မှတ်မှတ်ရရ ... ။
မိမိတို့အဖွဲ့ ကျောင်းဌာနချုပ်မှနေ၍ အင်အားစုဖွဲ့ စတင်ထွက်ခွာလာခဲ့သော အချိန်သည် ၅ - ၉ - ၂၀၂၃ ရက်နေ့ ည ၁၀ နာရီချိန်ခန့် ဖြစ်၏ ။
မူလရည်မှန်းချက်မှာ ပေါင်မြို့နယ် ဥတ္တံတားကျေးရွာ အနီးတဝိုက်တွင် ပိတ်ဆို့ ရှာဖွေမှုများ ပြုလုပ်ရန် ဖြစ်၏။ သို့သော်လည်း အထက်ဌာန၏ လိုလားချက်အရ ထပ်ဆင့်ရည်မှန်းချက်များကို ထပ်မံဆောင်ရွက်ခဲ့ရ၏။
ထိုအချိန်က အမှတ်( ၂၀၇ ) ခြေမြန်တပ်ရင်းမှ တံခွန်တိုင်စခန်းတွင် ပိတ်မိနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုများကို ကယ်ထုတ်ရန် တိုက်ပွဲဝင်နေသော အချိန် ဖြစ်သည် ။ မ ၂၀၇ မှ တိုက်ပွဲဝင်ရာတွင် ပစ်ကူအဖြစ် အမတ ( ၃၁၈ ) မှ တာဝန်ထမ်းဆောင်နေရာ မိမိတို့မှာ အမြောက်စခန်း လုံခြုံရေးတာဝန်အား ထပ်မံ ဆောင်ရွက်ခဲ့ရပြန်သည်။
တံခွန်တိုင်စခန်းအား မ ၂၀၇ မှ သိမ်းပိုက်ရရှိပြီး ပိတ်ဆို့ခံနေရသော မိသားစုများအား ကယ်ထုတ်၍ ရိက္ခာစုပုံခြင်းများ ဆောင်ရွက်ပြီးချိန်တွင် မိမိတို့အဖွဲ့ရှိ အများစုမှာ ကျောင်းဌာနချုပ်သို့ ပြန်လည်ဝင်ရောက်ခဲ့သော်လည်း မိမိတို့ကတော့ အမြောက်အဖွဲ့နှင့်အတူ ချောင်းနှစ်ခွ စခန်းသို့ ဆက်လက် ချီတက်ခဲ့ကြရ၏။
ချောင်းနှစ်ခွစခန်းသို့ မိမိတို့ စတင်ရောက်ရှိခဲ့ချိန်သည် ၂၉ - ၉ -၂၀၂၃ ရက်နေ့ ည ၇ နာရီချိန်ခန့်တွင် ဖြစ်၏။ နောက်တစ်ရက်တွင်တော့ မ ၃၅၈ ရင်းမှူး ဒုမှူးကြီး မျိုးကိုကိုဝင်း၏ ညွှန်ကြားချက်အရ အမြောက်အဖွဲ့မှာ စခန်းအတွင်း နေရာယူပြီး မိမိတို့အဖွဲ့ကား ချောင်းနှစ်ခွဆေးရုံ၏ အရှေ့ဘက်ခြမ်းရှိ လူမနေသော အိမ်များနှင့် မီးသတ်စခန်းတို့တွင် ဖြန့်ခွဲနေရာယူခဲ့ကြ၏။ မကြာခင် နာမည်ကျော် ချောင်းနှစ်ခွတိုက်ပွဲကြီးကား စတင်တော့မည် ဖြစ်သည် ။
အမှန်စင်စစ် ရန်သူသည် မိမိတို့အဖွဲ့ မရောက်ခင်ကပင် ချောင်းနှစ်ခွစခန်းအား Drone ဖြင့် Drop bomb ချခြင်း၊ ၄၀ မမ ဖြင့် ပစ်ခတ်ခြင်းများ နေ့စဉ်နှင့်အမျှ လုပ်ဆောင်နေခဲ့ပြီး ဖြစ်သည်။
