နိုင်ငံတော်နှင့် ပြည်သူတစ်သားတည်းရှိရန် လိုအပ်ကြောင်းပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်နှင့် ပြည်သူတစ်သားတည်းရှိရန် လိုအပ်ကြောင်းပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား



MNP ၊ ဇန်နဝါရီ ၁၉

နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရှိရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေးပြောကြားသည်။


ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေး - မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့်ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။


ဦးစွာ တားဆီးကာကွယ် မီဒီယာအဆိပ်သင့်အန္တရာယ်နှင့် နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍ မှတ်တမ်းဗီဒီယိုကို ပြသသည်။


ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြည်သူများအား အသိအမြင်လွဲမှားစေရန်နှင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ဖေ့စ်ဘွတ်စာမျက်နှာများပေါ်တွင် မီဒီယာအချို့က သတင်းတု၊ သတင်းမှားများကို ရေးသားဖော်ပြ လျက်ရှိပါကြောင်း၊ ထို့ကြောင့် သတင်းမှန်များ သိရှိစေရန်အတွက် မိမိတို့ဝန်ကြီးဌာနက ရေးသားထုတ်ပြန်သည့် သတင်းစာများ၊ website များကိုဖတ်ရှုကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် နိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသည့် ပကတိအခြေအနေများကို အသိတရားဖြင့် ရှုမြင်သုံးသပ်၍ ယုံကြည်ကြစေလိုကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူတစ်သားတည်းရှိရန်လည်း လိုအပ်ပါကြောင်း။


၁၉၈၈ ခုနှစ်က မိမိတို့နိုင်ငံတွင် မင်းမဲ့စရိုက်ဆန်စွာလုပ်ဆောင်ခဲ့မှုများကြောင့် မြန်မာနိုင်ငံသား များ၏ ဂုဏ်သိက္ခာကျဆင်းရုံသာမက ကမ္ဘာတွင်အရှက်ရစေခဲ့ပါကြောင်း၊ ယခုတွင်လည်း အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ပြီး ဒုစရိုက်မှုအမျိုးမျိုး ကျူးလွန်နေကြပါကြောင်း။


နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် လူငယ်နှင့်ပညာရေးကဏ္ဍကို အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် စိုက်ပျိုးမွေးမြူရေး ဘာသာရပ်များကို ကြိုးစားသင်ယူ၍ အနာဂတ်တွင် မိမိနိုင်ငံ၊ မိမိဒေသ၊ မိမိပတ်ဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးကို လိုလားသည့်စိတ်၊ နိုင်ငံကို ချစ်သည့်စိတ်တို့ဖြင့် အကြမ်းဖက်မှုများကို ဝိုင်းဝန်းဆန့်ကျင်တိုက် ဖျက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်၏အရေးသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည့်အတွက် မိမိနှင့်သက်ဆိုင်သည့်ကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ဆွေးနွေးပွဲသို့တက် ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများသည် အနာဂတ်နိုင်ငံတော်၏သားကောင်းရတနာများဖြစ်၍ မိမိတို့တန်ဖိုးထားပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကအားထားရသည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း ပြောကြားသည်။


ယင်းနောက် ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ နန်းဆိုင်ဟွမ်က ကျေးဇူးတင်စကား ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပွဲသို့တက် ရောက်လာကြသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား MRTV DTH စလောင်းငါးစုံနှင့် DVB T2 Set Top Box ၆၅ လုံးတို့ကို မဲဖောက်၍ ပေးအပ်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)