ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်လှုံ့ဆော်သူ ရည်မွန် က ပြည်သူ့စစ်မှုထမ်းဥပဒေ အား စစ်ကျွန်ပြုဥပဒေ ဟု ခေါင်းစဉ်တပ်ကာ လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေမှုများ လုပ်ဆောင်လျက်ရှိသည်။
အကြမ်းဖက်လှုံ့ဆော်သူ ဝရမ်းပြေး ရည်မွန် က "ဒီရက်ပိုင်း မအလစစ်အုပ်စု ထုတ်ပြန်တဲ့ စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး တတိုင်းတပြည်လုံး အုပ်အော်သောင်းနင်း ဖြစ်နေတယ်။ ဒီဥပဒေ ထုတ်ပြန်တာဟာ မြန်မာပြည်သူလူထုနဲ့ မြန်မာလူငယ်တွေအပေါ် စစ်အုပ်စုရဲ့ ဗြောင်ကျကျ စစ်ကျွန်ပြုမှု နောက်ထပ်ပြယုဂ်တစ်ခုလို့ ဆိုရမယ်၊။ ဗိုလ်မအလက စစ်မှုထမ်းဥပဒေကို ဘာကြောင့်ထုတ်ပြန်သလဲ-တစ်ခွန်းထဲ ဖြေရရင် အကြမ်းဖက်စစ်တပ်မှာ လူမရှိတော့လို့ပဲ။ သူ့မှာ အမာခံတိုက်ခိုက်ရေးအင်အားက တပ်မ ၁၀ခု၊ စကခ ၂၀ ပေါင်း ၃၀ ၊ အကြမ်းဖျင်း တပ်ရင်း၃၀၀လောက် ရှိတယ်။(နောက် မြို့စောင့်နယ်စောင့် တိုင်းတပ် ဒကစတပ် တပ်ရင်း ၂၀၀ခန့်ရှိဦးမယ်။)
အခုဆို အမာခံတိုက်ခိုက်ရေး တပ်မ၊ စကခ ၃၀အနက် သုံးပုံနှစ်ပုံဟာ ချိနဲ့ပျက်ပြုန်းသွားခဲ့ပြီ။တပ်မ စကခမှူးအမြောက်အမြား သေဆုံး/ဖမ်းဆီးခံခဲ့ရပြီး ဖြစ်သလို ရင်းလိုက်ပြုတ်တာကော ဖွဲ့စည်းပုံပျက်သွားတဲ့ တပ်တွေကော မနည်းတော့ဘူး။ သူ စစ်ရှုံးနေပြီ၊ သူ့မှာ အင်အားမရှိတော့ဘူးဆိုတာ သူဝန်မခံချင်ဘူး၊ လူသိမခံချင်ဘူး။ အမျိုးမျိုး ဖာထေးတယ်၊ ပျူရွာတွေ ပြည်သူ့စစ်တွေမွေးတယ်၊ စစ်မှူထမ်းဟောင်းတွေ ပြန်ခေါ်တယ်၊ ဝန်ထမ်းတွေ သေနတ်ကိုင်ခိုင်းတယ်၊ ထောင်သားတွေ ထုတ်သုံးတယ်၊သို့သော် မလုံလောက်ဘူး။" အစရှိသဖြင့် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေမှုများ လုပ်ဆောင်နေသည်ကို ပြည်ဖျက်မီဒီယာများက ပြန်လည်ဖော်ပြမှုများ လုပ်ဆောင်လျက်ရှိသည်။
အခုတော့ သူ့မှာ လူမရှိတော့ဘူးဆိုတာ ဝန်မခံလို့ မရတော့ဘူး၊ လူသိမခံလို့ မရတော့ဘူး။အယူတိမ်းလို့ နတ်စိမ်းဖြစ်ခဲ့ရတဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ကြီးအဖို့ သူ့မှာ ကူကယ်ရာ မရှိတော့ဘူး။ဒီလိုနဲ့ နောက်ဆုံးကဒ်ကို ထုတ်သုံး၊ ပြည်သူကို အတိအလင်း ဆန့်ကျင်ပြီး စစ်ကျွန်ပြုရတော့တယ်။သူ့ရဲ့ နောက်ဆုံးကဒ်ကတော့ စစ်မှူထမ်းဥပဒေပဲ ဖြစ်တယ်။
ပြည်သူ့စစ်မှုထမ်း ဥပဒေထွက်ပေါ်လာပြီးနောက် NUG အကြမ်းဖက်အဖွဲ့ဝင်များနှင့် ပြည်ဖျက်မီဒီယာများက လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေမှုများ လုပ်ဆောင်နေသည့်အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးနေမျိုးထက် က "ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးမယ်လို့ စပြီး ထုတ်ပြန်တဲ့နေ့ကစပြီး ပြည်ဖျက်မီဒီယာတွေမှာ နည်းမျိုးစုံနဲ့ ပေါက်ပန်းစေး လုပ်ကြံဖန်တီးရေးသားဖော်ပြမှုတွေ တွေ့လာရပါတယ်။ ပြည်သူတွေကြားထဲမှာလည်း စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။ ပြည်သူတွေက ပြည်ဖျက်မိစ္ဆာတွေရဲ့ သဘောကို မသိကြတာပါ။ ပြည်ပြေး ဝရမ်းပြေးတွေ က အစိုးရဘာပဲလုပ်လုပ် အများပြည်သူ နားလည်မှုလွဲမှားအောင် လုပ်မယ်။ မလိုလားအပ်တဲ့ ရေးသားလှုံ့ဆော် ပြောဆိုမှုတွေနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာအောင် ဖန်တီးမယ်။ အစိုးရအနေနဲ့က ဥပဒေတစ်ရပ်ထုတ်ပြန်ပြီး ဥပဒေနဲ့အညီပဲ လုပ်လို့ရတယ်။ ဥပဒေမှာ အများပြည်သူ အခက်တွေ့စေမယ့် ပြဋ္ဌာန်းချက်ဆိုတာလည်း မပါဘူး။ ခေတ်ကာလအခြေအနေအရ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဒီစနစ်ကျင့်သုံးနေတာပဲ။ အနောက်နိုင်ငံတွေမှာလည်း ဒီစနစ်နဲ့ သွားနေတာပဲ။ ဒါက စိုးရိမ်ရမယ့် အခြေအနေမဟုတ်ဘူး။ ပေါက်ပန်းစေလုပ်ကြံဖန်တီးရေးသားဖြန့်ဝေနေတဲ့သူတွေ အားလုံး ဒီသဘောတရားကို သိတယ်။ NLD အစိုးရလက်ထက်မှာ ဒီဥပဒေပြဋ္ဌာန်းမယ်ဆိုရင် ပြည်ပြေး ဝရမ်းပြေးတွေရော၊ ပြည်ဖျက်မီဒီယာတွေရော ဘယ်သူမှ မကန့်ကွက်ဘူး။ ယုံလား။ ဒါမျိုးက သူတို့ပြဋ္ဌာန်းချင်နေတဲ့ ဥပဒေထဲက တစ်ခုပဲဖြစ်တယ်။ သူတို့ အာဏာလက်မဲ့ ဖြစ်ပြီး အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်နေတော့ ပြည်သူတွေကို စစ်မှုမထမ်းစေချင်ဘူး။ သူတို့လက်အောက်မှာ အကြမ်းဖက်သမားလုပ်စေချင်တာ။ သူတို့ရဲ့ လှုံ့ဆော်မှုတွေက အဲဒီကို ဦးတည်နေပါတယ်။" ဟု သုံးသပ်ပြောဆိုသည်။
တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အစဉ်သဖြင့် လုပ်ဆောင်လျက်ရှိသည့် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ဝင်များနှင့် ပြည်ဖျက်မီဒီယာများမှာ အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် အစဉ်အဆက် လုပ်ဆောင်ခဲ့ကြပြီး ကျောင်းနေအရွယ်ကလေးများကိုလည်း ကျောင်းမတက်ဘဲ ကျောင်းထွက်ရန် လှုံ့ဆော်ခဲ့ကြသည်။ ထိုသို့ လှုံ့ဆော်နေသော်လည်း ဝရမ်းပြေး ရည်မွန်၏ သမီးဖြစ်သူမှာ အမေရိကန်တွင် ကျောင်းတက်လျက်ရှိသည်။
ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးသမားများနှင့် ပြည်ဖျက်မီဒီယာများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ လုပ်ကြံဖန်တီးရေးသားဖြန့်ဝေမှုများ လုပ်ဆောင်နေခြင်းကြောင့် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပြောဆိုမှုများ လုပ်ဆောင်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိသည်။
#News
No comments:
Post a Comment