မွန်တိုင်းရင်းသားတို့၏ မွန်အမျိုးသားနေ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်တိုင်းရင်းသားတို့၏ မွန်အမျိုးသားနေ့



လူမျိုးဆိုသည်ကို အဓိပ္ပာယ်ဖွင့်ရပါက သုခဒုက္ခ အတူမျှဝေခံစားကြ၍ နီးနီးစပ်စပ်အကျိုးချင်းထပ်ကာ နှစ်ပရိစ္ဆေဒရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်သည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့်ဘာသာတရား၊ ပြောဆိုသည့် ဘာသာစကားတို့ကို အရေးထားလေးစားရမည် ဖြစ်သော်လည်း စင်စစ်အေးအတူ၊ ပူအမျှ ကောင်းတူဆိုးဖက်ပူးပေါင်းလျက် နေလိုသော အစဉ်အလာ ဆန္ဒအာသီသအပေါ်တွင် ဝံသာနုရက္ခိတတရားသည် ကြံ့ခိုင်တည်မြဲနေပေမည်။ (ဤသည်မှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ၂၁-၁-၄၆ ရွှေတိဂုံ အလယ်ပစ္စယံ ဖဆပလညီလာခံတွင် ပြောကြားခဲ့သော စကားဖြစ်သည်။)


လဆုတ်ပက္ခ၌တည်သော လဝန်းနှယ်

အမှန်ကိုဆိုရသော် အမျိုးဇာတိသွေး၊ အမျိုးဇာတိဝိညာဉ် မရှိသောသူတို့သည် လွန်စွာအမြော်အမြင် ကင်းမဲ့ရာကျပေလိမ့်မည်။ ရှေးအတိတ်အခါက မိမိအမျိုးဇာတိ၏အကြောင်းကို ကောင်းစွာမသိ၊ မဆင်ခြင်နိုင်၊ ယခုလက်ရှိ ပစ္စုပ္ပန်တစ်ခေတ်တစ်ခါမျှဖြင့်သာ တင်းတိမ်ရောင့်ရဲလျက် မူးဝေနစ်မြောသောသူတို့မှာ လူဖြစ်ရှုံးကြကုန်သည်။ မိမိကိုယ်ကို ဆဲရေး၊ မိမိ မိဘဘိုးဘွားကိုလည်း ပုတ်ခတ်၊ ဇာတိသွေး၊ ဇာတိဝိညာဉ်မရှိသောသူများ များပြားခဲ့ပါလျှင် ထိုသူတို့၏ အမျိုးအနွယ်ဝင်များသည် ကြီးပွားထွန်းကားလာနိုင်ခြင်းမဲ့ကာ လဆုတ်ပက္ခ၌တည်သော လဝန်းနှယ်တစ်နေ့တခြား လျော့ပါးဆုတ်ယုတ်ရမည်သာ အမှန်ဖြစ်တော့သည်။


မိမိတို့ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ယနေ့တွေ့ရှိရသည့် တိုင်းရင်းသား လူမျိုးစုများအနက် မွန်လူမျိုးသည် ရှေးအကျဆုံးဖြစ်သည်။ အမျိုးအနွယ်အားဖြင့် မွန်လူမျိုးသည် မွန်ဂိုလွိုက်အနွယ်ဝင်ဖြစ်သော ဗမာနှင့် အနွယ်တူကြသည်။ သို့သော် ဘာသာစကားအနေ ဖြင့် မွန်လူမျိုးသည် မွန်-ခမာ အုပ်စုဝင်ဖြစ်ပြီး တိဗက်-ဗမာအုပ်စုဝင်ဖြစ်သော ဗမာတို့နှင့် ဘာသာစကားဘက်၌ လုံးဝကွဲပြားကြသည်။ ဘာသာစကားဘက်တွင် ကွဲပြားခြားနားကြသော်လည်း အမျိုးအနွယ်ဘက်တွင် တူညီကြသဖြင့် မွန်နှင့်ဗမာတို့သည် ရုပ်ရည်လက္ခဏာကိုကြည့်လျှင် မည်သူက မွန်၊ မည်သူကဗမာဟူ၍ ခွဲခြားပြရန် အလွန်ပင်ခက်ခဲ လှပေသည်။


မွန်တို့၏ မူလဒေသရင်း

ဘီစီ ၂၀၀၀ ခန့်တွင် မူလနေထိုင်သူ နီဂရီတိုခေါ် ကပ္ပလီအနွယ်ဝင်များကို ရင်ဆိုင်လျက် မွန်များရောက်ရှိလာပြီး ဆန်စပါးစိုက်ပျိုးရေးယဉ်ကျေးမှုကို ပြန့်ပွားထွန်းကားစေခဲ့ကြောင်း ပါမောက္ခဒေါက်တာလု(စ်)၏ အာဘော်အရသိမှတ်ကြရသည်။ မွန်တို့၏ မူလဒေသရင်းမှာ မွန်ဂိုလီးယားပြည် တရုတ်အရှေ့ တောင်ပိုင်း တုန်ကင်လွင်ပြင်မှဖြစ်ကြောင်း ဒေါက်တာလု(စ်) ကဆိုသည်။


ထိုင်း(ယိုးဒယား)နိုင်ငံတောင်ပိုင်း ဒွါရဝတီနိုင်ငံဟူ၍ အင်ဒိုချိုင်းနား၌ ထင်ရှားသည့် ရှေးဟောင်းမွန်ကျောက်စာများကို အထောက်အထားပြုလျက် မွန်တို့တည်ထောင်အခြေချခဲ့သည်။ ထိုမှပရပထုံ မွန်ကျောက်စာအရ အေဒီ ၁၀ ရာစုနှစ်ကျော် ခမာ(ခေါ်) ကမ္ဘောဒီးယားလူမျိုး၏ ရန်ပြုမှုကြောင့် ဇင်းမယ်အနီး ဟာရီဗုဉ္စခေါ် လန်ဖွန်းသို့ ပြောင်းရွှေ့သည်။ ထိုမှ ထိုင်း(ယိုးဒယား)လူမျိုးများက ဖိလာပြန်သဖြင့် ၁၂ ရာစု၊ ၁၃ ရာစုနှစ်များတွင် ဒွါရဝတီမွန်တို့ ပျက်လွင့်ပြန်ကာ မြန်မာနိုင်ငံတောင်ပိုင်း သံလွင်မြစ်ဝ ဘီလူးကျွန်းရှိ နီဂရီတိုတို့ကို ရင်ဆိုင်တိုက်ခိုက် ရောက်ရှိလာခြင်းဖြစ်ကြောင်း ပညာရှိတို့က ရေးသားခဲ့ကြသည်။


မွန်လူမျိုး မြို့ပြနိုင်ငံ ထွန်းကားခဲ့

ထိုမှ ပထမမွန်မင်းဆက် ၅၇ ဆက် (သထုံသီဟရာဇာမှ မနူဟာမင်းအထိ) မွန်လူမျိုးမြို့ပြနိုင်ငံ ထွန်းကားခဲ့သည်။ ယင်းနောက် မွန်နှင့်ဗမာတို့သည် ပုဂံခေတ် (အနော်ရထာမင်းစော-ကောဇာ ၄၁၀)မှစ၍ ဆက်ဆံပေါင်းသင်းလာခဲ့ကြသဖြင့် ယဉ်ကျေးမှုချင်း အများဆုံးရောစပ်ခဲ့ကြသည်။ မွန်နှင့်ဗမာတို့သည် ဘာသာစကားကွဲပြားစေကာမူ မွန်ဂိုလွိုက်အနွယ်တူဖြစ်၍ အထက်တွင်ဆိုခဲ့သည့်အတိုင်း ရုပ်သွင်တူညီကြပြန်သဖြင့် သာ၍ရင်းနှီးချစ်ခင်ခဲ့ကြသည်။


မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိ၍ တိုင်းရင်းသားလူမျိုးအချင်းချင်း ညီရင်းအစ်ကိုတမျှ သွေးစည်းညီညွတ်စွာ ပေါင်းစည်းနေထိုင်ကြရေးသည် မရှိမဖြစ်အရေးပါလျက်ရှိသည်။ လူမျိုးတိုင်းသည် မိမိတို့၏ မယိမ်းမယိုင်သောမြဲခိုင်သည့် သမိုင်းကြောင်းအရ ကိုယ်စီကိုယ်စီအမျိုးသား နေ့များရှိကြသည်ပင်ဖြစ်သည်။ ကရင်အမျိုးသားနေ့၊ ရှမ်းအမျိုးသားနေ့ စသည်ဖြင့်ရှိကြသည်။


