ချောင်းနှစ်ခွတိုက်ပွဲ ( သို့မဟုတ် ) စစ်သူရဲတစ်ဦး၏ အညတရမှတ်စုများ ( ၅ ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းနှစ်ခွတိုက်ပွဲ ( သို့မဟုတ် ) စစ်သူရဲတစ်ဦး၏ အညတရမှတ်စုများ ( ၅ )



၁၁ -၁၁ - ၂၀၂၃ ရက်နေ့ ။

ချောင်းနှစ်ခွ တိုက်ပွဲ စတင်ပြီး ဒုတိယမြောက်နေ့ ။


ရန်သူသည် တံတားနှင့် စခန်းနေရာများသို့ Drone ဖြင့် Drop bomb ချခြင်း ၊ 40 မမ ၊ RPG ၊ အီနာဂါ ၊ စနိုက်ပါ ၊ လက်နက်ငယ်များဖြင့် လူအင်အား လက်နက်အင်အားကောင်းကောင်းသုံးကာ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေလျက် ရှိ၏။


တံတားတွင် အခြေပြုထားသော ဗက - ဇာနည်ဦးအဖွဲ့ထံ ပူးပေါင်းရန်စေလွှတ်ထားသည့် ဗက - ဉာဏ်လင်းထွန်း အဖွဲ့မှာလည်း ရန်သူ့ပိတ်ဆို့ဖြတ်တောက်မှုကို ခံထားရသဖြင့် သွားရောက်ပူးပေါင်းနိုင်ခြင်း မရှိဘဲ ရောက်ရင်းနေရာတွင်ပင် ခံစစ်ယူကာ ရန်သူ့ပစ်ခတ်တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနေရလေ၏။ 


ရန်သူ့ပစ်ခတ်မှုကြောင့် ဗက - ဇာနည်ဦး၏ ညာဘက် လက်ညှိုးလက်မတွင် ဒဏ်ရာရရှိခဲ့ပြီး ညာဘက်ပေါင်တွင်လည်း လက်နက်ငယ်ကျည် ဖောက်ဝင်ဒဏ်ရာများ ရရှိခဲ့လေသည်။

စခန်းအတွင်းရှိ မ - ၂၀၈ မှ ဗိုလ် ဝေလင်းစိုးသည်လည်း ရန်သူ့ 40 မမ ကျရောက်ပေါက်ကွဲမှုကြောင့် ဦးခေါင်းနောက်စေ့ ထိမှန်ဒဏ်ရာ ရရှိပြီး ကျဆုံးခဲ့ရလေ၏။


နေ့လယ်ခင်းအချိန်၌ ရန်သူသည် မိမိတို့ အခြေပြုထားသော နတ်စင်အနီးတဝိုက်သို့ ဝိုင်းပါတ်ချဉ်းကပ်လာခဲ့ကြ၏။ ရန်သူကား မိမိတို့ အဖွဲ့ကို သိပ် သတိထားမိဟန် မရှိချေ။ 


" ငါ့ကောင်တွေ ... ငြိမ်ထားဦး

ထပ်ကပ်လာပါစေ ... ပိုင်မှ ပစ်မယ် " 


မွန်းတည့် နေရှိန်အောက်တွင် အဆောက်အဦကြားမှနေ၍ တစ တစ ရှေ့တိုးချဉ်းကပ်လာသော ရန်သူကို ပြတ်ပြတ်သားသား မြင်နေရသည်။ ကျည်ကာဦးထုပ်ကြားမှ တဆင့် ယိုစီးကျလာသော ချွေးတွေကို မသုတ်အား။ မျက်တောင်ကိုသာ ခတ်၍ ပုတ်ထုတ်နေရ၏။ ရန်သူသည် ပစ်ကွင်းထဲတွင် ပို၍ ထင်ရှားလာသည်။


" ဒိုင်း ... "


တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော သေနတ်သံတစ်ချက်။ ထို့နောက် စစ်သည်များ၏ မာန်သွင်းအော်ဟစ်သံများနှင့်အတူ  တရစပ် ပစ်ခတ်သံများ။


