ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်မံအသိပေးလိုသည့်အချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်မံအသိပေးလိုသည့်အချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်



ကျွန်တော့်အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံသူ၊ နိုင်ငံသားများ မိဘပြည်သူများကို သိသင့်သိထိုက်တာတွေ၊ အသိပေးရမှာတွေကို စဉ်ဆက်မပြတ် တင်ပြအသိပေးလျက်ရှိပါတယ်။ ဒီနေ့မှာလည်း ထပ်မံအသိပေးတင်ပြလိုတာတွေကို တင်ပြသွားပါမယ်။ 

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ပြည်သူလူထုသိရှိအောင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ တစ်ကြိမ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ YMBA နဲ့ တွေ့ဆုံတဲ့အချိန်မှာ တစ်ကြိမ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ ပြည်ပနိုင်ငံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ သံအမတ်ကြီးတွေ၊ သံရုံးယာယီတာဝန်ခံတွေအနေနဲ့ တွေ့ဆုံတဲ့အခါမှာ အရန်တပ်ဖွဲ့ဥပဒေနဲ့ပတ်သက်ပြီး တစ်ကြိမ်ပြောကြားခဲ့ပါတယ်။ 

ဒီပြောကြားချက်တွေကို ကျွန်တော်ထပ်မံအသိပေးလိုပါတယ်။ ဒီပြည်သူ့စစ်မှုထမ်းဥပဒေဟာ နိုင်ငံတော်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေး အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ဖို့ ယခင်ကတည်းကတိုင် ပြဋ္ဌာန်းခဲ့တဲ့ဥပဒေဖြစ်တဲ့အကြောင်း၊ အဲ့ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ တွက်ချက်ချင့်ချိန်ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံအတွက်လည်းဝန်ထုပ်ဝန်ပိုးမဖြစ်ရန်ဆိုတဲ့အကြောင်းနဲ့ သတ်မှတ်အပိုင်းအခြားအတွင်းမှာ သင့်တင့်လျှောက်ပတ်တဲ့ အင်အားသာတာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး ရှဉ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ အခြေအနေဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပထမဦးဆုံးပြောကြားခဲ့ပါတယ်။ ဒါလေးကို ကျွန်တော်တို့မိဘပြည်သူများသိအောင် ထပ်မံတင်ပြလိုပါတယ်။ 

နောက်တစ်ခုကတော့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ YMBA နဲ့ တွေ့ဆုံချိန်အခါမှာလည်း သတ်မှတ်အသက်အပိုင်းအခြားအတွင်းမှာ သင့်တင့်လျှောက်ပတ်တဲ့အင်အားကိုသာ သတ်မှတ်ကာလအတွင်း တာဝန်ထမ်းဆောင်စေရန်ဖြစ်ပြီး နိုင်ငံတော်အတွက်၊ ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားတဲ့ဥပဒေကို လေ့လာခြင်းမရှိဘဲနဲ့ အခြေအမြစ်မရှိတဲ့သတင်းမှားတွေ ထင်မြင်သုံးသပ်ချက်တွေပေါ်အခြေခံပြီး သွေးထိုးလှုံ့ဆော်နေတာတွေရှိလို့ မိဘပြည်သူများသတိပြုကြရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သံအမတ်ကြီးတွေနဲ့တွေ့ဆုံတဲ့အခါမှာလည်း အရန်တပ်ဖွဲ့ဥပဒေနဲ့ပတ်သက်ပြီး အရန်တပ်ဖွဲ့ဥပဒေကို စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမယ်လို့ဆိုလိုတာ မဟုတ်ဘဲနဲ့ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်တာဝန်ပေးအပ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူလူထုအားလုံးသိရှိအောင် နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ 

