သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူသွားမည်ဖြစ်ပြီး လုပ်ငန်းအချိန်ဇယားအရ ရှေ့ပြေးအစီရင်ခံစာထုတ်ပြန်ခြင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ဖို့ လျာထားဆောင်ရွက်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူသွားမည်ဖြစ်ပြီး လုပ်ငန်းအချိန်ဇယားအရ ရှေ့ပြေးအစီရင်ခံစာထုတ်ပြန်ခြင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ဖို့ လျာထားဆောင်ရွက်သွားမည်








နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် သန်းခေါင်စာရင်းသည် လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်ထောင်စုများ၏ ဝိသေသလက္ခဏာများကို ရရှိနိုင်သည့် အရေးကြီးသော ရင်းမြစ်တစ်ခုဖြစ်သည်။ သန်းခေါင်စာရင်း၏ ထူးခြားသောအရည်အသွေးတစ်ခုမှာ အုပ်ချုပ်မှုဧရိယာ အသေးငယ်ဆုံးအဆင့်ထိ အချက်အလက်များကို ပံ့ပိုးပေးနိုင်ခြင်းပင်ဖြစ်သည်။ ကောက်ယူရရှိသော အချက်အလက်များသည် အုပ်ချုပ်မှုနယ်ပယ်အဆင့်တိုင်းတွင် ထိရောက်သော ဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲခြင်းနှင့် အထောက်အထားပေါ်အခြေခံသော ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့အတွက် မရှိမဖြစ်လိုအပ်သည်။

သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော အချက်အလက်များသည် နိုင်ငံတော်၏ သယံဇာတရင်းမြစ်များ ခွဲဝေသတ်မှတ်ခြင်း၊ နယ်မြေဧရိယာ နယ်နိမိတ်များကို ပြန်လည်ဆန်းစစ်နိုင်ခြင်း၊ လူမှုအခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ချမှတ်ရေးဆွဲခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ စသည်တို့အတွက် အသုံးဝင်သည်။

၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ရေးသားလိုက်ရပါသည်-


မေး။ သန်းခေါင်စာရင်းကောက်ယူရခြင်းနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြား ပေးစေ လိုပါတယ်။

ဖြေ။ နိုင်ငံတစ်နိုင်ငံမှာ လူဦးရေ ဘယ်လောက်ရှိတယ်။ ကျေးလက်နဲ့ မြို့ပြတွေမှာ နေထိုင်မှု အခြေအနေတွေက ဘယ်လိုရှိတယ်။ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုချင်းစီရဲ့ လူဦးရေနဲ့ လူမှုစီးပွား အခြေအနေတွေ ဘယ်လိုရှိတယ်ဆိုတာ အနီးစပ်ဆုံးနဲ့ အမှန်ကန်ဆုံးသိရှိမှသာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းတွေ၊ မူဝါဒတွေချမှတ်ရာမှာ ထိရောက်ပြီး တိုးတက်မှုရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံရဲ့ လူဦးရေကို သိရှိနိုင်ဖို့ သန်းခေါင်စာရင်းကောက်ယူ ရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နှစ် ၃၀ ကြာ မကောက်ယူနိုင်ခဲ့တဲ့ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူနိုင်ခဲ့တယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ အကျိုးကျေးဇူးတွေကတော့ နှစ်ပေါင်းများစွာ နိုင်ငံရဲ့ လူဦးရေကို ခန့်မှန်းတဲ့နေရာမှာ အချိန်ကြာမြင့်လာတာနဲ့အမျှ မြေပြင်အခြေအနေနဲ့ကွာဟချက် ကြီးမားလာတာကို ပြင်ဆင်နိုင်သကဲ့သို့ လူမှုစီးပွားဆိုင်ရာ အညွှန်းကိန်းအတော်များများ ရရှိခဲ့တဲ့အတွက် နိုင်ငံတော်အနေနဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ များစွာအထောက်အပံ့ဖြစ်စေပါတယ်။ ဒါ့ကြောင့်  မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့အညီ ၁၀ နှစ် တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူဖို့ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရတဲ့ ရည်ရွယ်ချက်တွေကတော့ မြန်မာနိုင်ငံရဲ့ တိကျမှန်ကန်တဲ့ လူဦးရေနဲ့ လူမှုစီးပွားဆိုင်ရာ စာရင်းအင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိဖို့၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့ လူမှုစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုတွေကို နှိုင်းယှဉ်လေ့လာသုတေသနပြုပြီး လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်တွေအတွက် မူဝါဒတွေ ချမှတ်နိုင်ဖို့၊ စီမံကိန်းတွေ၊ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ရေးဆွဲဆောင်ရွက်နိုင်ဖို့၊ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP) ကို အကောင်အထည်ဖော်ရာ၌ လိုအပ်တဲ့ အညွှန်းကိန်းတွေပံ့ပိုးပေးနိုင်ဖို့ မြန်မာနိုင်ငံအမျိုးသား စာရင်းအင်းစနစ် (National Statistical System)ရဲ့ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ (National Strategy for Development of Statistics-NSDS) ကို အထောက်အပံ့ပြုနိုင်ရန်နဲ့ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေး အထောက်အကူဖြစ်စေရန်တို့အတွက် ဖြစ်ပါတယ်။


မေး။ သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့ အခြားနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပါဝင်ဆောင်ရွက်မှုကိုလည်း သိပါရစေ။           

ဖြေ။ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကိုတော့ နိုင်ငံတော်ရဲ့ ဘဏ္ဍာရန်ပုံငွေနဲ့သာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဆက်စပ်ဝန်ကြီးဌာနတွေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့တွေရဲ့ ပူးပေါင်း‌ပါဝင်မှုတွေနဲ့သာ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ လူဦးရေစာရင်းမှန်ကန်ရေး လုပ်ငန်းတွေမှာ ပါဝင်ပူးပေါင်းဆောင် ရွက်လျက်ရှိပါတယ်။


မေး။ သန်းခေါင်စာရင်း အချက်အလက်တွေ ဘယ်အချိန်လောက်မှာ ထုတ်ပြန်သွားမှာလဲ သိပါရစေ။

ဖြေ။ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမှာဖြစ်ပြီး လုပ်ငန်းအချိန်ဇယားအရ ရှေ့ပြေးအစီရင်ခံစာထုတ်ပြန်ခြင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ဖို့ လျာထားဆောင်ရွက်သွားမှာဖြစ်တယ်။ ဆန်းစစ်လေ့လာခြင်းနဲ့ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အစီရင်ခံစာတွေကို ၂၀၂၅ ခုနှစ်အတွင်းမှာ ပြုစုထုတ်ပြန်ပေးနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။


မေး။ သန်းခေါင်စာရင်းကောက်ယူရာမှာ အရပ် ဘက်အဖွဲ့အစည်းတွေ ဘယ်လိုပါဝင်နိုင် သလဲ သိပါရစေ။

ဖြေ။ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာမှာ စာရင်းစစ်၊ စာရင်းကောက်တွေအဖြစ် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်တွေအလိုက် ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေနဲ့ စိတ်ပါဝင်စားသူ (Volunteer) ‌တွေက ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။


မေး။ သန်းခေါင်စာရင်းကောက်ယူရာမှာ ဘယ်သူ တွေကိုကောက်ယူမှာလဲ သိပါရစေ။

ဖြေ။ သန်းခေါင်စာရင်း ကောက်ယူရာမှာ သန်းခေါင်စာရင်း ရည်ညွှန်းချိန်သတ်မှတ်ပြီး အဆိုပါရည်ညွှန်းချိန်တွင် မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်သူအားလုံးကို စာရင်းကောက်ယူမှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်းတွင် သမားရိုးကျ အိမ်ထောင်စုတွေမှာ နေထိုင်သူတွေသာမက အဖွဲ့အစည်းတွေဖြစ်တဲ့ ဘိုးဘွားရိပ်သာတွေ၊ မိဘမဲ့ဂေဟာတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ အကျဉ်းထောင်တွေ၊ ဘော်ဒါဆောင်တွေ၊ ဆေးရုံတွေ၊ တပ်ရင်းတပ်ဖွဲ့တွေမှာ နေထိုင်သူတွေနဲ့ အိမ်ခြေရာခြေမဲ့တွေအပါအဝင် လူအားလုံးကို စာရင်းကောက်ယူ မှာဖြစ်ပါတယ်။


မေး။ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းမှာ အသုံးပြုမယ့် CAPI စနစ်အကြောင်း သိပါရစေ။

ဖြေ။ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက် ယူရာတွင် နိုင်ငံတကာမှာ အသုံးပြုနေတဲ့ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူသည့်စနစ် (Computer Assisted Personal Interviewing – CAPI) ကို အသုံးပြုကောက်ယူသွားမှာဖြစ်ပြီး Mobile Tablet အတွင်းထည့်သွင်းထားတဲ့ စာရင်းကောက်ယူမယ့် ပရိုဂရမ်တွေ အသုံးပြုပြီး စာရင်းကောက်တွေက မိမိတာဝန်ကျရာစာရင်း ကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် စာရင်းကောက်ယူသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကောက်ယူရရှိတဲ့ အချက်အလက်တွေဟာ ဆာဗာအတွင်းကို အချိန်နဲ့တစ်ပြေးညီ ရောက်ရှိသွားမှာဖြစ်သလို အချက်အလက်တွေ ဆန်းစစ်ရာမှာလည်းများစွာ အထောက်အကူဖြစ်စေပါတယ်။


မေး။ သန်းခေါင်စာရင်းရဲ့ အရေးပါမှုနဲ့ ပတ်သက်လို့ ပြည်သူလူထုသိရှိအောင် ဘယ်လိုစီမံဆောင်ရွက်နေသလဲဆို တာ ရှင်းပြပေးပါဦး။

ဖြေ။ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းနဲ့ပတ်သက်ပြီး အများပြည်သူတွေကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်နိုင်ဖို့အတွက် သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိ ပါတယ်။ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း၊ အသိပညာပေးခြင်း အစီအစဉ်တွေကို နိုင်ငံပိုင်မီဒီယာတွေ၊ ဝက်ဘ်ဆိုက်တွေ၊ အွန်လိုင်းမီဒီယာတွေကတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ခရိုင်မြို့ကြီးတွေမှာ Billboard စိုက်ထူခြင်း၊ ပိုစတာတွေ၊ တိုင်းရင်းသားဘာသာတွေနဲ့ လက်ကမ်းစာစောင်တွေ ပြုစုဖြန့်ဝေခြင်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

သန်းခေါင်စာရင်းကောက်ယူရေး အကြိုလှုပ်ရှားမှုတွေအဖြစ် ဖိတ်ခေါ်ဆောင်းပါးပြိုင်ပွဲတွေ၊ လှုံ့ဆော်ရေးသီချင်းတွေ၊ သန်းခေါင်စာရင်းအသိပညာပေး ရုပ်/ သံဇာတ်လမ်းတိုတွေနဲ့ ရေဒီယိုဇာတ်လမ်းတိုတွေ ရိုက်ကူးထုတ်လွှင့်ခြင်းတွေကို သတ်မှတ်အချိန်ဇယားအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။


တွေ့ဆုံမေးမြန်း - သန်းတင်အောင် (ကြေးမုံ)၊ ခင်နှင်းယု (ကြေးမုံ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)