(၂၉)ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှ ဆုံးဖြတ်ချက် ၁၃ ချက်ကို အတည်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၉)ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှ ဆုံးဖြတ်ချက် ၁၃ ချက်ကို အတည်ပြု



MNP ၊ ဖေဖော်ဝါရီ ၂၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံ လူမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန နှင့်ပူးပေါင်း၍ (၂၉)ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲ မှုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ Park Royal Hotel ၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် Ms. Sara Binyoh ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည်ဒေသတွင်း နိုင်ငံများအကြား စံပြနမူနာကောင်းဖြစ်ခဲ့ကြောင်း၊ ယနေ့ကျင်းပသော အစည်းအဝေးသည် မြန်မာ-ထိုင်းနှစ်နိုင်ငံ လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၏ အဓိကအပိုင်းတွင် ပါဝင်သော ကတိကဝတ်များကို အကောင်အထည် ဖော်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး လူကုန်ကူးခံရသူများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀ ခန့်နှင့်ညီမျှသော ပြန်လည်ထူထောင်ရေးထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုင်း နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံသား လူကုန်ကူးခံရသူများကို ဂေဟာတွင် လက်ခံစောင့်ရှောက်ခြင်း၊ ပြင်ပအလုပ်အကိုင်များ ရှာဖွေပေးခြင်း၊ ထောက်ပံ့ငွေနှင့် လျော်ကြေးငွေများရရှိအောင် ကူညီဆောင်ရွက်ပေးခြင်းတို့အတွက် လူကုန်ကူးခံရသူများ ကိုယ်စား မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံအစိုးရကို အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နီးကပ်သောပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် Ms. Sara Binyoh က လူကုန်ကူးမှုပြဿနာသည် လူသားများ၏အခွင့် အရေးနှင့် လူ့ဂုဏ်သိက္ခာချိုးဖောက်စေသည့် ပြဿနာဖြစ်သည့်အတွက် ထိုင်းနိုင်ငံအစိုးရ အနေဖြင့် လူကုန်ကူးမှုပြဿနာ မဖြစ်ပေါ်စေရေးအတွက် ကာကွယ်တားဆီးနိုင်မည့် နည်းလမ်းများနှင့် ဖြစ်ပေါ်လာသည့် လူကုန်ကူးမှုပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုပါ ကဏ္ဍအလိုက် ပြင်ဆင်မွမ်းမံဆောင်ရွက်လျက်ရှိသည့်အပြင် လူကုန်ကူးခြင်းခံရသူများကို ထိုင်းနိုင်ငံ အစိုးရအနေဖြင့် ဥပဒေ၊ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းနှင့်အညီ ကြည့်ရှုစောင့်ရှောက်ထားလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် (၂၉)ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ် စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးကို ဆက်လက် ကျင်းပပြီး အစည်းအဝေးဆုံးဖြတ်ချက် ၁၃ ချက်ကို အတည်ပြုနိုင်ခဲ့သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညှိနှိုင်းအစည်းအဝေးအောင်မြင်ခြင်း အထိမ်း အမှတ်အဖြစ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံပြီး ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်များကို အမှတ် တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)