(၇၇)နှစ်မြောက် မွန်အမျိုးသားနေ့

ထို့ကြောင့် မွန်လူမျိုးတို့သည်လည်း မွန်အမျိုးသားနေ့ဟူ၍ ရှိပါသည်။ နှစ်စဉ်နှစ်တိုင်း တပို့တွဲလပြည့်ကျော် ၁ ရက်နေ့သည် မွန်အမျိုးသားနေ့ဖြစ်ပါသည်။ ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ်(ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်) သည် (၇၇)နှစ်မြောက် ကျရောက်သောနှစ်ဖြစ်သည်။ မွန်အမျိုးသားနေ့၏ သမိုင်းကြောင်းသည်ကား-


“ဖဆပလအဖွဲ့ချုပ်၏ ဦးဆောင်မှုကိုခံယူထားသော မွန်တိုင်းရင်းသားအစည်းအရုံးသည် အသံသာရှိပြီး အဆန်မရှိသော အစည်းအရုံးဖြစ်သည်ဟု ဖဆပလအမှုဆောင်အဖွဲ့က ပုတ်ခတ်လာသည်ကို တန်ပြန်သည့်သဘောဖြင့် ၁၉၄၆ ခုနှစ်ကုန်ခါနီးတွင် (ယခင်ကျိုက္ခမီမြို့နယ်) ယခုသံဖြူဇရပ်မြို့နယ် ပငရွာတွင် မွန်အမျိုးသားညီလာခံတစ်ရပ်ကို ကျင်းပကြသည်။ ၎င်းညီလာခံသို့ မွန်အမျိုးသားထောင်ပေါင်းများစွာ တက်ရောက်ကြသည်။ ၎င်းညီလာခံ၏ ဆုံးဖြတ်ချက်တစ်ခုမှာ သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့သည် သမလနှင့် ဝိမလညီနောင်နှစ်ပါးတို့သည် (ကျမ်းဂန်လာအရ)သိကြားမင်း၏ အကူအညီဖြင့် ဟံသာဝတီ ပဲခူးမြို့ကို စတင်တည်ထောင် သည့်နေ့ကိုယူပြီး နှစ်စဉ်တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန်ဟူ၍ ဖြစ်သည်။


မွန်တိုင်းရင်းသားအစည်းအရုံး

ထိုစဉ်က မွန်တိုင်းရင်းသားအစည်းအရုံး၏ ဗဟိုအလုပ်အမှုဆောင်ကို ရွေးကောက်တင်မြှောက်ကြရာ အမှုဆောင်တွင် ဥက္ကဋ္ဌ မွန်ဦးဖိုးချို၊ ဒုဥက္ကဋ္ဌ နိုင်အောင်ထွန်း၊ အထွေထွေအတွင်းရေးမှူး မွန်သန်း၊ တွဲဖက်အတွင်းရေးမှူး နိုင်ချမ်းမွန်၊ ပြန်ကြားရေးနှင့် ဝါဒဖြန့်ချိရေးနိုင်မွန်ထော (ဆရာဟို)၊ စည်းရုံးရေး မွန်ထွန်းရင်၊ ဆရာစိန်၊ နိုင်ထွန်းခင်၊ နိုင်အောင်လှငွေစသောပုဂ္ဂိုလ်များကို တင်မြှောက်ကြကြောင်း သိရသည်။


သို့ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတို့တွင် လူမျိုးတစ်မျိုးဖြစ်သော မွန်တိုင်းရင်းသားတို့၏ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် (ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့)တွင် ကျရောက်မည့် “(၇၇)နှစ်မြောက် မွန်အမျိုးသားနေ့” အား ကြိုဆိုဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။


မှတ်ချက်။ ။ ဆရာ နိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်းတို့ ရေးသားပြုစုသည့် “မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း” စာအုပ်အခန်း(၈)မှ ကောက်နုတ်တင်ပြပါသည်။


ရာမည-သွေးမွန်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)