တစ်နှစ် (၂)သီး (၃)သီး သီးထပ်ဧကများ တိုးချဲ့ဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တစ်နှစ် (၂)သီး (၃)သီး သီးထပ်ဧကများ တိုးချဲ့ဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် ပြောကြား






MNP ၊ ဇန်နဝါရီလ ၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၃)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးရေးလုပ်ငန်းသည် တောင်သူများအတွက် အချိန်တိုကာလအတွင်း ဝင်ငွေရရှိသည့် Quick Win ဖြစ်သည့် လုပ်ငန်းတစ်ခုဖြစ်၍ သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း တစ်နှစ် (၂)သီး (၃)သီး သီးထပ်ဧကများ တိုးချဲ့ဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ပြည်ပသွင်းကုန် ဓါတ်မြေဩဇာလျော့ချသုံးစွဲနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သဘာဝမြေဩဇာထုတ်လုပ်သုံးစွဲနိုင်ရေး၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာ စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးဝန်ထမ်းများသည် အလှမ်းဝေးသည့်ကျေးရွာများအထိ ရောက်ရှိနိုင်ရန် အခက်အခဲရှိနိုင်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာနေစိုက်ပျိုးရေးလုပ်ငန်း ဝါသနာပါသူများအား ဖိတ်ခေါ်၍  စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး လိုက်နာဆောင်ရွက်ရမည့် အသိပညာပေးခြင်းအား TOT စနစ်ဖြင့် သင်တန်းပေး၍ ကျေးရွာအတွင်း ပြန်လည်သင်ကြားနိုင်ရေး ဆောင်ရွက်နိုင်ရန် လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းမရရှိသည့် စိုက်ပျိုးမြေအမျိုးအစားအလိုက် မျိုးပြောင်းလဲစိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်း အသိပညာပေးခြင်းများ ဆောင်ရွက်ပေးသွားရမှာဖြစ်ပြီး တစ်နှစ်(၁)သီးသာ စိုက်ပျိုးနိုင်သည့်နေရာတွင် စားဖိုဆောင်သီးနှံထပ်မံစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အားလုံးဝိုင်းဝန်းအကြံပြု တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

         

ထို့နောက် ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက မြို့နယ်အလိုက် စိုက်ပျိုးသီးနှံများပေါ် သတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီပေးမှုနှင့် လမ်းညွှန်ချက်များပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက ထပ်မံဖြည့်စွက်ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအကြံပြုတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်တစ်ခုအလိုက် တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်ချက်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။


ဆက်လက်၍ မွန်းလွဲပိုင်း၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs)လုပ်ငန်းများအတွက် ချေးငွေစိစစ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဒေသတွင်းပြည်တွင်းသုံးကုန်နှင့် အခြေခံကျသော စက်မှု/ လက်မှုလုပ်ငန်းသည် MSMEs လုပ်ငန်းများဖြစ် အများစုသည် မိရိုးဖလာလုပ်ငန်းများဖြစ်ကာ ရေရှည်ရပ်တည်နိုင်ရေးနှင့်  ခေတ်မီကုန်ထုတ်လုပ်ငန်းများဖြစ်စေရေး နိုင်ငံတော်မှ အတိုးနည်းချေးငွေများ ထုတ်ချေးပေးခြင်းဖြစ်၍ အမှန်တကယ်ဆောင်ရွက်သည့် (MSMEs)လုပ်ငန်းရှင်များကိုသာ ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs)လုပ်ငန်းရှင်များ ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် တင်ပြလာသည့် ချေးငွေနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား အသေးစိတ်တင်ပြခဲ့ရာ၊ တက်ရောက်လာသည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဝိုင်းဝန်းအကြံပြုတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းတစ်ခုချင်းအလိုက် တည်ဆောက်ဆဲ၊ တည်ဆောက်ပြီးစီးမှုနှင့် အခြားချေးငွေများ ကျန်ရှိမှု ရှိ/ မရှိ စိစစ်ခဲ့ပြီး လုပ်ငန်းများအပေါ် ရသင့်ရထိုက်သည့် ချေးငွေများအား ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့သည်။


ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအဖြစ် ၂၀၂၃ ခုနှစ်မှစ၍ ငွေကျပ်(၈)ဘီလီယံထုတ်ပေးခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိုက်ပျိုးရေးကဏ္ဍအတွက် ငွေကျပ်(၅.၅)ဘီလီယံ၊ မွေးမြူရေးကဏ္ဍအတွက် ငွေကျပ်(၁) ဘီလီယံနှင့် MSMEs ကဏ္ဍအတွက် ငွေကျပ်(၁.၅)ဘီလီယံ ထုတ်ချေးပေးနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ဒေသတွင်း MSMEs လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်များ ခေတ်မီသေသပ်လှပစွာ တိုးတက်ထုတ်လုပ်နိုင်ရေး ချေးငွေများ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)