စည်းကမ်းရှိသော၊ စနစ်တကျရှိသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဖြစ်စေရန် မျှော်မှန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စည်းကမ်းရှိသော၊ စနစ်တကျရှိသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဖြစ်စေရန် မျှော်မှန်းဆောင်ရွက်



MNP ၊ ဖေဖော်ဝါရီ ၆

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်သည် ယမန်နေ့က ဥက္ကဋ္ဌရုံးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေ၊ တာဝန်ရှိသူများနှင့်အတူ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် သင်တန်းတက်ရောက်နေကြသည့် ဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်း သင်တန်းသားသင်တန်းသူများ၊ တက္ကသိုလ်မှ သင်ကြားရေးနှင့် အုပ်ချုပ်မှုဌာနများမှ ဆရာဆရာမများကို ရတနာခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။


ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ကောင်းမွန်သော အစိုးရတစ်ရပ်ကသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရ၏မူဝါဒများကို လက်တွေ့အကောင်အထည်ဖော်ရသည့် စွမ်းဆောင်ရည်မြင့်မားသော နိုင်ငံ့ဝန်ထမ်းအဖွဲ့ အစည်းများဖြစ်ရေးသည် ကောင်းမွန်သည့် အစိုးရအဖွဲ့ဖြစ်ရေးအတွက် အလွန်အရေးကြီးသော အချက်ဖြစ်ပါကြောင်း၊ မူဝါဒများ အကောင်အထည်ဖော်ဆောင်ရွက်သည့်နေရာတွင်လည်း ပြည်သူ့အကျိုးသာ ပဓာန အာဏာထူထောင်ရေးသည် သာမညဆိုသည့် ခံယူချက်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း။


ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးချယ်တင်မြှောက်ခြင်းခံရသော အစိုးရအဖွဲ့သည် (၅)နှစ် (၁)ကြိမ် ပြောင်းလဲနေမည်ဖြစ်ပြီး အဆိုပါအစိုးရအဖွဲ့များသည် ၎င်းတို့၏ နိုင်ငံရေးယုံကြည်ချက်ကို အခြေခံပြီး နိုင်ငံနှင့်ပြည်သူလူထုတို့၏ တည်ငြိမ်လုံခြုံရေး၊ လူမှုအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် မတူညီသောမူဝါဒ၊ လုပ်ငန်းစဉ်များ ရှိကောင်းရှိမည်ဖြစ်သော်လည်း နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတည်ရှိနေသရွေ့ တစ်ဆက်တည်းရှိနေရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ကို ရွေးချယ်၊ ဖွဲ့စည်း၊ လေ့ကျင့်၊ ပြုစုပျိုးထောင်ပေးရေးသည်တည်ငြိမ်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံတော်တည်ဆောက်ရေးတွင် အလွန်အရေးပါသည့်အချက်ဖြစ်ကြောင်း။


ထိုသို့ ရွေးချယ်၊ ဖွဲ့စည်း၊ လေ့ကျင့်၊ ပြုစုပျိုးထောင်နိုင်ရန်အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး နိုင်ငံရေးစနစ်ပေါ်အခြေခံ၍ အစိုးရအဖွဲ့ပြောင်းလဲမှု ရှိသော်လည်း ဝန်ကြီးဌာနများအလိုက် တာဝန်ယူကြရသည့် လုပ်ငန်းကဏ္ဍအလိုက်၊ အဆင့်အလိုက် လုပ်ငန်းများ စဉ်ဆက်မပြတ်မှန်မှန်ကန်ကန်လုပ်ဆောင်ပြီး နိုင်ငံ့အကျိုးရှေးရှု၍ ပြည်သူလူထုကို အလုပ်အကျွေးပြုနေသည့် စည်းကမ်းရှိသော၊ စနစ်တကျရှိသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဖြစ်စေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း။


စွမ်းအားရှိ၍ စည်းကမ်းပြည့်ဝပြီး စနစ်တကျရှိသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဖြစ်စေရန် နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ယူသည့်ကာလအတွင်း အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခဲ့ရာ နိုင်ငံ့ဝန်ထမ်းစုစုပေါင်း ၃၇၅၁၄ ဦးကို လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ခဲ့ကြောင်း၊ လေ့ကျင့်ပြုစုပျိုးထောင်ပေးသည့်နေရာတွင် လုပ်ငန်းခွင်ဆိုင်ရာ အတတ်ပညာများအပြင် ကာယကျန်းမာရေး၊ စိတ်ပိုင်းကျန်းမာရေးအတွက်လည်း မျက်ခြည်မပြတ် ဂရုတစိုက်ပြုစု ပျိုးထောင်ပေးလျက်ရှိကြောင်း၊ ယခုနှစ်အတွင်း သွားလာရေးအခက်အခဲကြောင့် သင်တန်းကင်းလွတ်ခွင့်တောင်းခံသူ စုစုပေါင်း ၂၉၇ ဦး၊ ကျန်းမာရေးကိစ္စကြောင့် စနစ်တကျဆေးကုသခံယူရန် သင်တန်းကင်းလွတ်ခွင့်ဖြင့် ပြန်လည်စေလွှတ်သူ ၇၃ ဦးရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းတွေကို အဆင့်အလိုက်၊ ကဏ္ဍအလိုက် လေ့ကျင့်ပေးသည့်နေရာတွင် နိုင်ငံ့ဝန်ထမ်းများ၏ ကာယကျန်းမာရေးနှင့် စိတ်ကျန်းမာရေးကိုလည်း မျက်ခြည်မပြတ် မိဘသဖွယ် ဆောင်ရွက်ပေးနေသည်ကို သိရှိကြစေလိုကြောင်း၊ တစ်ဦးချင်းစီကလည်း ကာယကျန်းမာရေးနှင့် စိတ်ကျန်းမာရေး ကောင်းမွန်ပြည့်စုံနေရန် ကိုယ်စီထိန်းသိမ်းကြရမည်ဆိုသော အသိရှိနေရန်လိုကြောင်း။


မိမိတို့ နိုင်ငံအပေါ်တွင် အကျပ်ကိုင်ခဲ့မှုများကြောင့် မတည်မငြိမ်ဖြစ်ပြီး ကသောင်းကနင်းဖြစ်နေသည့် အခြေအနေအရပ်ရပ်ကို ပြန်လည်တည့်မတ်ရန် ကြိုးပမ်းဖော်ဆောင်ရာတွင် နိုင်ငံတော်အစိုးရသည် ပြည်သူလူထု၊ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ချိန်က အရှေ့တောင်အာရှတွင် အင်အားကြီးသည့် လက်နက်နိုင်ငံတော်တစ်ခုဖြစ်ခဲ့ရာမှ အားနည်းသည့် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း၊ မပီပြင်သည့် စီမံအုပ်ချုပ်ရေးအခြေအနေဖြစ်ပေါ်ခဲ့ချိန်များတွင် အချုပ်အခြာအာဏာဆုံးရှုံးရသည်အထိ ဖြစ်ခဲ့သည်ကို သမိုင်းကြောင်းအရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံခေတ်ဦး ပုဂံ နိုင်ငံအဖြစ်တည်ထောင်ခါစကာလမှသည် ခေတ်အဆက်ဆက်ဘုရင်များသည် နိုင်ငံတော် နယ်နိမိတ် ချဲ့ထွင်နိုင်ရေးနှင့် နိုင်ငံတော်နယ်နိမိတ်တည်ငြိမ်ရေးတို့အတွက် လိုအပ်သော အုပ်ချုပ်စီမံမှုတွေဆောင်ရွက်သည့်နေရာတွင် မြို့ရွာများကို ဆယ်ပြု၊ ရာပြု၊ ထောင်ပြု စသည်ဖြင့် သတ်မှတ်ခြင်း၊ လိုအပ်ချိန်တွင် စစ်အင်အားကို အလျင်အမြန်တိုးချဲ့ဖွဲ့စည်းနိုင်သည့် စီမံအုပ်ချုပ်မှုစနစ်ရှိခဲ့ခြင်းများကြောင့် ပြည်ပကျူးကျော်မှုများကို ဟန့်တားနိုင်ခဲ့ပါကြောင်း၊ သို့သော်လည်း စည်းစနစ်ကျသည့် ဝန်ထမ်းအဖွဲ့အစည်း မတည်ဆောက်နိုင်ခဲ့သဖြင့် နှစ်ကာလတစ်ခုတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆုံးရှုံးခြင်းများ၊ လျော့နည်းခြင်းများရှိခဲ့ပါကြောင်း၊ ကုန်းဘောင်ခေတ် နောက်ဆုံးပိုင်းတွင်လည်း စနစ်တကျစီမံခန့်ခွဲမှု (နိုင်ငံ့ဝန်ထမ်းစနစ်) မရှိခဲ့ခြင်းကြောင့် နိုင်ငံဆုံးရှုံး သွားခဲ့သဖြင့် နှစ်ပေါင်း (၁၀၀)ကျော်အထိ ပြန်လည်တည်ဆောက်ခဲ့ရခြင်းကို သင်ခန်းစာယူပြီး နောက်ထပ် အလားတူ အမှားမျိုးထပ်မံမဖြစ်ပေါ်စေရန် စနစ်တကျအားကောင်းသော စီမံအုပ်ချုပ်မှုစနစ် (နိုင်ငံ့ဝန်ထမ်းစနစ်) တည်ဆောက်ရန်လိုကြောင်း။


သို့အတွက် မွန်မြတ်သောတာဝန်များကို ထမ်းဆောင်နိုင်ရန် ဝန်ထမ်းတစ်ဦးချင်းစီကလည်း မိမိတို့၏ ကိုယ်ကာယကျန်းမာရေး၊ စိတ်ကျန်းမာရေးကို ပြုစုပျိုးထောင်ကြရန်နှင့် သမိုင်းသင်ခန်းစာများကို သိရှိကြပြီး ပြည်သူအကျိုးကိုရှေးရှုသည့် ဒီမိုကရေစီကျင့်စဉ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းများအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး တာဝန်ဝတ္တရားများ အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါစေကြောင်းမှာကြားပြီး တက်ရောက်လာကြသော ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)