MNP ၊ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီတွင် အ.ထ.က (၁) ဇလွန်၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာန ဒု-ဦးစီးမှူး ဦးချစ်လွင်ထွေးက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်တာဝန်ကြီး (၄) ရပ်၊ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသတ်ဆေးဘူး၏အချက်အလက်များနှင့် အသုံးပြုပုံတို့ကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဒု-ဦးစီးမှူး ဦးချစ်လွင်ထွေးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အ.ထ.က(၁) ဇလွန် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်တိုင်မီးငြှိမ်းသတ်နိုင်ရေး ကိုယ်တိုင်လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ညွှန်ကြားချက်များနှင့်အညီ မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ စျေးများ၊ ကျောင်းများ၊ တည်းခိုခန်းများ၊ စက်ရုံအလုပ်ရုံများ၊ သာသနိကအဆောက်ဦများ၊ လူနေအိမ်များအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့်နေ့စဥ် အရှိန်အဟုန်မြှင့်လိုက်လံစစ်ဆေးအကြံပြု သတိပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment