ်-၂၀၂၄ နှင့် ဆက်စပ်ကျင်းပ ပြုလုပ်မည့် အစည်းအဝေးများသို့ ဆက်လက်တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)