မိမိတို့အဖွဲ့ ရောက်ရှိလာခဲ့ချိန်တွင်လည်း ရန်သူသည် သွေးတိုးစမ်း တိုက်ခဲ့မှုများ ထပ်မံ ပြုလုပ်ခဲ့ကြ၏။ ၁၁-၁၀-၂၀၂၃ ရက်နေ့တွင် ရန်သူ၏ Drone ဖြင့် Drop bomb ချ တိုက်ခိုက်မှုကြောင့် တကက - ကျော်ထက်လှိုင် အခြေပြုထားသော မီးသတ်စခန်းမှ စစ်သည်တစ်ဦး ထိခိုက် ဒဏ်ရာရရှိပြီး ဆေးရုံပို့ဆောင်ခဲ့ရ၏။ ၁၆ ရက်နေ့တွင်လည်း စစ်သည်တစ်ဦး ကျန်းမာရေး မကောင်းသဖြင့် ဆေးရုံသို့ ထပ်မံ ပို့ဆောင်ခဲ့ရပြန်ရာ တပ်စု တစ်စုစာ အင်အားတွင် စစ်သည် ၂ ယောက်ခန့် ထပ်လျော့သွားရပြန်သည်။ ပိုဆိုးသည်မှာ မိမိတို့မှာ ခြေလျင်တပ်ရင်းများကဲ့သို့ လက်နက်ခဲယမ်းများများ ပါလာကြသည် မဟုတ်။ သင်တန်းကျောင်းမှနေ၍ သင်တန်းသားများနှင့် လူစု၍ ထွက်ခွာလာရခြင်း ဖြစ်ရာ ခဲယမ်းသုံစွဲရာ၌ ကန့်သတ်ချက်များစွာ ရှိနေပြန်သည်။
မည်သို့ပင်ဖြစ်စေ ... ။
တပ်မတော်ကောင်းတစ်ယောက် ဟူသည် အထက်မှ ပေးအပ်သော ရည်မှန်းချက်တာဝန်ပြီးမြောက် အောင်မြင်ရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ဦးလည်မသုန် ကြိုးပမ်းဆောင်ရွက်ရချေတော့မည်သာပင်။ ကုန်းလမ်းခရီးဖြင့် ဖြစ်စေ၊ ရေလမ်းခရီးဖြင့်ဖြစ်စေ၊ လေကြောင်းခရီးဖြင့်ဖြစ်စေ၊ အထက်မှ ပေးအပ်သောတာဝန် ကျေပွန်အောင် ဦးဆွေးဆံမြေ့သည်အထိ ထမ်းဆောင်ပါ့မည်ဟု သစ္စာဆိုခဲ့ကြသည် မဟုတ်ပါလား။
ကိုယ့်ကိုယ်ကိုတော့ စိတ်ထဲမှနေ၍ အမြဲ အားပေးနေမိရသည်။ " fighting မင်းအောင်ရေ။ fighting ကွ။ အားမလျှော့နဲ့ " ဟူ၍ပင်။
နားထဲတွင်တော့ နာမည်ကျော် အသံသွင်း တိတ်ခွေဇာတ်လမ်းထဲမှ ကောလိပ်ဂျင်နေဝင်း၏ အသံကို တချက် တချက် ကြားယောင်နေမိခဲ့ရ၏ ။
"ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ ... လက်ညှိုးလေးတော့ ကွေးတတ်ရတယ်ကွ။ လွယ်သလား ခက်သလား ... ရာမ။ လွယ်သလား ... ခက်သလား ... ဟင်း ...ဟင်း ... ဟင်း "
( ဆက်ရန် )
မင်းထင်
https://t.me/MyanmarNationalPost
No comments:
Post a Comment