MNP ၊ ဖေဖော်ဝါရီ ၁၉
အငြိမ်းစားဥပဒေအရာရှိများအသင်း၏ သက်ကြီးဆရာများ ကန်တော့သည့် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဌေးအောင်၊ အငြိမ်း စားဥပဒေအရာရှိများအသင်းမှ တာဝန်ရှိသူများနှင့် အသင်းသား/သူများ၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ တာဝန်ရှိသူ များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တေးဂီတအဖွဲ့မှ ကြိုဆိုဂါရဝပြုသီချင်း သီဆိုခဲ့ပြီး ကန်တော့ခံ အငြိမ်းစားဥပဒေအရာရှိ သက်ကြီး ဆရာများအား တက်ရောက်လာကြသော တပည့်များက ရိုသေလေးစားစွာ ပူဇော်ကန်တော့ခဲ့ကြသည်။ ဆက်လက်၍ ကန်တော့ခံ သက်ကြီးဆရာများက ဩဝါဒစကားများ အသီးသီး ပြောကြားခဲ့ပြီး ကန်တော့ခံ သက်ကြီးဆရာများအား ဂါရဝပြုလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် ကန်တော့ခံ သက်ကြီးဆရာများကိုယ်စား ကန်တော့ခံ သက်ကြီးဆရာတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အငြိမ်းစားဥပဒေအရာရှိများအသင်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ချက်အခြေအနေများကို အသင်း၏ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဆရာဦးသန်းအောင်က ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တေးဂီတအဖွဲ့မှ နှုတ်ဆက်ဂါရဝပြုသီချင်း သီဆိုခဲ့ပြီး တက်ရောက်လာကြသူ များသည် ကန်တော့ခံ အငြိမ်းစားဥပဒေအရာရှိ သက်ကြီးဆရာများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment