(၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်)


 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်)

 

ချစ်ကြည်လေးစားအပ်ပါသော ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား

ယနေ့ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့သည် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ဖြစ်ပါသည်။ ချင်းတိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်အခါသမယ တွင် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီး၌ ရောက်ရှိနေကြသော ချင်းတိုင်းရင်းသားများနှင့်အတူ တိုင်းရင်းသားပြည်သူများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ချင်းတိုင်းရင်းသားများအပါအဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးတို့သည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် မိသားစုပမာစည်းလုံးညီညွတ်စွာ ယှဉ်တွဲနေထိုင်လာခဲ့ကြရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်တွင်သိက္ခာရှိရှိ ခန့်ညားထည်ဝါစွာရပ်တည် နိုင်ခဲ့ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် မတတ်သာ၍ ဆုံးရှုံးခဲ့ရသည့် လွတ်လပ်ရေးကိုလည်း ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပြန်လည်ရယူနိုင်ခဲ့ပါသည်။

ဗြိတိသျှကိုလိုနီတို့၏ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံခဲ့ရစဉ်က ခုခံတော်လှန်ခဲ့ကြသည့် ချင်းတိုင်းရင်းသား ခေါင်းဆောင်များဖြစ်သော ဗိုလ်ခိုင်ကမ်း၊ ဗိုလ်ကြွမ်ဘိခ်၊ ဗိုလ်လာလ်လွဲ၊ ဗိုလ်ထောင်လင်းတို့သည် လည်းကောင်း၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြိုးပမ်းခဲ့စဉ်က ဦးလှူရ်မှုန်၊ ဦးထောင်ဇာခုပ်၊ သီရိပျံချီဦးထောင်ကျင်းထန်၊ ဦးကီးယိုမန်း၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်) သတိုးမဟာစည်သူ ဦးဝမ္မသူးမောင်တို့သည်လည်းကောင်း၊ လွတ်လပ်ရေးရပြီးခါစ ပြည်တွင်းဆူပူသောင်းကျန်းမှုများကို ချေမှုန်းတိုက်ခိုက် ခဲ့ကြသည့် ဒုတိယဗိုလ်မှူးကြီး ဟရန်ထီးယို၊ ဗိုလ်ကြီးသူရအောင်ဆန်း သူရိယတိုက်ချွန်းတို့သည်လည်းကောင်း နိုင်ငံတော်နှင့် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် အသက်၊ သွေး၊ ချွေးများပေးဆပ်ခဲ့ကြသော နိုင်ငံတော်နှင့်တပ်မတော်အတွက် ထာဝရဂုဏ်ယူလေးစားနေရသည့် ချင်းတိုင်းရင်းသား မျိုးချစ်သူရဲကောင်းများပင် ဖြစ်ခဲ့ကြပါသည်။

ချင်းအမျိုးသားနေ့အဖြစ် ရွေးချယ်သတ်မှတ်ခဲ့သည့် ဖေဖော်ဝါရီလ(၂၀)ရက်နေ့သည် နယ်ချဲ့တော်လှန်ရေး ချင်းတိုင်းရင်းသား ခေါင်းဆောင်များနှင့် ချင်းတိုင်းရင်းသားပြည်သူများက ကန်ပက်လက်မြို့၌ အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးအကြီးအကဲများကို ဆန့်ကျင် မောင်းထုတ်ခဲ့သည့် သမိုင်းဝင်နေ့ရက်တစ်ရက်ပင်ဖြစ်ပါသည်။ ထို့ပြင် ၁၉၄၈ ခုနှစ်၊ ဖလမ်းမြို့ လူထုအစည်းအဝေးပွဲမှ ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းကာ ဒေသန္တရဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးဖော်ဆောင်ပေးနိုင်ခဲ့သောနေ့မှာလည်း ဖေဖော်ဝါရီလ (၂၀) ရက်နေ့ပင်ဖြစ်ပါသည်။       

