ချောင်းနှစ်ခွတိုက်ပွဲ ( သို့မဟုတ် ) စစ်သူရဲတစ်ဦး၏ အညတရမှတ်စုများ (၁) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းနှစ်ခွတိုက်ပွဲ ( သို့မဟုတ် ) စစ်သူရဲတစ်ဦး၏ အညတရမှတ်စုများ (၁)

 


ချောင်းနှစ်ခွတိုက်ပွဲ ( သို့မဟုတ် ) 

စစ်သူရဲတစ်ဦး၏ အညတရမှတ်စုများ (၁)


၁၃ - ၁၂ - ၂၀၂၃ ရက်နေ့ ... ။

ချောင်းနှစ်ခွတိုက်ပွဲ စတင်ခဲ့သည်မှာ ၃၄ ရက်မြောက်သော နေ့ ။ 


အချိန်တွေကား ကြာရှည်လွန်းလှသယောင်ပင်။ သာမာန်လူသားတစ်ဦးအဖို့ ကုန်လွယ်လွန်းလှသော အချိန်တွေသည် အသက်ကို ဖက်နှင့်ထုပ်၍ ကြံ့ကြံ့ခံအောင် မွေးမြူနေရသော စစ်သူရဲတစ်ဦးအဖို့တော့ ကြာရှည်လွန်းလှ၏ ။ သြော် ... ဘာလိုလိုနှင့် ၃၄ ရက်ပင် တိုင်ခဲ့ပြီ။ 


လက်က နာရီကို ကြည့်လိုက်တော့ ၀၇ ၁၅ ချိန် ။

မျက်နှာလေးသစ် ၊ ဘုရားရှိခိုးပြီး အမျှပင် ဝေလို့ မပြီးသေး ။ ကြားနေကျ နံနက်ချိန်ခါ တေးသံသာများက ရန်သူ့ဘက်ခြမ်းမှ စတင် ပျံ့လွင့်လာခဲ့၏။ 


" မအေယိုးတွေ ... ငါ ... သားတွေ "

" စစ်ခွေးတွေ ... အမျိုးယုတ်တွေ "

" မင်းအောင်လှိုင်ခွေးတွေ ..."


သက်ပြင်းတစ်ချက် ချပြီး ပြုံးလိုက်မိသည်။ မင်းအောင်လှိုင် ခွေးတွေ တဲ့လား။ အပြင်မှာ ဆုံတွေ့ခွင့်ရလျှင် ဒီကောင်တွေကို မျက်နှာကို စေ့စေ့ကြည့် ၊ လက်မောင်းက သွေးကို ဖောက်ပြီး သစ္စာဆို သောက်ပြလိုက်ချင်မိသည်။


" ငါတို့ စစ်သားကောင်းတွေရဲ့ သစ္စာဆိုတာ လူတစ်ဦး တစ်ယောက် အပေါ်မှာ သစ္စာခံထားတာ၊ သစ္စာခံနေတာ မဟုတ်ဘူး။ ငါတို့ သစ္စာခံနေတာက ဒီတပ်မတော်ဆိုတဲ့ အဖွဲ့အစည်းနဲ့ ဒီနိုင်ငံတော်အတွက်ပဲ ဆိုတာ မင်းတို့ မြဲမြဲ မှတ်ထား ဟေ့ကောင်တွေ" ဆိုပြီး အားရပါးရ ပြောပြလိုက်ချင်မိသည်။


ဘယ်လိုကောင်တွေမှန်း မသိ။ စစ်သားဆိုပေမင့် မိမိတို့က အကြောင်းမဲ့ ရိုင်းစိုင်း ကြမ်းတမ်းနေသည်မျိုး မဟုတ်။ ဒီကောင်တွေမှာတော့ မိုးပင် မလင်းသေး ... လီး လချီး အယုတ္တ အနတ္တပေါင်းစုံနှင့်။ ကျက်သရေ ယုတ်လွန်းလှသည်။


အမှန်တော့ ဒီကောင်တွေမှာ မိမိတို့ကိုလည်း တိုက်မရ၊ စခန်းကိုလည်း သိမ်းမရနှင့် လွန်စွာ မခံချိ မခံသာ ဖြစ်နေကြပုံပေါ်သည်။ ဒါ့ကြောင့် မိမိတို့ ရဲဘော်များ စိတ်ဓာတ်ကျအောင် နေ့စဉ်နှင့်အမျှ ဆဲဆို ကြိမ်းမောင်းနေခြင်းပင်။ မည်သို့ပင် ဖြစ်စေ မိမိတို့ကား စိတ်ဓာတ်မကျ။ နေ့စဉ်နှင့်အမျှ မိမိတို့ လုပ်ရမည့်အလုပ် ပုံမှန်လုပ်သည်။ မိမိတို့က စစ်သား။ စစ်သားဆိုသည်မှာ ရန်သူကို တိုက်ထုတ်ရမည်။ မိမိတို့စခန်း မိမိတို့မြေကို ကာကွယ်ရမည်။ ဒါသည် မိမိတို့အလုပ်။ 


နေ့လယ် ၁၅ ၃၀ ချိန်ခန့်တွင်တော့ ရန်သူသည် ဈေးနှင့် နတ်စင်ဘက်မှနေ၍ ဖြတ်တက်လာခဲ့ပြန်သည် ။


" ဒိုင်း .... ဒိုင်း ... ဒိုင်း "

" ဒက် ... ဒက် ... ဒက် "


"ဆရာမြင့်ဦး ခင်ဗျားတို့ ပစ်ခတ်မှု ထိန်းစမ်း

ပစ်ခတ်မှု ထိန်းစမ်း။ ကျွန်တော်တို့ ခဲယမ်း ချွေတာမှ ရမယ် ... အပိုင်ကို စောင့်ပစ်" 


အမှန်အတိုင်း ဝန်ခံရလျှင်တော့ တက်လာသောရန်သူကို မြူမှုန်မျှပင် မကျန်ရလေအောင် မဲမဲမြင်သမျှ အကုန် ပစ်ထုတ်ချလိုက်ချင်သည်။


သို့သော် ... သူက စစ်ခေါင်းဆောင်။ 

စိတ်လွတ် ကိုယ်လွတ် လုပ်လို့ မဖြစ် ။ သတိကို တမံ ၊ ဉာဏ်ကို မြေကတုတ် ၊ ပညာကို ချွန်းကဲ့သို့ အုပ်ထားနိုင်မှ ရမည်။ ဗိုလ်လောင်းတုန်းက ဆရာတစ်ယောက် ပြောခဲ့ဖူးသော စကားတစ်ခွန်းကို သတိရမိသည်။


"မင်းတို့ မြဲမြဲ မှတ်ထား။ ဆရာဝန်တစ်ယောက် အသုံးမကျရင် သူကုနေတဲ့ လူတစ်ယောက်ပဲ သေမှာ။ အေး ... စစ်ခေါင်းဆောင်တစ်ယောက် အသုံးမကျရင်တော့ နောက်က ပါလာတဲ့ တပ်စု ၊ တပ်စိတ် ၊ တပ်ရင်း အကုန် တဆွေလုံး တမျိုးလုံး မသာပေါ်ပြီသာ မှတ်ပေတော့" 


ပစ်ခတ်မှု ထိန်းသိမ်းပြီး တောင်ကလေးမှ လက်နက်ကြီး ပစ်ကူ တောင်းခံလိုက်ရာ ၁၂၀ မမ ဗုံးသီးများ ချက်ချင်း စစ်ကူရောက်ချလာသည်။ ပေါက်ကွဲသံများကား မိုးကြိုးအစင်းစင်း ပစ်ခွင်းနေသည့်နှယ်ပင်။ သြော် ... ငရဲပျက်တယ်ဆိုတာ ဒါမျိုးထင်ပါရဲ့ဟု တွေးမိလိုက်သည်။ ရန်သူကား တက်ခွင့်မသာတော့ ချက်ချင်း ပြန်ဆုတ်ပြီး ငြိမ်ကျသွား၏ ။


ည ၁၉ ၃၀ ခန့်ချိန်။ 

နေ့ခင်းက ဆုတ်သွားသော ရန်သူသည် တကက ကျော်ထက်လှိုင်၏ ဘန်ကာရှေ့မှ နေ၍ တကျော့ပြန် အားမွေးပြီး ပြန်တက်လာ၏။ မီးထိုး၍ ဆဲဆိုကြိမ်းမောင်းပြီး ခပ်တင်းတင်း တက်လာခြင်းပင်။ 


နှစ်ဖက် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီး လက်နက်ကြီးသံ၊ လက်နက်ငယ်သံများ၊ ပစ်ကူ ၁၂၀ မမဗုံးသီး ကျကွဲသံများ ဆူညံသွား၏။ ရန်သူကား ဒီတစ်ကြိမ်တွင်လည်း အရေးနိမ့်သွားပုံ ရသည်။ အော်ဟစ်ဆဲဆိုပြီး ပြန်ဆုတ်သွား၏။ မီးရောင်အောက်တွင် အလောင်းတချို့ကို ပြန်ဆွဲသွားသည်ကို တွေ့လိုက်ရသည်။


အနီးကို ကပ်ရတော့ အဝေးကနေ အော်ဟစ်ကြိမ်းမောင်း ဆဲဆိုနေကြပြန်သည်။ ဆရာကြီး ကျော်ထက်လှိုင်ကတော့ နားရည်ဝနေဟန် တူသည်။ ကျည်ကတ်ကို ကောက်လဲရင်း ခပ်ပြုံးပြုံးနှင့် မှတ်ချက်ချ၏။


" ဆဲဟေ့ ... ဆဲကြဟ ။ ငါတို့က မင်းတို့ မဆဲရင်တောင် ဒီကောင်တွေ နေများမကောင်းလို့ မဆဲနိုင်ကြတော့တာလား ဆိုပြီး စိတ်ပူတတ်နေပြီ ... အဟေး ။ ကြိုက်သလောက် ဆဲ ။ ငါတို့က အခြေခံ စစ်သင်တန်း တက်ကတည်းက မအေတွေ နှမတွေကို ကျောင်းရှေ့ ဆိုင်းဘုတ်မှာ ချိတ်ထားခဲ့တာ ။ မင်းတို့ ဆဲတယ်ဆိုတာ ငါတို့ကို စစ်ပညာသင်ပေးတဲ့ ဆရာကြီးတွေ အိပ်နေသလောက်ပဲ ရှိတယ် ။ အေး ... တက်တော့ မလာနဲ့ ။ ကျော်ထက်လှိုင်က သည်းခံပေမယ့် လက်ထဲကကောင်ကတော့ သည်းမခံဘူး ။ ဒီကောင်က ငါ့ထက် စိတ်ဆတ်တယ် .. " 


ပြောပြီး လက်ထဲက သေနတ်ကို ပုတ်ပြလိုက်ရာ ဘေးက ရဲဘော်များပင် တဟဲဟဲနှင့် ပွဲကျသွားကြ၏။ 


ညကား နက်လာပြီ ။

ရန်သူမှာကား ဆဲကောင်းတုန်း။ တစ်ချက် တစ်ချက် လှမ်း ပစ်တုန်း ။သူလည်း သေနတ်ကို ဖက်၍ နိုးတဝက် ငိုက်တဝက် ။ တစ်ရက်တော့ ထပ်၍ တောင့်ခံပြီးပေပြီ ။


နောက်တစ်ရက်ကို ထပ်၍ တောင့်ခံရပေဦးတော့မည်။


( ဆက်ရန် ... )

မင်းထင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)