" ကျား ... တပ်မတော်ကွ "

" သေချင်တဲ့ကောင် တက်ခဲ့ကြစမ်း ... တပ်မတော်ကွ " 


မြင်ကွင်းတစ်ခုလုံးက ငရဲပျက်သည့်နှယ် ဆူညံပွက်လောရိုက်သွားကြ၏။ မထင်မှတ်ထားသော နေရာမှ အပိုင်စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခံလိုက်ရသဖြင့် ရန်သူတွေမှာ အလောင်းတောင် မကောက်နိုင်။ နောက်ဘက်သို့ အတင်းဆုတ်ပြေးပြီး အဝေးကနေသာ ပစ်ရင်း ဆဲနေကြလေတော့သည်။


ရန်သူသည် တချိန်တည်းမှာပင် တကက - ကျော်ထက်လှိုင်တို့အဖွဲ့ အခြေပြုရာ ဆေးရုံဘက်ခြမ်းကိုလည်း အဆောက်အဦးပျက်များကြားမှနေ၍ ချဉ်းကပ် ပစ်ခတ်တိုက်ခိုက်လျက်ရှိ၏။ ရန်သူကား မိမိတို့ဘက်မှ ပစ်ခတ်မှု ထိန်းသိမ်းလျက်ရှိသည်ကို လျှော့တွက်ဟန် တူသည်။ ဆဲရင်း ဆိုရင်း ပေါ့ပေါ့တန်တန် ပစ်ခတ်နေလျက်ရှိသည်။


" ဟေ့ကောင်တွေ ... လက်နက်ချ "

" လက်နက်ချ ... မင်းတို့ကို ငါတို့ မသတ်ချင်ဘူး "

" ဒိုင်း ... "

" ဟာ ... မှောက်သွားပြီ ။ ဆွဲကြ ... ဆွဲကြ "

" ငါယိုးမသားတွေ ... ယီးပဲ "


ပေါ့ပေါ့တန်တန်နှင့် အဆောက်အဦး၂ ခုကြား ဖြတ်ကူးလာသော PDF တစ်ယောက်ကို တပ်သား သိန်းထက်အောင်မှ အပိုင်ချိန်၍ MA 2 ဖြင့် ဆော်ထည့်လိုက်ရာ စကားမေးပင် မရဘဲ ဘုန်းခနဲ မှောက်ကျသွား၏။ ( ရန်သူမှာ ၎င်းတို့ပစ်ခတ်နေသည်ကို Live လွှင့်နေလျှက်ရှိရာ ထိုဖြစ်စဉ်ကို အင်တာနက် အသုံးပြုသူများ တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။)  ရန်သူကား မိမိတို့ စစ်သည်များ၏ လက်စ လက်နကို သိသွားရာ လျှော့တွက်ရဲတော့။ အဝေးကနေသာ ပစ်ခတ်နေလျက်ရှိတော့၏။ 


တိုက်ပွဲကား မပြီးသေး။ ရန်သူသည် မိမိတို့ အခြေပြုရာနေရာများသို့ ချဉ်းကပ်တိုက်ခိုက်ရန် ကြိုးစားနေကဲ့သကဲ့သို့ မိမိတို့စစ်သည်များမှလည်း မလျှော့သောဇွဲဖြင့် ဆက်၍ ကြံ့ကြံ့ခံ တွန်းလှန်လျက်ရှိကြ၏။ စခန်းအတွင်းရှိ မှူး / ဗက ထွန်းဝင်းမှာလည်း ဒဏ်ရာ ရနေသည့်ကြားမှပင် လက်နက်ကြီး ပစ်ကူ ပေးနေလျက် ရှိသလို၊ တောင်ကလေးရှိ ဗျူဟာမှလည်း ၁၂၀ မမဖြင့် လက်နက်ကြီး ပစ်ကူ လှမ်း၍ ပစ်ခတ်ပေးနေလျက် ရှိ၏။