ဒါ့အပြင်နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ မကြာခဏပြောကြားခဲ့တာတွေရှိပါတယ်။ နိုင်ငံတစ်ခုတည်ဆောက်ဖို့၊ နိုင်ငံတစ်ခုတည်မြဲဖို့အတွက် နိုင်ငံရေးစွမ်းအား POLITICAL MIGHT၊ စီးပွားရေးစွမ်းအား ECONOMIC MIGHT နဲ့ ကာကွယ်ရေးစွမ်းအား MILITARY MIGHT ကောင်းဖို့ လိုအပ်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒီအထဲမှာ စီးပွားရေးစွမ်းအားက အဓိကပဲ။ ဒါမှ ကျန်တဲ့စွမ်းအားတွေကို မြှင့်တင်နိုင်တယ်ဆိုတာလည်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဒီစီးပွားရေးနဲ့ပတ်သက်ပြီးတော့ သီအိုရီတွေ အယူအဆတွေမျိုးစုံရှိပေမယ့် ရှုပ်ရှုပ်ထွေးထွေး မပြောလိုပါဘူး။ တစ်ခုပဲပြောလိုပါတယ်။ စီးပွားရေးအင်အားတောင့်တင်းဖို့ဆိုရင် ရိုးရိုးရှင်းရှင်းလေး ကျမ်းရိုးဘောဂဗေဒမှာ ပြောထားတဲ့အတိုင်း ကုန်ထုတ်စွမ်းအားစုတွေတောင့်တင်းဖို့လိုတယ်။ ကုန်လုပ်ဆက်ဆံရေးစနစ်တကျခိုင်မြဲဖို့လိုပါမယ်။ ကုန်ထုတ်စွမ်းအားစုဆိုတဲ့ ဆန်းသစ်တဲ့အယူအဆတွေမျိုးစုံပေါ်လာမှုနဲ့ ယခင်ကျမ်းရိုးဘောဂဗေဒအတိုင်းဆိုရင်တော့ LAND LABOUR CAPITAL ပါပဲ။ ကုန်ထုတ်စွမ်းအားစုနဲ့ မြေယာလုပ်အား အရင်းအနှီးပါပဲ။ အစိုးရတစ်ရပ်အနေနဲ့ ဒါတွေကို အလေးအနက်ထားပါတယ်။ 

လုပ်အားဆိုတဲ့နေရာမှာ လူသားအရင်းအနှီး HUMAN CAPITAL သည်အလေးထားရမှာဖြစ်ပါတယ်။ ဒီထဲမှာ LABOUR လုပ်အားဆိုတာပါပါတယ်။ ဒါတွေကို ကျွန်တော်တို့က အစိုးရတစ်ရပ်အနေနဲ့ အမြဲတမ်းအလေးထားဆောင်ရွက်လျက်ရှိပါတယ်။ ခုနကပြောတဲ့ နိုင်ငံရေးစွမ်းအားတွေ၊ စီးပွားရေးစွမ်းအားတွေ၊ ကာကွယ်ရေးစွမ်းအားတွေ ဒီနိုင်ငံတော်အတွက်လိုအပ်တဲ့စွမ်းအားစုတွေကို တည်ဆောက်တဲ့အခါမှာ ကျွန်တော်တို့အစိုးရအနေနဲ့ ဘက်ညီမျှတစွာကျင့်သုံးသွားမှာပဲဖြစ်ပါတယ်။ ဒါတွေကို ပြည်ဖျက်မီဒီယာတွေ တချို့သော EAOs တွေကကောလာဟလထုတ်လွှင့်ပြီး ပြည်သူလူထုစီးပွားဘဝ မငြိမ်မသက်ဖြစ်အောင်၊ ပြည်သူလူထုစိုးရိမ်ထိတ်လန့်မှုတွေဖြစ်အောင် လုပ်ဆောင်နေတာမျိုးတွေ ကျွန်တော်တို့ တွေ့ရပါတယ်။ ကျွန်တော်ယခင်ကလည်း အင်အားနဲ့တကွ တွက်ချက်တင်ပြပြီးဖြစ်ပါတယ်။ 

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နိုင်ဖို့အတွက် ထမ်းဆောင်နိုင်တဲ့၊ အကျုံးဝင်နိုင်တဲ့ အင်အား ၁၃ သန်းရှိပါတယ်။ ဒီအထဲမှာ အမျိုးသားအင်အားက ၆ သန်းကျော်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်စေရာမှာ ဒီအမျိုးသားဦးရေ ၆ သန်းထဲကမှ ၁ ရာခိုင်နှုန်း ၆ သောင်းနီးပါးလောက်ပဲ ကျွန်တော်တို့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါတွေကလည်း အလှည့်ကျ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်တဲ့နေရာမှာ အခြားနိုင်ငံတွေမှာလည်း အလှည့်ကျအကျုံးဝင်တဲ့အလျှောက် တာဝန်ထမ်းဆောင်ရတာ ဖြစ်ပါတယ်။ 

နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ပြီးလျှင် ဦးစားပေးအလိုက် ဝန်ထမ်းခန့်အပ်တာတွေ၊ ဦးစားပေးအလိုက် အလုပ်ခန့်ထားတာတွေ ဒါတွေသည်လည်း ရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော့အနေနဲ့ ဒီနေ့မှာရှင်းလင်းပြောကြားလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းများကို ခေါ်ဆိုတဲ့နေရာမှာ အမျိုးသမီးတွေကို လတ်တလောခေါ်ယူဖို့ အစီအစဉ်မရှိသေးကြောင်း ရှင်းလင်းစွာပြောကြားလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)