အိန္ဒိယ - မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်နှင့်စပ်လျဉ်း၍ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယ - မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်နှင့်စပ်လျဉ်း၍ အစည်းအဝေးကျင်းပ



MNP ၊ ဇန်နဝါရီ ၂၇

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် Special Rupee Vostro Account (SRVA)ကို အသုံးပြု၍ ရူပီး/ကျပ်ဖြင့် တိုက်ရိုက်ငွေပေးချေမှု လုပ်ငန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် Rupee/ Kyat Trade Settlement Mechanism အား ရှင်းလင်းတင်ပြခြင်းဆိုင်ရာ အစည်းအဝေးကို ယမန်နေ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၌ ကျင်းပသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေနိုင်ရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန်၊ အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုကို လျှော့ချနိုင်ရန်၊ Exchange Rate Risk များ လျော့နည်းစေရန်နှင့် ပြည်တွင်း ငွေကြေးသုံးစွဲမှုကို မြှင့်တင်ရန် ရည်ရွယ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရူပီး-ကျပ် Trade Mechanism ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ရူပီး/ကျပ် ပေးချေမှုဆိုင်ရာ လုပ်ငန်းကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၊ အိန္ဒိယနိုင်ငံဗဟိုဘဏ် (Reserve Bank of India)၊ Department of Financial Services, Ministry of Finance, India တို့အကြား အပြန် အလှန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး Joint Concept Note Paper နှင့် Standard Operating Procedures (SOPs) များကိုလည်း အတည်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ “အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် Special Rupee Vostro Account (SRVA) ကို အသုံးပြု၍ ငွေပေးချေမှုလုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက် (Guideline)” အား သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက် များတောင်းခံ၍ ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ဖေဖော်ဝါရီလမှစ၍ ပေးချေမှုများ စတင်နိုင်တော့ မည်ဖြစ်ပါကြောင်း၊ ကုန်သည်များကိုလည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ အိန္ဒိယ ကုန်သည်များအသင်းတို့နှင့်ပူးပေါင်း၍ ရှင်းလင်းပွဲများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံမှ အဓိက တင်သွင်းနေသည့် ဆေးဝါးနှင့် ကုန်စည်များအတွက် ပေးချေရသည့် အမေရိကန်ဒေါ်လာ လိုအပ် ချက် လျော့နည်းသွားခြင်း၊ ကုန်သွယ်မှုအတွက် ငွေပေးချေမှု ပိုမိုလွယ်ကူစေခြင်း၊ ကုန်စည် စီးဆင်းမှု ပိုမိုအားကောင်းလာပြီး ထင်သာမြင်သာ ရှိလာစေခြင်း၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမို ကောင်းမွန်လာစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ရူပီး/ကျပ် ပေးချေမှုအတွက် ဆောင်ရွက်ခွင့်ပြုထား သည့်ဘဏ် (Designated Bank) များဖြစ်သည့် ယူအေဘီဘဏ်လီမိတက်နှင့် CB Bank PCL နှင့် Punjab National Bank တို့မှ Rupee/Kyat Trade Settlement Mechanism ကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီး ဌာန၊ ပြည်တွင်းအခွန်များ ဦးစီး ဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့မှ တာဝန်ရှိသူများက အိန္ဒိယ-မြန်မာကုန်သွယ်မှုအခြေအနေ များနှင့် ရူပီး/ကျပ်ဖြင့် တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်း စတင်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးကြပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားသည်။


အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့မှ အဆင့်မြင့်အရာထမ်းများ၊ ရူပီး/ကျပ် ပေးချေမှုဆိုင်ရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဆောင်ရွက်ခွင့်ပြုထားသည့်ဘဏ် (Designated Bank) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)