MNP ၊ဇန်နဝါရီ ၂၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အ.မ.က(စံပြ)ကျောင်းတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ရှေးဦးစွာ အ.မ.က(စံပြ)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက “Myanmar School” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်၍ အ.ထ.က ဘိုကလေးကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးထိန်ဝင်း၊ ကျိန္တလီမြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းတို့က အဖွင့်အမှာ စကားပြောကြားခြင်း၊ အ.မ.က(စံပြ)ကျောင်းမှကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းနွယ်မှ စုံညီပွဲတော် ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး လက်ဦးဆရာများဖြစ်ကြသည့် ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏သား/သမီးများသည် ကျောင်းသင်ခန်းစာများအပေါ် စာလိုက်နိုင်မှုရှိ/မရှိ စိစစ်ပေးစေလိုကြောင်းနှင့် သင်ခန်းစာများကိုများများ လေ့ကျင့်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။ထို့နောက် အ.မ.က(စံပြ)ကျောင်းမှ ကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင် ပညာရည်ချွန်ဆု၊ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင်ရရှိခဲ့သော ဘာသာရပ် အလိုက်ထူးချွန်ဆုနှင့် လက်ရေးလက်သားကောင်းမွန်ဆုများကို ကျောင်းသား/ကျောင်းသူများအား ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးချီးမြှင့်ခဲ့ ကြသည်။
အဆိုပါအခမ်းအနားကို ကျိန္တလီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးညဏ်လင်းနှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းကော်မတီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုံညီစွာတက်ရောက်ခဲ့ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment