MNP ၊ ဖေဖော်ဝါရီ ၇
Maitry Peace Foundation က ပေးအပ်သည့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓ ငြိမ်းချမ်းရေးဆုချီးမြှင့်ပွဲ (International Buddha Peace Award) အခမ်းအနားကို မြန်မာသံရုံး၊ နယူးဒေလီမြို့၌ ၅-၂-၂၀၂၄ ရက်နေ့၊ ၁၈:၀၀ နာရီမှ ၂၁:၀၀ နာရီအထိ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် အိန္ဒိယလူမှုရေးရာ တရားမျှတမှုနှင့် အခွင့်အလမ်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Ramdas Athawale နှင့် ဂုဏ်ထူးဆောင် ဧည့်သည်တော် အဖြစ် ကုသိနာရုံမြန်မာကျောင်းတိုက်မှ အဓိပတိပဓါန နာယကဆရာတော်၊ အဘိဓဇမဟာရဌ ဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဓဇ၊ ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရတို့က တက်ရောက်ချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားကို မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ဒုတိယဝန်ကြီး H.E. Mr. Ramdas Athawale တို့က ဆီမီးထွန်းညှိ ဖွင့်လှစ်ပေးခဲ့ပါသည်။ အခမ်းအနားအစီအစဉ်အရ မြန်မာသံအမတ်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ကြပြီး ကုသိနာရုံ မြန်မာကျောင်းဆရာတော်ကြီး အဘိဓဇ မဟာရဌဂုရု ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရမှ သြဝါဒ အမှာစကား မိန့်ကြားခဲ့ပါသည်။ မြန်မာသံအမတ်ကြီးက မိန့်ခွန်းပြောကြားရာတွင် အခမ်းအနားသို့ တက်ရောက်လာကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓငြိမ်းချမ်းရေးဆု ရရှိကြသည့် လူမှုထူးချွန်သူများ အနေ ဖြင့်လည်း မိမိတို့ လူမှုပတ်ဝန်းကျင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားစေလိုပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ထို့နောက် မြတ်ဗုဒ္ဓ၏ လမ်းညွှန်ချက်များနှင့်အညီ ကမ္ဘာ့ငြိမ်းချမ်းရေး၊ လူသားအချင်းချင်း စာနာထောက်ထားရေးနှင့် တန်းတူဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လူမှုအကျိုးပြုလုပ်ငန်းများ တွင် စွမ်းစွမ်းတမံ ထူးချွန်ပြောင်မြောက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် မြန်မာနှင့် အိန္ဒိယအသိုင်းအဝန်းမှ ဂုဏ်ပြုထိုက်သူ (၈၃)ဦးကို မြန်မာသံအမတ်ကြီးနှင့် ဒုတိယဝန်ကြီး H.E. Mr. Ramdas Athawale တို့က International Buddha Peace Award 2024 များအား ပေးအပ်ခဲ့ကြပြီး မြန်မာသံရုံးမှ တက်ရောက်လာသည့် ဧည့်သည်တော်များကို သတ်သတ်လွတ်ညစာဖြင့် တည့်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment