ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ (၇၂) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ (၇၂) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်


ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ


(၇၂) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ


(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်)


ချစ်ခင်လေးစားအပ်ပါသော ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူညီအစ်ကို မောင်နှမများခင်ဗျား-


ယနေ့ဇန်နဝါရီလ ၁၅ ရက်နေ့သည် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် ကယားတိုင်းရင်းသားများအတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ကယားပြည်နယ်နေ့ ဖြစ်ပါသည်။


ယခုကဲ့သို့ နှစ်သစ်ကူးအခါသမယတွင် ကျရောက်သည့် ကယားပြည်နယ်နေ့၌ ကယားတိုင်းရင်းသားများနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သ အပ်ပါသည်။


၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကရင်နီပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပြည်နယ်တစ်ခုအဖြစ် ပါဝင်ခဲ့ပြီး ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက် အက်ဥပဒေအရ လူထုဆန္ဒဖြင့် ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ် တရားဝင်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။ ထိုသို့ကယားပြည်နယ်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည့်နေ့ရက်ကို “ကယားပြည်နယ်နေ့” အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။


ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏အရှေ့ပိုင်း တောင်တန်းဒေသဖြစ်ပြီး တောတောင်ရေမြေသဘာဝအလှတရားများ၊ မြေပေါ်မြေအောက်သယံဇာတများ ပေါကြွယ်ဝကာ ရိုးရာယဉ်ကျေးမှုအလှတရားများဖြင့် သာယာလှပသော ပြည်နယ်ဖြစ်ပါသည်။ ရာသီဥတုမျှတပြီး ဒေသခံတိုင်းရင်းသားများ၏ ရင်းနှီးဖော်ရွေမှု၊ ရိုးသားမှုတို့ သည် ပြည်နယ်၏ နှစ်သက်စွဲလမ်းဖွယ်ရာ ဂုဏ်အင်္ဂါများပင်ဖြစ်ပါသည်။ သာယာလှပသည့်ရှုခင်း၊ သန့်ရှင်းသပ်ရပ်သည့်အခင်းအကျင်း၊ တိုင်းရင်းသားတို့၏ ပွင့်လင်းရိုးသားမှု၊ ဒေသခံသားချင်းများက ပြည်နယ်အကျိုးကို ဝိုင်းဝန်းဆောင်ရွက်မှုတို့ကြောင့် ဖွံ့ဖြိုးတိုးတက်ပြီး ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့သည့် ပြည်နယ်တစ်ခုလည်း ဖြစ်ပါသည်။


ထိုသို့ရရှိပြီးအခြေခံကောင်းများကို အမိအရဆုပ်ကိုင်၍ ကယားပြည်နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများက နိုင်ငံတော်အစိုးရနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ထာဝရငြိမ်းချမ်းရေးကို သားစဉ် မြေးဆက် ခံစားနိုင်အောင် တည်ဆောက်သွားကြရန် အထူးလိုအပ်နေချိန်ဖြစ်ပါသည်။


မိမိတို့မြန်မာနိုင်ငံသည် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ကြပြီး ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ သိက္ခာရှိရှိ နှစ်ပေါင်းထောင်ချီ လွတ်လပ်စွာရပ်တည်နေထိုင်ခဲ့ကြပါသည်။ သို့သော်လည်း နယ်ချဲ့တို့မှ မတရားကျူးကျော်စစ်သုံးကြိမ်ဖြင့် မြန်မာတစ်နိုင်ငံလုံးကို ကိုလိုနီနိုင်ငံအဖြစ် သွတ်သွင်းပြီး ကုပ်သွေးစုပ်ခြယ်လှယ်အုပ်ချုပ်ခဲ့ကြသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။


ထိုသို့ မတရားဖိနှိပ်အုပ်ချုပ်မှုအောက်မှ တိုင်းရင်းသားအားလုံးက မျိုးချစ်စိတ်အပြည့်အဝဖြင့် အသက်သွေးချွေးမြောက်မြားစွာ ပေးဆပ်ကာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင် ကြိုးပမ်းခဲ့ကြပါသည်။ လွတ်လပ်ရေးရချိန်တွင် လွတ်လပ်ရေးနှင့်အတူ နယ်ချဲ့တို့၏ သွေးခွဲ အုပ်ချုပ်သည့်အမွေဆိုးကြောင့် ပြည်ထောင်စုကြီးအတွင်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲကာ ပြည်တွင်းရေးပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ပါသည်။ ယခုကာလတွင်လည်း ကယားပြည်နယ် အပါအဝင် အထူးသဖြင့် တိုင်းရင်းသားများနေထိုင်ရာဒေသများတွင် လက်နက်ကိုင်တိုက်ပွဲများ ဖော်ဆောင်နေခြင်း၊ ဆူပူအကြမ်းဖက်၊ ဖျက်ဆီးနှောင့်ယှက်မှုများကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ ဒုက္ခများစွာ ခံစားနေကြရပြီး နိုင်ငံအတွက် အန္တရာယ်များလာနိုင်သဖြင့် သက်ဆိုင်သူအားလုံးနှင့် တိုင်းရင်းသားပြည်သူအားလုံးအနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် အလေးထား စဉ်းစားဆောင်ရွက်သင့်ပြီဖြစ်ကြောင်း အသိပေးပြောကြားလိုပါသည်။


ကယားပြည်နယ်တွင်လည်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဒေသတွင်းတည်ငြိမ်နေမှုများ ပျက်ပြားအောင်ဆောင်ရွက်ခြင်း၊ မြို့ရွာများကို တိုက်ခိုက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကုန်စည်စီးဆင်းမှု ပြတ်တောက်အောင် လမ်း၊ တံတားများကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းစသည်တို့အပြင် အများပြည်သူပိုင် မော်တော်ယာဉ်များ၊ အဆောက်အအုံများ၊ ဈေးများ ဖျက်ဆီးခြင်း၊ ဘုန်းကြီးကျောင်းများ၊ ကလေးသူငယ်များ ပညာသင်ကြားနေသော စာသင် ကျောင်းများ၊ ခရစ်ယာန်ဘာသာရေးကျောင်းများ၊ ရုံးအဆောက်အအုံများအစရှိသည်တို့ကို ဖျက်ဆီးခဲ့ခြင်းများသည် လွန်စွာမှ အကျည်းတန်ရုပ်ဆိုးလှပြီး ပြည်သူလူထု အတိဒုက္ခရောက်စေခြင်းကို ဖြစ်ပေါ်စေခဲ့ပါသည်။


ထိုအခြေအနေများ၏ အကျိုးဆက်သည် ကယားပြည်နယ်နှင့် ဒေသခံတိုင်းရင်းသားတို့၏ ကောင်းကျိုးကို ဖော်ဆောင်နိုင်မည်မဟုတ်သကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူအားလုံးအတွက် အန္တရာယ် ဖြစ်စေကြောင်း သတိထားဆင်ခြင်နိုင်ကြရန် လိုအပ်ပါသည်။


မိမိတို့ပြည်ထောင်စုဖွားတိုင်းရင်းသားများအနေဖြင့် မတူညီသော မိမိတို့ဆန္ဒများကို ရှေ့တန်းတင်ဆောင်ရွက်နေမည်ဆိုပါက အချင်းချင်းအကြား မပြေလည်မှုများ၊ ပဋိပက္ခများဖြင့် တည်ငြိမ်အေးချမ်းမှုကင်းမဲ့ ကာ ဆင်းရဲဒုက္ခများကို ဆက်လက်ရင်ဆိုင်နေကြရမည်သာ ဖြစ်ပါ သည်။ ထို့ကြောင့် နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို မှန်မှန်ကန်ကန်ရှုမြင်ပြီး ကောင်းကျိုးများ ဖြစ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။


ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူ ညီအစ်ကို မောင်နှမများ ခင်ဗျား-


တိုင်းရင်းသားပြည်သူအားလုံး၏ဆန္ဒအမှန်မှာ အေးချမ်းသာယာဝပြောရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် စားဝတ်နေမှုဖူလုံရေးပင် ဖြစ်ပါသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ တိုင်းရင်းသားပြည်သူများ အေးချမ်းစွာ ဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ကြမည်ဖြစ်ကာ လူမှုစီးပွားဘဝ တိုးတက်လာနိုင်မည်ဖြစ်ပါသည်။ လက်ရှိနိုင်ငံအတွင်း ကြုံတွေ့နေရသော အခက်အခဲများနှင့် ကြမ်းတမ်းခက်ထန်မှုများအတွက် အဓိကကျသောအဖြေမှာ အမျိုးသားရင်ကြားစေ့ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပင် ဖြစ်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုအရေး၊ နိုင်ငံရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အရေးကို အလေးပေးကာ တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူအားလုံးတို့က လက်တွဲညီစွာဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါသည်။


နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်လာအောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ တိုးတက်ကောင်းမွန်လာသော စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင်ပေးလျက်ရှိပါသည်။ တိုင်းရင်းသားပြည်သူအားလုံးက အမျိုးသားရေး ရည်မှန်းချက်များ အောင်မြင်ရေး ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအား အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေး မြှင့်တင်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လူငယ်လူရွယ်များအပါအဝင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည် အသိပညာ၊ အတတ်ပညာများ၊ စဉ်းစားတွေးခေါ်နိုင်သည့် စွမ်းရည်များ ပြည့်စုံကြရန် လိုအပ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။


ပညာရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ထို့ကြောင့်လည်း လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ရေး လူမှုရေးဦးတည် ချက် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေး၊ အနည်းဆုံးအလယ်တန်းအဆင့် (KG+9) ပြီးမြောက်သည်အထိ ပညာသင်ယူနိုင်ရေး၊ စက်မှု၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေး အသက်မွေးဝမ်းကျောင်းပညာကို အထက်တန်းအဆင့်တွင် သင်ယူနိုင်ရေးတို့ကို အကောင်အထည်ဖော်လျက်ရှိပါသည်။


လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ ပညာရည်မြင့်မားရေး၊ တိုင်းရင်းသားညီအစ်ကိုအားလုံး စည်းလုံးညီညွတ်ရေးတို့သည် အမျိုးသားရေးကိစ္စ၊ အမျိုးသားရေး အကျိုးစီးပွားပင်ဖြစ်ပါသည်။ လူငယ်များကို အတတ်ပညာနှင့်အတူ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ ရှင်သန်ကိန်းအောင်းလာပြီး အမှန်နှင့်အမှား၊ အကောင်းနှင့် အဆိုးကို စဉ်းစားဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသော ဥပဒေနှင့်စည်းကမ်းများကို လေးစားလိုက်နာပြီး စွမ်းဆောင်ရည်မြင့်မားသည့် နိုင်ငံ့သားကောင်း များဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးကြရပါမည်။ သို့မှသာ ဗလငါးတန်နှင့်ပြည့်စုံပြီး စွမ်းဆောင်ရည်မြင့်မားသည့် မျိုးဆက်သစ်များအဖြစ် အနာဂတ်နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်ကြမည် ဖြစ်ပါသည်။


ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမများ ခင်ဗျား-


ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး တိုင်းရင်းသားပြည်သူများအကြား တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်အခြေခံကောင်းများ ပွားများဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။


မိမိတို့ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ကြရာတွင် ကယားပြည်နယ်ရှိ တိုင်းရင်းသားများကလည်း အတွေးအခေါ် အယူအဆမှန်ကန်စွာဖြင့် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်းလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။


ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ


သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်


နိုင်ငံတော်ဝန်ကြီးချုပ်


ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)