တိုက်ပွဲ အချိန်ကြာလာသည်နှင့်အမျှ မိမိတို့ရှိ လက်နက်ခဲယမ်းများ လျော့နည်းလာရာ ဆက်လက်ခုခံရန် မဖြစ်နိုင်တော့ပေ။ တပ်ရင်းမှူးထံ ခွင့်တောင်း၍ စခန်းသို့ သွားရောက်ပူးပေါင်းရာ ရင်းမှူးမှ ခဲယမ်းများ ထပ်မံ ဖြည့်တင်းပေးလိုက်ပြီး မိမိတို့အဖွဲ့ ယခင် အခြေုပြုထားသည့် ဆေးရုံဘက်ရှိ အဆောက်အဦးပျက်များတွင် ပြန်လည် အခြေပြုစေခဲ့၏။ မိမိမှ ၎င်းနေရာသည် ပစ်ကွင်းမြင်ကွင်း မသာဘဲ ရန်သူ့ချဉ်းကပ်လာမှုကို မမြင်နိုင်သဖြင့် မလှမ်းမကမ်းရှိ နှစ်ထပ်တိုက်ပြာတွင် အခြေပြုခွင့်ပေးရန် ခွင့်တောင်းသော်လည်း ရင်းမှူးမှ ခွင့်မပြုသဖြင့် လက်ရှိနေရာတွင်ပင် ဆက်လက်အခြေပြု ခံစစ်ဆင်ခဲ့ရ၏။


တိုက်ပွဲ ဒုတိယနေ့ကား ယမ်းခိုးယမ်းနံ့များ၊ သွေးညှီနံ့များဖြင့် အတိ ပြီးလျက် ရှိ၏။ မိမိတို့စစ်သည်များလည်း ထမင်းမစားရသည်မှာ ၂ ရက်တိုင်ခဲ့ပြီ။


ဒုတိယကမ္ဘာစစ်အ ဆုံးသတ်ခါနီး၌ အမေရိကန်သည် ဂျပန်ပင်လယ်ပြင်ထဲမှ အိုကီနာဝါကျွန်းရှိ ဂျပန်စစ်တပ်များကို တိုက်ခိုက်ရာတွင် စည်သွပ်ဘူးနှင့် အမဲခြောက်စား၍ တိုက်ခိုက်ခဲ့သည်ဟု ဖတ်ခဲ့ရဖူး၏။ ထိုအချိန်၌ ဂျပန်တို့ကား တီကောင်များ ပြုတ်စားကြသည်ဟု ဆိုကြသည်။ 


မိမိတို့ကား မြန်မာ့တပ်မတော်ဖြစ်သည်နှင့်အညီ တီကောင်ပြုတ်လည်း မစားနိုင်၊ ထမင်းလည်း မနီးစပ်နိုင်ချေ။ BIA ခေတ်မှ စတင်၍ ယနေ့အထိ "စစ်သား ... စစ်တိုက်လျှင် ထမင်းငတ်ရသည်မှာ ထုံးစံပင်" ဖြစ်နေတော့သည်။ ခေတ်စနစ်တွေ မည်မျှပြောင်းလဲတိုးတက်နေသည် ဆိုစေကာမူ အချို့သော သမားစဉ်တို့မှာကား ပြုပြင်ပြောင်းလဲမည့်သူ မရှိဘဲ ပိုနေမြဲ ကျားနေမြဲအတိုင်းသာ ရှိနေကြသေး၏။ ပြောင်းလဲပေးနိုင်စွမ်း ရှိသူတို့မှာလည်း မြေပြင်က အရှိတရားများကို မျက်ကွယ်ပြုထားကြသည်မှာ ဆယ်စုနှစ်များစွာ တိုင်ခဲ့ပြီ ဖြစ်သည်။


ဤသည်မှာပင် မြန်မာ့တပ်မတော်၏ မရိုးနိုင်သော အမှန်တရားများသာ ဖြစ်ချေတော့သည် မဟုတ်ပါလား။ 


( ဆက်ရန် )

မင်းထင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)