ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်



MNP ၊ ဇန်နဝါရီ ၁၈

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဥက္ကဋ္ဌသစ်အဖြစ် တာဝန်ယူဆောင်ရွက်မည့် ယူဂန်ဒါသမ္မတနိုင်ငံသမ္မတ H.E. Mr. Yoweri Kaguta Museveni ၏ ဖိတ်ကြားချက်အရ ဒုတိဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ကျင်းပလျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည်။


ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များတက်ရောက်ကာ ရန်ဇိုရီကွန်ဗင်းရှင်းစင်တာ၌ ကျင်းပလျက်ရှိသည့် မျက်နှာစုံညီအစည်းအဝေးတွင် သက်ဆိုင်ရာနိုင်ငံအလိုက် မိန့်ခွန်းများ ပြောကြားကြသည်။


ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်‌ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇန်နဝါရီ ၁၇ ရက်မွန်းလွဲပိုင်းတွင် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်‌ထောင်စုဝန်ကြီးက ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ လက်ရှိဥက္ကဋ္ဌ အဇာဘိုင်ဂျန်နိုင်ငံနှင့် ဥက္ကဋ္ဌသစ်အဖြစ် မကြာမီလွှဲပြောင်းတာဝန်ယူဆောင်ရွက်မည့် ယူဂန်ဒါနိုင်ငံတို့၏ ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယနေ့ကမ္ဘာကြီးသည် အပြည်ပြည်ဆိုင်ရာလုံခြုံရေးကိစ္စရပ်များ အပါအဝင် ဘက်ပေါင်းစုံတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်တွေ့ကြုံရလျက်ရှိရာ၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံး၏ ဘုံအကျိုးစီးပွားအတွက် အရေးပါသောအဖွဲ့ကြီးအဖြစ် ဆက်လက်ရပ်တည်သွားရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့ကို စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏မူဝါဒများကို အပြည့်အဝလိုက်နာလျက်ရှိပါကြောင်း၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့် အဖွဲ့ကြီး၏မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ စည်းလုံးညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အားလုံး၏ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ တရားမျှတမှု၊ တန်းတူညီတူရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြားသော ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေး၌ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်း ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။


ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များသည် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး၊ ကုလသမဂ္ဂ၏ ၂၀၃၀ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ပြည့်မီစေရေး၊ ရာသီဥတုပြောင်းလဲရေး စိန်ခေါ်မှုများ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာကိစ္စများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ရေးတို့အပေါ် ဆွေးနွေးခဲ့ကြသည်။ အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏သက်ဆိုင်ရာနိုင်ငံအလိုက် ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ထည့်သွင်းဆွေးနွေးပြောကြားခဲ့ကြသည်။


အိမ်ရှင် ယူဂန်ဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Gen. Odongo Jeje Abubakhar က ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံခြားရေးဝန်ကြီးများကို ညနေပိုင်းတွင် အာဖရိကယဉ်ကျေးမှု အကအလှများပါဝင်သည့် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။


ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ဇန်နဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင်ကျင်းပခဲ့ရာ အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။


ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (Non-Aligned Movement-NAM) ကို ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွား မြှင့်တင်ရေးအတွက် ၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီး၊ ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၌ လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၂၀) နိုင်ငံပါဝင်သည်။ မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကို စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)