ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော် ဒုတိယအကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်ပွဲအောင်မြင်ပြီးမြောက်ခြင်း ကုသိုလ်ဒါန အလှူတော်မင်္ဂလာအောင်ပွဲ၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပူဇော်ပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော် ဒုတိယအကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်ပွဲအောင်မြင်ပြီးမြောက်ခြင်း ကုသိုလ်ဒါန အလှူတော်မင်္ဂလာအောင်ပွဲ၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပူဇော်ပွဲ








MNP ၊ ဇန်နဝါရီ  ၂၈

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ရွှေမိုးတောင်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသည့် ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၏ ဦးဆောင်မှုဖြင့် စစ်ဘက်၊ နယ်ဘက်၊ ဌာနဆိုင်ရာများ၊ စေတနာ့အလှူရှင်များ ပါဝင်လှူဒါန်းမှုဖြင့် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ အောင်မြင်ပြီးမြောက်ခြင်း ကုသိုလ်ဒါနအလှူတော် မင်္ဂလာအောင်ပွဲ၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲ အခမ်းအနားများကို ယမန်နေ့နံနက် ၇ နာရီက ရွှေမိုးတောင်ပေါ်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ အောင်မြင်ပြီးမြောက်ခြင်း ကုသိုလ်ဒါနရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ရွှေမိုးတောင်ပေါ်ရှိဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ခေမာသီဝံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ စန္ဒာဝရာဘိဝံသအမှူးပြုသော ဆရာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များကအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြသည်။

ယင်းနောက် ဝန်းသိုကျောင်းတိုက် ဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပရိတ်တရားတော်များနာယူကြကာ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးဦးစီး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြသည်။ ထို့နောက် ဆရာတော်အရှင်သူမြတ်များထံ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်းတို့က စေတီတော်အထွဋ်တွင်တင်လှူပူဇော်မည့် စိန်ဖူးတော်နှင့်လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နှင့်ဇနီးတို့က ငှက်မြတ်နား တော်နှင့်လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီး၊ အလှူရှင်များက ခေါင်းလောင်းတော်များနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း အသီးသီးလှူဒါန်းဆက်ကပ်ခဲ့ကြသည်။

ဆက်လက်၍ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားတော်များနာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေကြကာအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများက စေတီတော်အထွဋ်တွင် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နား‌တော်၊ ရွှေခေါင်းလောင်းတော်တို့အား သာသနာ့အလံကိုင်အဖွဲ့၊ ဒေဝါဝင်း၊ ရာဇာဝင်းတို့နှင့်အတူ စေတီတော်မြတ်ကြီးထံ ပင့်ဆောင်ကြကာ စေတီတော်ကြီးလက်ယာရစ်သုံးကြိမ် လှည့်လည်ပူဇော်ပင့်ဆောင်ကြပြီး တိုင်းမှူးနှင့်တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့က စိန်ဖူးတော်၊ ငှက်မြတ်နားတော်အား လက်ဆင့်ကမ်းပင့်ဆောင်ကာ မင်္ဂလာအချိန်တွင် စေတီတော်အထွဋ်တွင် တင်လှူပူဇော်ခဲ့ကြသည်။

ယင်းနောက် သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ကြပြီး ဧည့်ပရိတ်သတ်များနှင့်အတူ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြကာ ရတနာ ရွှေမိုး/ငွေမိုး ရွာသွန်းဖြိုးပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးနှင့် ဒေသခံပြည်သူများက ဘုရားအမှူးရှိသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်စုစုပေါင်းအပါး ၂၇၀ တို့အား ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို စေတီတော်ရင်ပြင်မှ ဗိမ္မာန်တော်အထိ လောင်းလှူပူဇော်ခဲ့ကြပြီး ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည့် ပြည်နယ်အဆင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ ပြိုင်ပွဲကျင်းပနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)