ပြည်ထောင်စု မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုသစ္စာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စု မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုသစ္စာ



အနန္တကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓသခင်သည် စည်းလုံးညီညွတ်ခြင်း၏ ဒိဋ္ဌဓမ္မ အကျိုးတရားကို “သမဂ္ဂါနံ တပေါ သုခေါ” သမဂ္ဂါနံ-စည်းလုံးညီညွတ် သောသူတို့၏၊ တပေါ-အကျင့်သည်၊ သုခေါ-အေးချမ်းသာယာတိုးတက် ကြီးပွားစမြဲဖြစ်သည်ဟု “ဗုဒ္ဓဝစနံသစ္စံ” အဖြစ် ဟောဖော်ညွှန်ပြတော်မူခဲ့သည်။ ထို့ပြင် အချင်းချင်း မသင့်မမြတ် မညီမညွတ်ဘဲ အတ္တအကျိုးစီးပွားကို ရှေ့တန်းတင် ကျင့်ကြံဆောင်ရွက်ကြလျှင် ပျက်စီးဆုံးရှုံးခြင်းဖြင့်သာ နိဂုံးချုပ်ရသည်ကိုလည်း မြတ်ဗုဒ္ဓသခင်က ခုဒ္ဒက နိကာယ် မဟာသုတသောမဇာတ်တော်ဖြင့် ဟင်္သာကိုးသောင်းပျက်စီးဆုံးရှုံး နိဂုံးချုပ်ခဲ့ရပုံကို ဟောဖော်ညွှန်ပြ ဆုံးမတော်မူခဲ့ပါသည်။


ပြည်ထောင်စုသစ္စာ

“ပြည်ထောင်စုဖွား တိုင်းရင်းသားတို့

ရေကိုသားသော် အကြားမထင်

ကြားမဝင်နိုင် မြဲခိုင်ရစ်ထုံး

ပုလဲကုံးနှယ် သည်းနှလုံးဝယ်

အမုန်းသင်္ချာ ထိုပုစ္ဆာကို

အဖြေရှာလျှင် မရေမရာ

မသေချာဘဲ ကမ္ဘာပျက်လည်း မရနိုင်

အခါခါဖျက်လည်း မပျက်နိုင်

ကမ္ဘာအဆက်ဆက် ချစ်ခင်လျက်မို့

လက်တွဲမည်သို့ဖြုတ်နိုင်ပါအံ့နည်း။”


စာရေးသူသည် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများသည် ဘယ်သူခွဲခွဲ၊ တို့မကွဲဘဲ လက်တွဲမဖြုတ်စတမ်း သစ္စာပန္နက် စိုက်ထူထားသော ပြည်ထောင်စုမျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုသစ္စာကို မော်ကွန်းသက်သေတည်စေရန်အလို့ငှာ အထက်ဖော်ပြပါ “ပြည်ထောင်စု သစ္စာ” အမည်ရှိကဗျာကို စာပန်းချီးမွှမ်းကာ ကဗျာသီကုံးဖွဲ့ဆိုခြင်းဖြစ်ပါသည်။


သူများလို တို့မရိုင်းတယ် တိုင်းသိပါရဲ့

ပြည်ထောင်စုဖွား တိုင်းရင်းသားမိဘညီအစ်ကို မောင်နှမတို့သည် ပြည်ထောင်စု မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုသစ္စာကို အရင်းခံထားသောကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံသားဟူ၍ တည်ရှိနေခြင်းပင် ဖြစ်သည်။ နှစ်ပေါင်းထောင်နှင့်ချီ၍ ရေရှည်တည်တံ့လျက်ရှိသော ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သမိုင်းသည် ပြည်ထောင်စုမျိုးချစ်စိတ်နှင့် ပြည်ထောင်စုသစ္စာရှိကြသူတို့၏ သမိုင်းသာ ဖြစ်ပါသည်။


“သက်ဆိုင်ရာအကြောင်းကြောင့် သက်ဆိုင်သောအကျိုးသာဖြစ်သည်။ မသက်ဆိုင်သောအကျိုး တရားများ မဖြစ်ပေါ်ပါ”


သာဓကအားဖြင့် သရက်စေ့ကြောင့် သရက်ပင်သာပေါက်သည်။ ပိန္နဲပင် မပေါက်ပါ။ သက်ဆိုင်ရာ အကြောင်းကြောင့် သက်ဆိုင်သောအကျိုးသာဖြစ်ပြီး မသက်ဆိုင်သောအကျိုး မဖြစ်ပေါ်ခြင်းသည် ဧဝံဓမ္မတာနည်းဖြစ်သည်ဟု မြတ်ဗုဒ္ဓ၏ ဝိဘင်း အဋ္ဌကထာက ဆိုပါသည်။


ထိုသာဓကကဲ့သို့ပင် ပြည်ထောင်စုဖွား တိုင်းရင်းသားမိဘ၊ ညီအစ်ကို မောင်နှမများနှင့် အမိ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ ကြာရှည်ထာဝရတည်တံ့ခိုင်မြဲလိုပါက ပြည်ထောင်စုမျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုသစ္စာတရားကို အစဉ်ထားရှိခြင်းမှတစ်ပါး အခြားနည်းလမ်းမရှိပါ၊ ပြည်ထောင်စုမျိုးချစ် စိတ်ဓာတ်နှင့် ပြည်ထောင်စု သစ္စာတရားသည်သာလျှင် ပြည်ထောင်စုကြီးတစ်ခုလုံး ကမ္ဘာတည်သမျှ ကြာရှည်ထာဝရ အဓွန့်ရှည်ကြာစွာ တည်တံ့ခိုင်မြဲခြင်း၏ ဧဝံဓမ္မတာတရားပင် ဖြစ်ပါသည်။


အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို “ပထဝီဝင် နိုင်ငံရေးအမြင်” (Geo-Poitics Out Look) ဖြင့် ကြည့်မြင်မည်ဆိုပါလျှင် “တိုင်းရင်းသားလူမျိုးနွယ်စုပေါင်း ၁၃၀ ကျော်ဖြင့် ယဉ်ကျေးမှု ကြွယ်ဝထွန်းကားသောနိုင်ငံ” (Country of polythnic and multiculture) တစ်နိုင်ငံအဖြစ် ဝိသေသ ထူးခြားစွာ တွေ့မြင်ကြရမည်ဖြစ်ပါသည်။


ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် သမိုင်းတစ်လျှောက်လုံးတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးသည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လှေတည်းစီး၊ တစ်ခရီး တည်းသွားလာကြပြီး အေးအတူပူအမျှ၊ မရှိအတူ ရှိအတူ၊ ကောင်းတူဆိုးဖက်၊ ဥမကွဲ သိုက်မပျက် ရာသက်ပန် ပူးပေါင်းလက်တွဲ နေထိုင်ကြသည့် ဝံသာနုရက္ခိတတရားကို အစဉ်အမြဲ လက်ကိုင်ထားကြသူများ ဖြစ်ကြသည်။


ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းရှိ ပြည်နယ်များအားလုံး၊ တိုင်းဒေသကြီး များအားလုံးတိုင်းတွင် မည်သည့်ပြည်နယ်၊ မည်သည့် တိုင်းဒေသကြီး၌မဆို တိုင်းရင်းသားလူမျိုးတစ်မျိုးတည်းသာ သီးသန့်နေထိုင်ခြင်းမျိုး လုံးဝမရှိဘဲ ပြည်နယ်များနှင့် တိုင်းဒေသကြီးများအားလုံးမှာပင် ပြည်ထောင်စုတိုင်းရင်းသားများအားလုံး စုပေါင်း လက်တွဲနေထိုင်ကြသူများဖြစ်သည်မှာ အလွန်ထူးခြားသည့် တိုင်းရင်းသားဝိသေသလက္ခဏာ တစ်ခုပင်ဖြစ်ပါသည်။


ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုသည်မှာ လူမျိုးတစ်မျိုးတည်းသာ ပိုင်ဆိုင်ခြင်းမဟုတ်ပါ။ လွတ်လပ်ရေးကြိုးပမ်းမှုတွင်လည်း လူမျိုးတစ်မျိုးတည်းက ကြိုးပမ်း၍ အောင်မြင်ခဲ့ခြင်း မဟုတ်ပါ။ တိုင်းရင်းသားအသီးသီးတို့က အသက်နှင့်ခန္ဓာ ကိုယ်ကိုမငဲ့ဘဲ စွန့်လွှတ်စွန့်စားကာ အသက်သွေးချွေး ပေးဆပ်၍ လက်ရုံးရည်ရော နှလုံးရည်တိုက်ပွဲများကို တက်ညီလက်ညီ ပူးပေါင်းလက်တွဲဆင်နွှဲခဲ့ခြင်း ကြောင့်သာ နှစ်ပရိစ္ဆေဒပေါင်း ၁၂၄ နှစ်တိုင်အောင် ဆုံးရှုံးသွားခဲ့သော မြန်မာ့လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရရှိခဲ့ခြင်းပင် ဖြစ်သည်။