ချင်းအမျိုးသားနေ့သည် ချင်းတိုင်းရင်းသားများက ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်အတူ နယ်ချဲ့ဆန့်ကျင် ရေး၊ လွတ်လပ်ရေးတိုက်ပွဲများနှင့် ပဒေသရာဇ်စနစ် ဖျက်သိမ်းရေး၊ တောင်တန်းမြေပြန့်တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေး၊ တိုက်သူကြီးအုပ်ချုပ်သည့်စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးရေးတို့ကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် ဖော်ဆောင်ခဲ့သည့် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။

လက်ရှိအခြေအနေတွင် ချင်းပြည်နယ် နေရာဒေသအချို့အပါအဝင် နိုင်ငံ၏ နေရာအနှံ့အပြား၌ ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံကို ပြိုကွဲပျက်စီးစေမည့် အဖျက် လုပ်ရပ်များစွာရှိနေခြင်းမှာ နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားလှပါသည်။ စည်းလုံးညီညွတ်မှုပြိုကွဲပြီး လွဲမှားသည့် အယူအဆ၊ ကိုယ်ကျိုးအတ္တများဖြင့် လက်နက်စွဲကိုင်ကာ အချင်းချင်းအပြန်အလှန် တိုက်ခိုက်နေကြရင်း လဲပြိုသွားပြီး အချုပ်အခြာအာဏာဆုံးရှုံးရသည့် ဘဝသို့ရောက်သွားနိုင်သည်ကို သတိပြုကြရန်လိုပါသည်။ ထိုအဖြစ်မျိုး မရောက်စေရန်အတွက် တစ်ခုတည်းသော လိုအပ်ချက်မှာ ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်ပါသည်။

ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား ရာစုနှစ်ပေါင်းများစွာ ဖြစ်တည်ခဲ့ပြီးဖြစ်သည့် သံယောဇဉ်တရားနှင့် ချစ်ခင်ရင်းနှီးမှုတို့ကို ဖြိုခွဲဖျက်ဆီးလျက်ရှိသည့် ပြည်တွင်းပြည်ပ အဖျက်အင်အားစုတို့၏ အချင်းချင်းမုန်းတီးစေရန် သွေးခွဲရန်တိုက်ပေး နေခြင်း၊ ကျဉ်းမြောင်းသည့် လူမျိုးရေးအယူဝါဒ သွတ်သွင်းပေးနေခြင်းတို့ကို သတိပြုကာကွယ်ကြရန် လိုအပ်ပါသည်။ အပြုနှင့်အဖျက်တို့မှ ဖြစ်ပေါ်လာသည့် အကျိုးနှင့်အပြစ်၊ အဆိုးနှင့်အကောင်းတို့ကို ဆင်ခြင်သုံးသပ်ပြီး အမှန်နှင့်အမှားကို ခွဲခြားရှုမြင်ကြရန် လိုအပ်မည်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဟူသော နိုင်ငံရေးရည်မှန်းချက်(၂)ရပ်နှင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံစေရေးဟူသော အမျိုးသားရေးရည်မှန်းချက် (၂)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းရည်မှန်းချက်များ အောင်မြင်ရေးအတွက် ဦးတည်ချက်(၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အဓိကရည်မှန်းချက်မှာ အရေးပေါ်ကာလဆောင်ရွက်ရန်ရှိသည်များ ပြီးစီးပါက ပြည်သူ့ဆန္ဒနှင့်အညီ လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲပြောင်း ပေးအပ်ရန်ပင်ဖြစ်ပါသည်။ ထိုသို့ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအလိုက် အဓိကလိုအပ်ချက်မှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရေးပင်ဖြစ်ပါသည်။

နိုင်ငံတည်ငြိမ်အေးချမ်းလျှင် တိုင်းရင်းသားပြည်သူအားလုံး အေးချမ်းသာယာစွာဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး မိမိတို့၏ သားသမီးများသည်လည်း အေးချမ်းစွာပညာ သင်ကြားနိုင်ကြမည်ဖြစ်ပါသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုကို တည်ဆောက်ရာတွင် တိုင်းရင်းသားပြည်သူအားလုံး အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ပြည့်စုံရန်လိုအပ်ပါသည်။

သို့သော်လည်း တိုင်းရင်းသားဒေသများ၊ မြို့ပြနှင့်အလှမ်းဝေးသော ကျေးလက်များတွင် ဘာသာစကားအခက်အခဲများ၊ ပညာရေးအားပေးမှု အားနည်းချက်နှင့် အခြားသောစိန်ခေါ်မှုများကြောင့် ပညာရည်နိမ့်ကျမှုများ၊ ပညာမသင်ယူနိုင်မှုများရှိနေသည်ကို တွေ့ရ ပါသည်။ ယခုအခါချင်းပြည်နယ်အပါအဝင် ဒေသအချို့တွင် လက်နက်ကိုင်အကြမ်းဖက်မှုများ၊ နှောင့်ယှက်ဖျက်ဆီးမှုများ၊ ခြိမ်းခြောက်မှုများကြောင့် ကျောင်းများဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် ဒေသခံတိုင်းရင်းသား ကျောင်းသားကျောင်းသူများ များစွာနစ်နာ ဆုံးရှုံးလျက်ရှိပါသည်။

တိုင်းပြည်အနာဂတ်အတွက် ပညာရေးသည် အဓိကလိုအပ်ချက် ဖြစ်ပါသည်။ ယခုကဲ့သို့ အဖျက်အမှောင့် နှောင့်ယှက်ဖျက်ဆီးမှုများဖြင့် ပညာရေးကိုဟန့်တားပြီး နိမ့်ကျအောင် လုပ်ဆောင်နေသည်များကို အားလုံးက ဝိုင်းဝန်းဆန့်ကျင်တားဆီးကြရမည်ဖြစ်ပါသည်။ အနာဂတ်လူငယ်များ ပညာရည်မြင့်မားရေး၊ အမျိုးသားရေးစရိုက် လက္ခဏာများ ထိန်းသိမ်းနိုင်ရေးနှင့် တိုးတက်ပြောင်းလဲနေသည့် ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ရေးအတွက် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် နိုင်ငံတော်က ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိသလို တိုင်းရင်းသားပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း တိုက်တွန်း မှာကြားလိုပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ချင်းပြည်နယ်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍများအပါအဝင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် အစီအမံများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ပညာရေးကဏ္ဍနှင့်ပတ်သက်၍ အခြေခံကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့် အဆင့်တိုးမြှင့်ပေးခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများ ပြုပြင်ပေးခြင်းနှင့် အသစ်ဆောက်လုပ်ပေးခြင်း၊ စက်မှုသက်မွေး ပညာကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ ဘာသာရပ်သင် ဆရာဆရာမများ ပိုမိုခန့်ထားပေးလျက်ရှိပြီး တိုင်းရင်းသားဒေသများတွင် သင်ကြားရေးလက်ထောက်ဆရာ ဆရာမများနှင့် တိုင်းရင်းသား ဘာသာစကားသင်ကြားရေး ဆရာ ဆရာမများကိုလည်း ခန့်ထား ပေးလျက်ရှိပါသည်။ KG+9 အထိမသင်မနေရ ဘက်စုံပညာရေးစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်အတွင်း အခြေခံပညာတတ်မြောက်မှုနှင့် တန်းစဉ်ကူးပြောင်းမှုများ မြင့်မား တိုးတက်လာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက ချင်းပြည်နယ်သည် ဘက်စုံကဏ္ဍမှ ဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခုဖြစ်လာမည် ဖြစ်ပါသည်။

ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးရုံ၊ ဆေးပေးခန်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့် ဆရာဝန် လိုအပ်မှုဖြည့်ဆည်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါသည်။ ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်၍ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်စေရန်အတွက် ပြည်မနှင့်လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်သော အဝေးပြေးလမ်းများနှင့် ပြည်နယ်တွင်း လမ်းများကို တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ချင်းပြည်နယ်မှ နိုင်ငံရပ်ခြားအထိ ရေကြောင်းခရီးဖြင့် ဆက်သွယ်သွားလာနိုင်မည့် ကုလားတန်မြစ်ဝှမ်းဖွံ့ဖြိုးရေးနှင့် ပလက်ဝမြို့ဆိပ်ကမ်း တည်ဆောက်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ ချင်းပြည်နယ်ရှိ ပြည်သူများမျှော်လင့်တောင့်တနေသော မဟာဓာတ်အားလိုင်းမှ ချင်းပြည်နယ်အနှံ့ လျှပ်စစ်မီးရရှိရေးကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက် ရှိပါသည်။ ထို့ပြင်မိမိတို့ဒေသ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသထွက်ကုန်များနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း စနစ်တကျ ထိရောက်အောင် အကောင်အထည်ဖော်ကြရန် လိုအပ်ပါသည်။

၂၀၂၃ ခုနှစ်၊ မေလ (၁၄)ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း မုန်တိုင်းမိုခါကြောင့် ချင်းပြည်နယ်အတွင်းရှိ အချို့မြို့နယ်များတွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် မုန်တိုင်းဖြတ်သန်းရာဒေသများ၌ ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှ နည်းအောင် ကြိုတင်စီမံဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် ဒေသခံပြည်သူများအတွက် စားနပ်ရိက္ခာများ ကြိုတင်စုဆောင်းထားပြီး မုန်တိုင်းဝင်ရောက်နိုင်သည့် ခန့်မှန်းနေရာများအလိုက် သတိပေးခြင်းနှင့် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းတို့ကြောင့် မုန်တိုင်းအင်အား ကြီးမားသော်လည်း ထိခိုက်ဆုံးရှုံးမှုနည်းပါးခဲ့ပါသည်။

မုန်တိုင်းတိုက်ခတ်ပြီးချိန်မှစ၍ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ တပ်မတော်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့၏ အနီးကပ်ကြီးကြပ်မှု၊ ပြည်တွင်းပြည်ပနိုင်ငံများမှ စေတနာရှင်များ၏ လှူဒါန်းမှု၊ တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ(၂)လအတွင်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိပြီဖြစ်ပါသည်။ မိမိတို့ရည်မှန်းထားသည့်အတိုင်း ပိုမိုကောင်းမွန်သော အခြေအနေတစ်ရပ်သို့ရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော် အစိုးရက ချင်းပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းသင့်ဒေသများတွင် ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ် (၁၀၀၂ ဒသမ ၀၂)သန်း ထောက်ပံ့ပေးခဲ့ပါသည်။ ဤသည်မှာ ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားပြည်သူများအပေါ် တိုင်းရင်းသား ညီနောင်အချင်းချင်း မိသားစုစိတ်ဓာတ်၊ စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကို ပြသနိုင်ခဲ့ခြင်းဖြစ်ပါသည်။

ထို့ပြင် ဒေသဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ချင်းပြည်နယ်တွင် တီးတိန်ခရိုင်နှင့် ပလက်ဝခရိုင်တို့ကိုလည်း တိုးချဲ့ဖွဲ့စည်းပေးခဲ့ပါသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါသည့်အလျောက် တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးကို ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲကြိုးပမ်းဖော်ဆောင်ကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

ချင်းတိုင်းရင်းသားများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကို အခြေခံ၍ ချင်းပြည်နယ်၏ အကျိုး၊ ပြည်ထောင်စု၏အကျိုးကို ထမ်းဆောင်နိုင်ကြပါစေကြောင်းနှင့် အစဉ်ထာဝရ အေးချမ်းသာယာပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း(၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။


ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)