MNP ၊ ဇန်နဝါရီ ၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ကျောင်းသား၊ကျောင်းသူများအား အနာဂတ်မျိုး ဆက်သစ် လူငယ်များ ၊အသိ ပညာ ဗဟုသုတ မြင့်မားတိုးတက်စေရန် ၊ လူငယ် လူရွယ်များ အာရုံစူးစိုက်လေ့လာမှု နှင့် ဉာဏ်ရည် ၊ ဉာဏ်သွေး ထက်မြက် လာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ Grade-9 မှ Grade 12 အထိ ခရိုင်အဆင့် လူရည်ချွန် ရွေးချယ်ရေး စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်လျက်ရှိရာ ခရိုင်ပညာရေးမှူး ဦးချစ်သိန်းနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့် ရှု အားပေးခဲ့ကြသည်။
မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ Grade-9 မှ Grade 12 အထိ ခရိုင်ဆင့် လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးခြင်းကို ကျင်းပပြုလုပ်ပြီး ယနေ့ နံနက်ပိုင်းတွင် မြန်မာစာ ဘာသာရပ်အား ဖြေဆိုကြရာ အခြေခံပညာကျောင်းများရှိ Grade-9 မှ Grade 12 အတန်းတို့မှ မောင်တောမြို့နယ် မှ ၈ ဦး နှင့် ဘူးသီးတောင်မြို့နယ်မှ ၈ ဦး စုစုပေါင်း ၁၆ ဦးဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး နေ့လယ်ပိုင်း တွင် အင်္ဂလိပ်စာ ဘာသာ ရပ်အား ဆက်လက် ဖြေဆို ရ မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ခရိုင်အဆင့် လူရည်ချွန် ရွေးချယ်ရေး စစ်ဆေးခြင်းကို ဇန်နဝါရီ ၁၀ ရက်နေ့တွင် အထွေထွေ ဗဟုသုတ နှင့် လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်း ၊ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှု နှင့် ယုံကြည်မှုစစ်ဆေးခြင်း များကို ပြု လုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အောင်မြင်သူများအနေဖြင့် ပြည်နယ်အဆင့်သို့ ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန် (မောင်တော)
https://t.me/MyanmarNationalPost



No comments:
Post a Comment