တိုင်းရင်းသားမိဘ ညီအစ်ကိုမောင်နှမများ၏ လက်နက်ကိုင်တိုက်ပွဲများနှင့် နိုင်ငံရေးတိုက်ပွဲများကို ကြည့်မည်ဆိုလျှင် မိမိတို့လူမျိုးနေထိုင်ရာဒေသတွင် မိမိတို့ လူမျိုးတစ်မျိုးတည်း သက်သက်ဖြင့် တိုက်ခိုက်ခဲ့ခြင်း မဟုတ်ဘဲ ကချင်တိုင်းရင်းသားများ နေထိုင်ရာဒေသတွင် ကချင်၊ ဗမာ၊ ရှမ်း တိုင်းရင်းသားများနှင့် ပူးပေါင်းလက်တွဲ၍လည်းကောင်း၊ ကယားတိုင်းရင်းသားများနေထိုင်ရာ ဒေသတွင် ကယား၊ ကရင်၊ ဗမာ၊ ရှမ်းတိုင်းရင်းသား များနှင့်ပူးပေါင်း၍လည်းကောင်း၊ ချင်းတိုင်းရင်းသားများ နေထိုင်ရာဒေသတွင် ချင်းတိုင်းရင်းသားများသည် ဗမာတို့နှင့်ပူးပေါင်း၍လည်းကောင်း၊ ရှမ်းတိုင်းရင်းသားတို့သည် ကချင်၊ ကယား၊ ဗမာတို့နှင့် ပူးပေါင်း၍လည်းကောင်း ကျူးကျော်လာခဲ့သည့် နယ်ချဲ့တိုင်းတစ်ပါးသားတို့အား ဆန့်ကျင်တော်လှန် တိုက်ခိုက်ခဲ့သည်များကို တွေ့ကြရပါမည်။


ဤလက်နက်ကိုင် ဆန့်ကျင်ရေးတိုက်ပွဲများ၊ နိုင်ငံရေးတိုက်ပွဲများသည် မြန်မာနိုင်ငံအတွင်း၌ မှီတင်းနေထိုင်ကြကုန်သော ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးတို့သည် အချင်းချင်းမည်မျှသွေးစည်းခဲ့ကြကြောင်း၊ မည်မျှညီညွတ်ခဲ့ကြောင်း၊ မည်မျှအသက်ပေး ချစ်ခင်ရင်းနှီးခဲ့ကြကြောင်း သက်သေပြလျက်ရှိသည့် သမိုင်းမော်ကွန်းမှတ်တိုင်များပင် ဖြစ်ကြသည်။


သွေးခွဲအုပ်ချုပ်ရေးစနစ်နှင့် အမျိုးဘာသာ သာသနာ ချိုးနှိမ်ခံရခြင်း

အင်္ဂလိပ်နယ်ချဲ့အစိုးရသည် ပြည်မနှင့် တောင်တန်းဒေသများကို “သွေးခွဲအုပ်ချုပ်ရေးစနစ်” (Divide and Rule Policy) ကျင့်သုံးပြီးထိုစဉ်က မြန်မာပြည်ဆိုင်ရာ အင်္ဂလိပ်ဘုရင်ခံ “ဆာဒေါ်မန်စမစ်” (Sir Doman Smith)၏ စက္ကူဖြူအုပ်ချုပ်ရေး စာတမ်းအရ ပြည်မကို “အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ ဩဇာခံ ဓနသဟာယအဖွဲ့ဝင်နိုင်ငံ” (Common wealth State)အဖြစ် ကိုယ်ပိုင်အုပ်ချုပ်ရေးပေးမည်၊ ပြည်နယ်များတည်ရှိရာ တောင်တန်း ဒေသများမှာ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးသည်ကို အကြောင်းပြ၍ အင်္ဂလိပ်ဘုရင်ခံကိုယ်တိုင် အုပ်ချုပ်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။


