ချောင်းနှစ်ခွတိုက်ပွဲ ( သို့မဟုတ် ) စစ်သူရဲတစ်ဦး၏ အညတရမှတ်စုများ ( ၈ ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းနှစ်ခွတိုက်ပွဲ ( သို့မဟုတ် ) စစ်သူရဲတစ်ဦး၏ အညတရမှတ်စုများ ( ၈ )



" ကိုမင်းအောင် ... တပ်ရင်းမှူးကျသွားပေမယ့် ကိုမင်းအောင်တို့ အရာရှိတွေ ဦးစီးပြီး စခန်းကို မကျအောင် ကြံ့ကြံ့ခံတိုက်ကြပါ။ ကျွန်တော်တို့ စစ်ကူအမြန်ဆုံးရောက်နိုင်အောင် စီစဉ်နေပါတယ် "


" ဟုတ်ကဲ့ပါ ... အဘ " 


တိုက်ပွဲများ ပြင်းထန်လာချိန်မှာပင် စခန်းရှိ အကြီးဆုံးအရာရှိဖြစ်သူ တပ်ရင်းမှူး ကျသွားလေရာ အောက်လက်က အရာရှိ / စစ်သည်များ စိတ်ဓာတ်ကျမည်ကို အထက်လူကြီးများ စိုးရိမ်ကြဟန် ရှိသည်။ တိုင်းဦးစီး ဗိုလ်မှူးချုပ်နှင့် တိုင်းမှူးတို့မှ ချက်ချင်းပင် ဖုန်းဆက်ပြီး အားပေးစကားပြောကြ၏။


" ကိုမင်းအောင် ... ဖုန်းခဏ ကိုင်ထားပါ 

ကစထမှူးကြီး ပြောပါဦးမယ် "


" ဟုတ်ကဲ့ ... အဘ " 


အထက်လူကြီးများကား မိမိတို့စစ်သည်များအပေါ်  စိတ်ပူနေကြဟန် တူသည် ။ တိုင်းမှူးပြောနေစဉ်မှာပင် ကစထမှူးကြီးမှ သူပါ ပြောဦးမည်ဟု ဆိုလာ၏။


" ကိုမင်းအောင် ... "


" အမိန့်ရှိပါ ... အဘ "


" အေး ... တပည့်တို့ ဘာမှစိတ်ဓာတ်ကျစရာ မလိုဘူးနော်။ တို့ဆီက စစ်ကူ အမြန်ဆုံးရောက်အောင် စီစဉ်ပေးနေတယ် "


" ဟုတ်ကဲ့ပါ ... အဘ "


" ဒီညလည်း ဒီကောင်တွေ ထပ်လာလုံးနိုင်တယ်။ သတိ ဝီရိယအပြည့်နဲ့ နေကြပါ။ တစ်ဝက်အိပ် တစ်ဝက်နိုး နေကြပါ "


" ကျွန်တော်တို့ ညဘက်ဆို တစ်ယောက်မှ မအိပ်ပါဘူး အဘ။ နေ့ဘက်တော့ တိုက်ပွဲ မပြင်းထန်ရင် စစ်သည်တွေ အလှည့်ကျ နားကြပါတယ် "


" ကောင်းပြီ ... တစ်ခု ထပ်မှာချင်ပါသေးတယ်

အရှင်တော့ အဖမ်း မခံရပါစေနဲ့။ မိသွားရင် ဒီကောင်တွေ သတ်ပစ်ကြလိမ့်မယ်။ ကြံ့ကြံ့ခံ တိုက်ကြပါ။ တပ်မတော်သားတွေရဲ့ စိတ်ဓာတ်နဲ့ ဇွဲသတ္တိကို ပြကြပါ "


" စိတ်ချပါ ... အဘ 

ကျွန်တော်တို့ နောက်ဆုံး ကျည်တစ်တောင့်နဲ့ လူတစ်ယောက် ကျန်တဲ့အထိ ကြံ့ကြံ့ခံတိုက်သွားမှာပါ "


ရန်သူကား ပြီးခဲ့သည့်တိုက်ပွဲကာလအတွင်း မိမိတို့စစ်သည်များ၏ ရွပ်ရွပ်ချွံချွံခုခံမှုတို့ကြောင့် အထိနာသွားပုံရသည်။ စခန်းသိမ်းတိုက်ပွဲအဆင့်ကို ထပ်မံ တက်ရောက်နိုင်ခြင်း မရှိဘဲ  drop bomb ချပြီး၊ အဝေးမှနေ၍ စနိုက်ပါဖြင့်သာ မိမိတို့စခန်းကို ရင်ဆိုင်ထိန်းချုပ်ထားလျက် ရှိ၏။


၂၈ ရက်နေ့ ညနေပိုင်းတွင်တော့ ရန်သူ့စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် တပ်သား သိန်းထက်အောင်တစ်ယောက် ညာဘက်လက်ကောက်ဝတ်တွင် ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့သဖြင့် ၎င်းအား နှစ်ထပ်ဘန်ကာပေါ်သို့ ရွှေ့ပြောင်းခဲ့ရပြီး တပ်သား ငယ်ဒွေးအား အစားထိုး နေရာယူစေခဲ့ရ၏။


၄ - ၁၂ - ၂၀၂၃ ရက်နေ့ ... ။


နေ့လယ်ခင်းအချိန်တွင် လေယာဉ်သံ ကြားရလေရာ ကတုတ်ကျင်းထဲမှ တဆင့် အပြင်ကို အရဲစွန့်ကြည့်ရသည်။ ဒီနေ့ ရိက္ခာနှင့် ခဲယမ်းအချို့ကို လေကြောင်းမှ တဆင့် Air drop ချပေးမည် ဖြစ်သည် ။


ရန်သူက စနိုက်ပါသေနတ်များဖြင့် ထောက်ထားသည့် ကြားမှ လေကြောင်းက ချပေးသော ရိက္ခာထုပ်များ၊ ခဲယမ်းထုပ်များကို ကောက်ရမည်ဖြစ်ရာ စိတ်ထဲမှာတော့ အတော့်ကို လေးလံနေမိရသည်။ မကောက်လို့ကလည်း မရ။ ရန်သူ့လက်ထဲ ထိုပစ္စည်းများ ရောက်သွားလျှင် ယောက်ဖကို ကြက်ဥတိုက်သည်ထက် ပိုဆိုးတော့မည်ဖြစ်ရာ အရဲစွန့်၍ ကောက်ရပေလိမ့်မည်။


" ဝေါ ... "

" လေယာဉ် လာပြီ ... ဗိုလ်ကြီး " 

" ခဏစောင့် ... သူတို့ချပေးတဲ့ အထုပ် ဘယ်နားကျတယ်ဆိုတာ ကြည့် ။ အထုပ်နဲ့ အနီးဆုံးနေရာထိ ဆက်သွယ်ရေးမြောင်းအတိုင်း သွားပြီးမှ တက်ဆွဲ ။ ဆွဲပြီးတာနဲ့ အကာအကွယ်ကို ချက်ချင်း ပြန်ဝင် ။ ဇော်ထက်နဲ့ ကောင်းမြတ်နိုးဉီး မင်းတို့ ၂ ယောက် သွားရမယ် ။ အထုပ်ကျတာကို ကြည့်တားလိုက် "

" ဟုတ်ကဲ့ .... ဗိုလ်ကြီး "


" ဝေါ "


လေယာဉ်ကား စခန်းပေါ်ဝဲပြီး ရိက္ခာနှင့် ခဲယမ်း ၂ ထုပ်ကို Air drop ချပေးသွား၏။ အထုပ်တစ်ခုကား စခန်းတွင်းကျသော်လည်း တစ်ထုပ်က စခန်းအပြင်မှာ။


" ကျပြီ ... သွားတော့  ... ပြေး ... ပြေး " 


တပ်သား ဇော်ထက်နှင့် ကောင်းမြတ်နိုးဦးတို့ နှစ်ယောက် အထုပ် ၂ ထုပ်စီသို့ နေရာခွဲပြေးကြ၏။


" ဒိုင်း " 

" ဒိုင်း "


ဘယ်အချိန်ကတည်းက စောင့်ကြိုနေမှန်း မသိသော စနိုက်ပါသေနတ်သံများက လေကို ခွင်း၍ နားစည်ကို ဆောင့်၏ ။ 


" ဟေ့ကောင်တွေ ... ပစ်နေတယ် ....မြန်မြန်လုပ် " 

" ဒိုင်း ... " 

" အား ... " 


ရန်သူ့ကျည်တစ်တောင့်က အထုပ်ကို ဆွဲပြီး  ဘေးက အနီးဆုံးပစ်ကျင်းထဲသို့ အတင်းပြေးဝင်နေသော တပ်သားဇော်ထက်၏ ဘယ်ဘက်ခြေထောက်ကို ဖောက်ဝင်သွား၏။ ဇော်ထက် ခွေခနဲ လဲကျသွားစဉ်မှာပင် နောက်ကျည်တစ်တောင့်က ၎င်း၏ ညာဘက် ခြေထောက်ကို ထပ်မံ ထိုးဖောက်သွား၏။


" ဇော်ထက် ... ကျင်းထဲ လှိမ့်ချ ... ကျင်းထဲ လှိမ့်ချ "


" ဒိုင်း ... "


ရန်သူက အော်ဟစ်သတိပေးနေသော မိမိထံ တစ်ချက် လှမ်းပစ်၏။ ဇော်ထက်ကား ကံကောင်းထောက်မစွာပင် ကျင်းထဲ လှိမ့်ချရင်း လွတ်သွား၏။


" ဒိုင်း "


နောက်ထပ် သေနတ်သံတစ်ချက်။ ဒီတစ်ခါ ရန်သူ့ပစ်မှတ်က တပ်သားကောင်းမြတ်နိုးဦးထံသို့။


ကောင်းမြတ်နိုးဦးတစ်ယောက် အထုပ်ကို ဆွဲ၍ ဘေးက ကျင်းထဲ ခုန်ချသော်လည်း အနည်းငယ်တော့ ဒဏ်ရာရသွားလေသည်။


ညနေကား စောင်းလေပြီ။

ရန်သူကား သူတင် ကိုယ်တင် မချဉ်းကပ်လာတော့ဘဲ စနိုက်ပါများဖြင့်သာ စခန်းတစ်ခုလုံးအား ထောက်ထား၏။မိမိတို့အား အမှည့်ချွေ ချွေပြီး အားနည်းမှ ဝင်လုံးရန် ကြံစည်နေဟန် ရှိသည်။


မိမိတို့မှာလည်း တောင့်ခံနေသည့်ကြားမှပင် ဒဏ်ရာရ စစ်သည်များ များပြားလာလျက် ရှိကြသည်။ ယနေ့လည်း ဒဏ်ရာရ စစ်သည်နှစ်ဦးကို နှစ်ထပ်ဘန်ကာပေါ်သို့ ထပ်မံ ပို့လိုက်ရပြန်၏။ ခဲယမ်းအချို့နှင့် ရိက္ခာတို့ ရလာ၍ စိတ်သက်သာရာ ရမိပြန်သော်လည်း မိမိစစ်သည် ၂ ယောက် ဒဏ်ရာရသွားရာ စိတ်မကောင်းဖြစ်မိရပြန်လေသည် ။


ညနေစောင်းချိန် စစ်သည်များ ခဲရာခဲဆစ်ယူရသော အထုပ် ၂ ထုပ်ကို ဖြေကြည့်မိ၏။ သွေးစွန်းနေသော ဆန်များကို တွေ့ရတော့ ရင်ထဲ နင့်ခနဲ ဖြစ်သွားမိရသည်။ 


သြော် ... အသက်နှင့်ရင်းရသော ထမင်းထုပ်များပါတကား ။


( ဆက်ရန် )

မင်းထင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)