မန္တလေးပဲဈေးကွက်သို့ ပဲလွန်းဖြူအသစ်များ စတင်ဝင်ရောက်လာကာ အရောင်းအဝယ်ကောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးပဲဈေးကွက်သို့ ပဲလွန်းဖြူအသစ်များ စတင်ဝင်ရောက်လာကာ အရောင်းအဝယ်ကောင်း


MNP ၊ ဇန်နဝါရီ ၁၈

ယခုနှစ်ဆန်းပိုင်းတွင် ပဲလွန်းဖြူအသစ်များ မန္တလေးပဲဈေးကွက်သို့ စတင်ဝင်ရောက်လာကာ အရောင်းအဝယ်များ ကောင်းမွန်လျက်ရှိကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

အဆိုပါ ပဲလွန်းဖြူအသစ်များမှာ ဈေးကွက်သို့ မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊ စစ်ကိုင်းနယ်များမှ ဝင်ရောက်လာကြောင်း၊ ဈေးနှုန်းမှာ ပြီးခဲ့သည့် ဇန်နဝါရီလအစက သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၈၀၀၀၀ ပေါက်ဈေးဖြင့် အရောင်းအဝယ်စခဲ့သော်လည်း ယခုလက်ရှိအချိန်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀၀၀ ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

“ဒီပဲလွန်းဖြူအသစ်က နှစ်စဉ် နတ်တော်လဆန်းမှာ ပုံမှန်ထွက်ရှိလို့ နတ်တော်ပဲလို့ ခေါ်ကြပါတယ်။ ပဲရာသီရဲ့နှစ်အစမှာ ဈေးကွက်ကို အစောဆုံးဝင်ရောက်လာတဲ့အပြင် စိုက်ပျိုးသူတောင်သူတွေအတွက်လည်း နှစ်စဉ်ဈေးကောင်းရပြီး ရွှေဝယ်နိုင်ကြတဲ့အတွက် ကျောက်ဆည်နယ်ဘက်က ကျေးရွာတွေမှာ ဒီပဲကို ဝိန့်စိန်ပဲလို့တောင် ခေါ်ကြတယ်။ ပြည်တွင်းမှာလည်း အနည်းငယ်စားသုံးကြပါတယ်။ ပြည်ပနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ ဥရောပနိုင်ငံတွေကို အဓိကတင်ပို့ရောင်းချရတာပါ။ ဒီနှစ်ကတောင်သူတွေ ဈေးကောင်းရရှိနေပါတယ်။ ဟင်္သာတဘက်ကထွက်တဲ့ ပဲလွန်းဖြူက အကောင်းဆုံးဖြစ်တယ်။ ဒီပဲကတစ်နှစ်ကို ဆောင်းသီးနှံအဖြစ် တစ်ရာသီပဲစိုက်ပါတယ်။ ဒီနှစ်မှာ ရာသီဥတုက အသင့်အတင့်ကောင်းမွန်တာကြောင့် အလုံးအဖန်ကောင်းကာ အရည်အသွေးကောင်းမွန်တဲ့ ပဲလွန်းဖြူတွေ ဝင်ရောက်လာပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ပဲလွန်းဖြူကို ဧရာဝတီ၊ ချင်းတွင်းမြစ်ကမ်းအနီးရှိ မြစ်ရေဝင်ဒေသများတွင် မြစ်ရေကျချိန် မြေနုကျွန်းများပေါ်၌ တော်သလင်းလနှင့် သီတင်းကျွတ်လတို့တွင် စတင်စိုက်ပျိုးကြပြီး ကျောက်ဆည်၊ မတ္တရာ၊ စဉ့်ကူး၊ ဝမ်းတွင်း၊ သဲတော၊ မုံရွာ၊ ပခုက္ကူ၊ စလင်းနှင့် ဆင်ဖြူကျွန်း မြို့နယ်တို့မှ အများဆုံးထွက်ရှိကာ မြန်မာနိုင်ငံအောက်ပိုင်းရှိ ဟင်္သာတ၊ ဇလွန်၊ ခရမ်းသုံးခွမြို့နယ်တို့တွင်လည်း အထူးစိုက်ပျိုးထွက်ရှိကြောင်း သိရသည်။  


မင်းထက်အောင်(မန်းကိုယ်ပွား)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)