ထိုစဉ်က အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ လျှို့ဝှက်အကြံအစည်မှာ တောင်တန်းဒေသများကို လွတ်လပ် ရေးမပေးဘဲ တမင်ချန်လှပ်ထားပြီး ဗြိတိသျှနေမဝင် အင်ပါယာကြီး၏ စစ်ရေးအင်အား ပိုမိုတောင့်တင်းသည်ထက် တောင့်တင်းအောင်တိုးချဲ့ရန် ပြည်နယ်များရှိရာ တောင်တန်းဒေသများကို စစ်ရေးအတွက် အသုံးချရန် ယုတ်မာကောက်ကျစ်စဉ်းလဲစွာ စီစဉ်ခဲ့ကြသည်။ ထိုလျှို့ဝှက်အစီအစဉ်ကို လန်ဒန်ရှိ ဗြိတိသျှအစိုးရအဖွဲ့၏ မြန်မာပြည်ဆိုင်ရာဝန်ကြီး (Secretary of State) က ၁၉၄၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံရှိ အင်္ဂလိပ်ဘုရင်ခံထံသို့ လျှို့ဝှက်ပေးပို့ခဲ့သည်၊၊


ထိုလျှို့ဝှက်စာကို ပင်လုံဦးဖေခင်(ဗိုလ်ချုပ် အောင်ဆန်းနှင့် ရန်ကုန်တက္ကသိုလ်တွင် ကျောင်းနေဖက်သူငယ်ချင်းတစ်ဦးလည်းဖြစ်၊ ဖဆပလ အဖွဲ့ချုပ်ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး ပင်လုံစာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သည့် မဟာသရေစည်သူဘွဲ့နှင့် နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်ရ အငြိမ်းစားသံအမတ်ကြီး)က ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ထိုစဉ်က အင်္ဂလိပ်မင်းကြီးရုံးမှ မျိုးချစ်ဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးညီပုနှင့် သစ္စာရှိမျိုးချစ်သတင်းထောက်တစ်ဦး ဖြစ်သည့် ဦးစံအောင်တို့ထံမှ ရရှိထားခဲ့သည်။


ပင်လုံဦးဖေခင်သည် လျှို့ဝှက်စာကို ဖဆပလအဖွဲ့ချုပ်ထံ အပ်နှံလိုက်ပြီး ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နှင့် ၂၂ ရက်နေ့တို့တွင် ရွှေတိဂုံစေတီတော်ကြီး၏ အလယ်ပစ္စယံ၌ ကျင်းပပြုလုပ်ခဲ့သော ဖဆပလညီလာခံကြီးတွင် “တောင်တန်းဒေသများနှင့် မြန်မာပြည်မ ပူးပေါင်းရေးအဆို” တစ်ရပ်ကို တင်သွင်းခဲ့ရာ တစ်ခဲနက် အောင်မြင်စွာ ထောက်ခံခဲ့ကြသည်။


ထိုစဉ်က အင်္ဂလိပ်နယ်ချဲ့အစိုးရသည် ပြည်မနှင့် တောင်တန်းဒေသများ အဆက်အသွယ်မပြု လုပ်နိုင်အောင် “နယ်စပ်ဖြတ်ကျော်ရေးဥပဒေ” (Frontier Crossing Act) ကို ပြဋ္ဌာန်းပြီး ခွင့်ပြု ချက်မရဘဲ ပြည်မနှင့် ပြည်နယ် ကူးလူးသွားလာပါက “နယ်နှင်ပြစ်ဒဏ်” ကို ချမှတ်ထားကာ သွေးခွဲအုပ်ချုပ်ခဲ့သည်။


ပင်လုံဦးဖေခင် ရန်ကုန်ဖဆပလညီလာခံမှ တောင်ကြီးမြို့သို့ ပြန်လည်ရောက်ရှိလာသောအခါ ရဲဝန်ထောက် “မစ္စတာဘတ်တဲလ်” (Mr.Battle)က “ပင်လုံဦးဖေခင်” အား တရားမဝင်နယ်စပ် ဖြတ်ကျော်မှုဖြင့် ဖမ်းဆီးချုပ်နှောင် ပြစ်ဒဏ်ပေးရန် စီစဉ်တော့သည်။ သို့ရာတွင် ကံအားလျော်စွာ ပင်လုံဦးဖေခင်၏ မှန်ကန်ဖြောင့်မတ်မှုကြောင့် ထိုစဉ်က နယ်ခြားဒေသ ညွှန်ကြားရေးဝန်က ဦးဖေခင်အား ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးခဲ့သည်။


ထိုစဉ်က ရှမ်းပြည်နယ်မှ လူငယ်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးထွန်းမြင့်(လင်းခေး)၊ ဦးတင်ဧ (ရှမ်းပြည်)၊ ဦးထွန်းမြင့်(တောင်ကြီး)၊ ဦးစံဖေ၊ ဦးခွန် ထီး၊ ဦးအုန်းဖေ၊ ဦးသန်းဧ၊ ဦးဘတင်၊ ဦးသုတ၊ ဦးအေးကျော်တို့သည်လည်း ညီလာခံကြီးသို့ ရှမ်းပြည်နယ်မှ တိတ်တဆိတ် ကျော်ဖြတ်၍ လာရောက် စွန့်စားတက်ရောက်ခဲ့ကြ ဖဆပလ ပဏာမရသည်။


အင်္ဂလိပ်နယ်ချဲ့အစိုးရသည် မြန်မာနိုင်ငံနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးများအပေါ် သွေးခွဲအုပ်ချုပ်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည် မြန်မာနိုင်ငံ၌သော်လည်းကောင်း၊ မြန်မာတိုင်းရင်းသား ပြည်သူတို့၏ လက်ဝယ်တွင်လည်းကောင်း မရှိစေဘဲထိုစဉ်က ဗြိတိသျှဘုရင်မကြီးနှင့် ဗြိတိသျှပါလီမန် လက်ဝယ်တွင်သာ ရှိစေရန် စီမံအုပ်ချုပ်ရေးပင် ဖြစ်ခဲ့သည်။


ဗြိတိသျှဘုရင်မကြီးက မြန်မာနိုင်ငံအား အုပ်စိုးပိုင်ခွင့်၊ ဗြိတိသျှပါလီမန်က မြန်မာနိုင်ငံအတွက် ဥပဒေများကို ပြဋ္ဌာန်းပိုင်ခွင့်၊ အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ မြန်မာနိုင်ငံအတွက် ဥပဒေများကို ပြဋ္ဌာန်းပိုင်ခွင့်၊ အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာဝန်ကြီးနှင့် ဘုရင်ခံတို့က အချက်အချာကျသော ကိစ္စရပ်များတွင် မြန်မာနိုင်ငံအား ၎င်းတို့၏စိတ်ကြိုက် စီရင်ပိုင်ခွင့်တို့ကို မြန်မာပြည်သူ ပြည်သားတို့ စောဒကမတက်နိုင်ရန် ဆောင်ရွက်ခဲ့ကြသည်။ ထိုစဉ်က မြန်မာနိုင်ငံ၏ အကြီးအကဲသည် အင်္ဂလိပ်ဘုရင်ခံသာဖြစ်ပြီး ဘုရင်ခံအား ကူညီဖြည့်ဆည်းရန် အတွင်းဝန်ရုံးနှင့် ဆောင်ရွက်ခဲ့ရာ မြန်မာတိုင်းရင်းသားအတွင်းဝန် အလွန်နည်းပါးခဲ့သည်။


အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ ကိုလိုနီသူ့ကျွန်ဘဝတွင် ပြည်ထောင်စုဖွားတိုင်းရင်းသားများ ကျွန်သက်ရှည်စေရေးအတွက် အင်္ဂလိပ်လူမျိုးကို အထင်ကြီးစေရန်နှင့် အင်္ဂလိပ်ယဉ်ကျေးမှုကို အထင်ကြီးစေရန် လုပ်ဆောင်ခဲ့ကြသည်။ အင်္ဂလိပ်နယ်ချဲ့တို့၏ ကြီးကျယ်ခမ်းနားပုံ သမိုင်းကြောင်းကို သင်ကြားစေခြင်း၊ မြန်မာမိဘနှစ်ပါး၏ သားသမီးများအား မြန်မာအမည်ထက်အင်္ဂလိပ်အမည်နာမကိုပေးရခြင်းအပေါ် ပိုမိုနှစ်သက်လာကြစေခြင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံးကို အင်္ဂလိပ်နာမည်၊ အင်္ဂလိပ်အသံထွက်များဖြင့် ခေါ်ဝေါ်သုံးစွဲ ခဲ့ခြင်းတို့သည် တိုင်းရင်းသားအပေါင်း၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို တစ်မျိုးတစ်ဖုံ မှေးမှိန်အောင် ချိုးနှိမ်ခဲ့ကြသည်။


သာဓကအားဖြင့် စာရေးသူ၏ မိခင်ဖြစ်သူ မူလတန်းကျောင်းသူဘဝက နံနက်ကျောင်းတက် ခေါင်းလောင်းထိုးပါက ကျောင်းသား ကျောင်းသူတိုင်း တန်းစီမတ်တတ်ရပ်၍ ကိုလိုနီနယ်ချဲ့အရှင် သခင်ဂျော့ဘုရင်ဘုန်းတော်ဘွဲ့ကို သံပြိုင်ရွတ်ဆို ဆုတောင်းခဲ့ကြရသည်။ တကယ်တော့ ထိုစဉ်က ပြည်ထောင်စုမျိုးဆက်သစ် မူလတန်းပညာသင် အရွယ်ကလေးသူငယ်များကိုပင် မကျန်စေရန် ချန်လှပ်မထားဘဲ မြန်မာ့ဇာတိသွေး ဇာတိမာန်ကို ရိုက်ချိုးကာ ကျွန်စိတ်သပေါက်စိတ်ရှိအောင် အတင်းအဓမ္မ ရိုက်သွင်းခဲ့ကြသည်။


သည်ထက်ဆိုးရွားခဲ့သည်ကား ၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး အထက်မြန်မာ ပြည်ကိုပါအပြီးသိမ်းပိုက်လိုက်ပြီး မန္တလေးရတနာပုံ နန်းတော်ကြီးတွင် သီပေါဘုရင်နှင့် စုဖုရားလတ် တို့ကို ဖမ်းဆီးခဲ့ကြသည်။ ထို့နောက် အင်္ဂလိပ် ဗိုလ်ချုပ်ကြီး ပရင်ဒါဂတ်(General Prender gast) နှင့် အင်္ဂလိပ်အရာရှိကြီးများသည် မန္တလေးရတနာပုံ နန်းတော်နှင့် ဘုရင်၊ မိဖုရားတို့ကို သိမ်းပိုက်ပြီး အောင်ပွဲခံသည့် မှတ်တမ်းအနေဖြင့် နန်းတော်ရှိ ဘုရားစင်မှ မြတ်ဗုဒ္ဓရုပ်ပွားတော်ရုပ်တုကို ဗိုလ်ချုပ် ကြီးပရင်ဒါဂတ်၏ ခြေထောက်အောက်တွင် ပစ်ချ ထားကာ အောင်ပွဲခံဓာတ်ပုံရိုက်ခံခဲ့ကြသည်။ ထိုမျှ ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ အမျိုး၊ ဘာသာ၊ သာသနာတော်ကို ရိုင်းစိုင်းယုတ်မာစွာ ကာယကံ မြောက် စော်ကားခဲ့ကြသည်။


ဘေးကပြောသည်ထက် သွေးကပြောသည်ကိုသာ ယုံကြည်လက်ခံပါ

အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ သွေးခွဲအုပ်ချုပ်ရေး ဝါဒအရ တောင်တန်းဒေသများရှိ တိုင်းရင်းသားများနှင့် မြေပြန့်ဒေသရှိ တိုင်းရင်းသားတို့ကို မကူးလူး မဆက်ဆံရ၊ မသွားရဟူသော နယ်ခြားဖြတ်ကျော်မှု ချုပ်ကိုင်ရေးဥပဒေကို ပြဋ္ဌာန်းပြီး သွေးခွဲခဲ့သည်။ ပြည်မနှင့် တောင်တန်းဒေသနေ တိုင်းရင်းသားများနှင့်ပူးပေါင်း၍ အမျိုးသားနိုင်ငံရေး လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသူများမှာ ထိုဥပဒေအရ ဖမ်းဆီးချုပ်နှောင်ခံရသည့် ပြစ်ဒဏ်ဖြစ်စေ၊ နယ်နှင်ခံရသည့် ပြစ်ဒဏ်ဖြစ်စေခံခဲ့ကြရသည်။


မည်သို့ပင်ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးအတွက် ကြိုးပမ်းကြရာတွင် တိုင်းရင်းသားခေါင်းဆောင်တို့သည် တညီတညွတ်တည်း၊ တစည်းတလုံးတည်း စုပေါင်း၍ အင်တိုက် အားတိုက်ကြိုးပမ်းခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဖက်ဆစ်ဂျပန်များကို ဗမာများနှင့် လက်တွဲတိုက်ခိုက်ခဲ့ကြသည့် ကရင်အမျိုးသားတို့သည် ကရင်လူငယ်အစည်းအရုံးကို ဖွဲ့စည်းကာ ဥက္ကဋ္ဌအဖြစ် ဦးစောထွန်းစိန် ခေါင်းဆောင်၍ ဖဆပလအဖွဲ့ချုပ်တွင် ဝင်ရောက်ပြီး မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။


ကချင်တိုင်းရင်းသားခေါင်းဆောင် ဆမားဒူးဝါး ဆင်ဝါးနောင်ဦးဆောင်သောကချင်လူငယ်တိုးတက် ရေးအဖွဲ့ကလည်း မြန်မာ့လွတ်လပ်ရေးအတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်ခဲ့ကြသည်။ ကယားပြည်နယ်မှတိုင်းရင်းသားခေါင်းဆောင် များဖြစ်ကြသည့် ဦးစိန်၊ ဦးဘသောင်းတို့သည်လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တွေ့ဆုံပြီး မြန်မာ့လွတ်လပ်ရေးအတွက် ပူးပေါင်းလက်တွဲ ကြိုးပမ်းခဲ့ကြသည်။


ရှမ်းပြည်နယ်မှ မျိုးချစ်တိုင်းရင်းသားလူငယ်များသည် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း တို့ကို ပေါင်းစည်းခဲ့ပြီး ဖဆပလအဖွဲ့ချုပ်နှင့် ဆက်သွယ်ကာ မြန်မာ့လွတ်လပ်ရေးအတွက် ပူးပေါင်းကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။


ပြည်ထောင်စုရန်သူ တို့ရန်သူ

ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ အမိပြည်ထောင်စု မြန်မာနိုင်ငံ တော်ကြီး ကမ္ဘာတည်သမျှ ကြာရှည်ထာဝရတည်တံ့ ခိုင်မြဲနေရေးအတွက် နိုင်ငံတော်၏ အဓိကအကျဆုံး အမျိုးသားရေးမူဝါဒကြီး (၃) ရပ်ဖြစ်သည့် ဒို့တာဝန် အရေး(၃)ပါးကို ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ ထိပါးနှောင့်ယှက် ဖျက်ဆီးလာပါက ပြည်ထောင်စု၏ရန်သူအဖြစ် သတ်မှတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူကြရမည်ဖြစ်သည်။


ပြည်ထောင်စုသားတိုင်း ပြည်ထောင်စုမပြိုကွဲရေးကို ပြည်ထောင်စုသစ္စာဖြင့် ထာဝရစောင့်ထိန်း ကာကွယ်ကြရမည်။ ပြည်ထောင်စုသားတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးကိုလည်း ပြည်ထောင်စုသစ္စာဖြင့် ထာဝရစောင့်ထိန်း ကာကွယ်ကြရမည်။ ပြည်ထောင်စုသားတိုင်း အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ပြည်ထောင်စုသစ္စာဖြင့် ထာဝရစောင့်ထိန်းကြရမည် ဖြစ်သည်။


စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုကို ဖော်ဆောင်ရာတွင် အကြမ်းဖက် ဝါဒ၊ မင်းမဲ့ဝါဒ၊ တစ်တောတစ်ဖတွန်ဝါဒ၊ တစ်ဗိုလ် တစ်မင်းဝါဒ၊ စစ်ဘုရင်ဝါဒတို့ကို စွန့်လွှတ်နိုင်ကြ ရမည် ဖြစ်သည်။


တကယ်တော့ အမိမြန်မာနိုင်ငံတော်ကြီးကို NUG လည်းမပိုင်ပါ၊ PDF လည်း မဆိုင်ပါ၊ KIA၊ KIO၊ KNU၊ MNDAA၊ TNLA၊ AA၊ KNPP၊ KNDF စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လုံးဝမဆိုင်ပါ။ ၁၃၅ မျိုးသောတိုင်းရင်းသားညီအစ်ကို မောင်နှမများသာပိုင်ဆိုင်ပြီး အမွေခံသူများ ဖြစ်ကြသည်။


နိုင်ငံတော်အချုပ်အခြာအာဏာ၏ အဓိက မဏ္ဍိုင်ကြီး (၃)ရပ်ဖြစ်သည့် (၁) ဥပဒေပြုရေးမဏ္ဍိုင်၊ (၂) အုပ်ချုပ်ရေးမဏ္ဍိုင်၊ (၃) တရားစီရင်ရေးမဏ္ဍိုင် တို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲဆန္ဒရှင် တိုင်းရင်းသားပြည်သူများ၏ဆန္ဒမဲများဖြင့် ရွေးချယ် တင်မြှောက်ပိုင်ခွင့်များလည်း ရရှိထားကြပြီးဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို အပြီးတိုင် စွန့်လွှတ်ကာ နိုင်ငံရေးနည်းဖြင့်သာ ပူးပေါင်းလက်တွဲဆောင်ရွက်ကြရန်သာ ရှိတော့သည်။


နှစ်ပေါင်း ၁၂၄ နှစ်တိုင်အောင် ဆုံးရှုံးသွားခဲ့ရသော မြန်မာ့လွတ်လပ်ရေးကို ပြန်လည်ရယူခဲ့ရာတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ အသက်၊ သွေး၊ ချွေးတို့ကို ပေးဆပ်၍ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ စည်းလုံးညီညွတ်မှု အမြုတေ ရတနာဖြစ်သော သမိုင်းဝင် ပင်လုံစာချုပ်ကြီးကြောင့် မြန်မာ့လွတ်လပ်ရေးနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ် ကမ္ဘာ့အလယ်တွင် တည်တံ့ခိုင်မြဲစွာ ရပ်တည်နေနိုင်ခြင်းပင် ဖြစ်သည်။


သို့ရာတွင် မြန်မာ့လွတ်လပ်ရေးနှင့်အတူ အင်္ဂလိပ်နယ်ချဲ့၏ သွေးခွဲအုပ်ချုပ်မှုအမွေဆိုးကြီးကြောင့် ပေါ်ပေါက်လာခဲ့သော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၏ ဒဏ်ရာဒဏ်ချက်များ အဆုံးမသတ်နိုင်ကာ နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတို့မှာ အနိဋ္ဌာရုံ ဆိုးကျိုးခံစားကြရပြီး လွတ်လပ်ရေးရပြီး ၇၆ နှစ်တိုင်အောင် လွတ်လပ်ရေးအရသာကို မခံစားကြရဘဲ သမင်မွေးရင်းကျားစားရင်း အခြေအနေများကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျကျန်ရစ်နေခဲ့ရသည်။ ထာဝရငြိမ်းချမ်းရေးအတွက် အမြဲလက်ကမ်းကြိုဆိုနေပါလျက်နှင့် ပြည်ပသြဇာခံ အမျိုးသားသစ္စာဖောက် ပုဆိန်ရိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ အချုပ်အခြာအာဏာဆုံးရှုံးရေးနှင့် ပြည်ထောင်စုပြိုကွဲရေးအတွက် အဖျက်လုပ်ငန်းမှန်သမျှကို တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူတို့ ပူးပေါင်းလက်တွဲ၍ ပြည်သူ့လုံခြုံရေးစနစ်၊ ပြည်သူ့ကာကွယ်ရေးစနစ်တို့ကို ကျင့်သုံးသော တရားသောစစ်ဖြင့် ရင်ဆိုင်ဖြေရှင်းသည့် နည်းလမ်းမှတစ်ပါး အခြားမရှိနိုင်တော့ပါဟု ဆိုချင်ပါသတည်း။ ။


အကိုးအထောက်

၁။ မဟာသရေစည်သူ ဦးဖေခင် (နိုင်ငံဂုဏ်ရည် ပထမဆင့်)၏ကိုယ်တွေ့ ပင်လုံ {ရဲခေါင် မောင်မောင်၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ပြန်ကြားရေးဝန်ကြီးဌာန ၁၉၉ဝ ပြည့်နှစ်}

၂။ The Pagoda War (Lord Dufferin and the Fall of the Kingdom of Ava 1885.6) by A.T.Q. STE WART,FABER AND FABER, 3Queen Square London

၃။ တိုင်းရင်းသားလူမျိုးများ၏ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း


မောင်သမ္မာဒိဋ္ဌိ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)