ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများ တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများ တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



နေပြည်တော်၊ ဖေဖော်ဝါရီ  ၂၉

ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများ တိုးမြှင့်အကောင် အထည်ဖော်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ)၌ ကျင်းပရာ စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တက်ရောက်အမှာ စကားပြောကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်း၏ သဘော သဘာဝသည် အရင်းအနှီးများပြားပြီး စွန့်စားလုပ်ဆောင်ရမှု လည်းကြီးမားကြောင်း၊ ခေတ်မီနည်းပညာများ အသုံးပြုခြင်းဖြင့်သာ စွန့်စားလုပ်ဆောင်ရမှု (Risk)ကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများပြားသဖြင့် ပြည်တွင်းသာမက နိုင်ငံ တကာ အဖွဲ့အစည်းများကိုပါ ဖိတ်ခေါ် ဆောင်ရွက်ကြရပါကြောင်း၊ ရေရှည်လုပ်ငန်း ဖြစ်သည့်အပြင် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းလုပ်ကိုင်ရသည်ဖြစ်၍ နှစ်ဖက်သဘော တူစာချုပ်စာတမ်းများ ချုပ်ဆိုဆောင်ရွက်ကြရာတွင် နိုင်ငံတော် အတွက်ဆုံးရှုံးနစ်နာမှုမရှိစေရေး သက်ဆိုင်ရာနယ်ပယ်တွင် ကျွမ်းကျင်သည့် ဥပဒေပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်၍ သေချာသည့် စည်းနှောင်မှုများဖြင့်ချုပ်ဆိုနိုင်ရန် အရေးကြီးကြောင်း၊ နိုင်ငံတော်၏ စွမ်းအင်အရင်း အမြစ်များသည် ကန့်သတ်ချက် ရှိသည့် Limited Resource များဖြစ်၍ ကျွမ်းကျင်ပညာရှင်များနှင့် တာဝန်ရှိသူများဖြစ်သည့် အားလျော်စွာ သတိကြီးစွာထား၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း။

သဘာဝ ဓာတ်ငွေ့များကို ကုန်ကြမ်းအနေဖြင့် အသုံးပြုနေခြင်းထက် ရေရှည်တွင် ထုတ်ကုန် အဖြစ်ပြောင်းလဲ ထုတ်လုပ်သွား ရန် စီမံဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယခုလက်ရှိ  သဘာဝဓာတ်ငွေ့ထုတ်လုပ်ပေးလျက်ရှိသည့် ကမ်းလွန်သဘာဝ ဓာတ်ငွေ့ စီမံကိန်းများသည် နှစ်ကာလ ကြာမြင့်ပြီဖြစ်သဖြင့် အချို့စီမံကိန်းများသည် ထွက်ရှိ မှုလျော့နည်း ကျဆင်းလာနေပြီ ဖြစ်ကြောင်း၊ ထို့ကြောင့်လက်ရှိ စီမံကိန်းများကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ဆောင်ရွက်ဆဲ စီမံကိန်းများကို သတ်မှတ်ထားသည့် အချိန်အတွင်းပြီးစီးရေး၊ စီမံကိန်း အသစ်များ ထပ်မံဖော်ဆောင်နိုင်ရေး အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အဖွဲ့ အစည်းများမှ တာဝန်ရှိသူများက ကုန်းတွင်းနှင့် ကမ်းလွန်စီမံကိန်းများမှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ရေတိုရေရှည် ဆောင်ရွက်သွားမည့် အစီအမံများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေး ခဲ့ကြောင်းသိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)