ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန် မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ၊ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန် မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ၊ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်


MNP ၊ ဖေဖော်ဝါရီ ၂၀

မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့စီးပွားရေးဘဏ်မှ အထွေထွေမန်နေဂျာများ၊ တိုင်းဒေသကြီး/ပြည်နယ် မန်နေဂျာများနှင့် ခရိုင်မန်နေဂျာများ တက်ရောက်ကြ သည်။

ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တစ်နှစ်တာကာလ အတွင်း လက်ရှိဘဏ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပကတိအခြေအနေများအပေါ်အခြေခံ၍ မှန်မှန်ကန်ကန်သုံးသပ်ပြီး လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန်ရည်မှန်းထားသည့် ဦးတည်ချက်များ ပြည့်မီအောင်မြင်ရေးအတွက် ဘဏ်ဝန်ထမ်းများအားလုံးက လက်တွဲညီညီပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ မြန်မာ့စီးပွားရေး ဘဏ်အနေဖြင့် တစ်နိုင်ငံလုံးတွင် ဘဏ်ခွဲပေါင်း ၃၁၁ ဘဏ် ရှိသည့်အနက် လက်ရှိအခြေအနေအရ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန် အခက်အခဲရှိနေသည့်ဘဏ်ခွဲများအတွက် နီးစပ်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် အဆင်ပြေစွာဆောင်ရွက်နိုင်ရန် ရုံးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများနှင့် ဘဏ်ခွဲများက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပေးနေ သည်ကို တွေ့ရှိရကြောင်း။

နိုင်ငံ့စီးပွားတိုးတက်လာစေရန်ရည်ရွယ်၍ နိုင်ငံတော်က MSME လုပ်ငန်းရှင်များကို အဘက်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးတက်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် MSME ရန်ပုံငွေမှလုပ်ငန်းရှင်များသို့ သက်သာသောအတိုးနှုန်းဖြင့် အရည်အသွေးပြည့်မီသောချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်ရေးဘဏ် လုပ်ငန်းအနေဖြင့် ပို့ကုန်/သွင်းကုန်ဆိုင်ရာငွေပေးချေမှုများ လွယ်ကူချောမွေ့စေရန် ယွမ်/ကျပ်၊ ဘတ်/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို အသုံးပြုလျက်ရှိပြီး၊ မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် အသုံးပြုဆောင် ရွက်နိုင်ရေးကို ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ Core Banking စနစ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းစနစ်ကိုလည်း တိုးချဲ့ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ Centralized e-Pension စနစ်ကို ယခုဘဏ္ဍာရေးနှစ်တွင် ဘဏ်ခွဲပေါင်း ၆၇ ဘဏ်၌ အသုံးပြုလာနိုင်ပြီဖြစ်၍ အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို Centralized e-Pension စနစ်ဆောင်ရွက်နေသည့် ဘဏ်ခွဲများတွင် ဝန်ဆောင်ခအခမဲ့ဖြင့် အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်သည့်အတွက် မြန်မာ့စီးပွားရေးဘဏ်၏ ကြိုးစားအားထုတ်မှုနှင့် ဝန်ထမ်းများက စေတနာထား ဆောင်ရွက်ပေးနေမှုများကို အသိအမှတ်ပြုပါ ကြောင်း။

သမားရိုးကျဘဏ်လုပ်ငန်းစနစ်မှ ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းစနစ်သို့ အသွင်ကူးပြောင်း ဆောင်ရွက်လျက်ရှိရာတွင် မသမာသူအချို့က မိုဘိုင်းငွေပေးချေမှု လမ်းကြောင်းများမှတစ်ဆင့် မသမာမှုများနှင့် ငွေကြေးလိမ်လည်မှုများကို ပြုလုပ်နေကြသဖြင့် ယင်းသို့ လုပ်ဆောင်မှုများကို စိစစ်တွေ့ရှိရပါက ချက်ချင်းဖော်ထုတ်အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရဝန်ထမ်း၊ ငွေကြေး၊ စာရင်းဇယားလုံခြုံရေးတို့မှာ အရေးကြီး သည့်အတွက် သတင်းအချက်အလက်ရယူရေးနှင့် ဆက်သွယ်ရေးစနစ် ကောင်းမွန်ရေးတို့အတွက် အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် ဘဏ်လုပ်ငန်းနှင့်ငွေကြေးဝန်ဆောင်မှုများ အဆင်ပြေစွာ ဆောင်ရွက် ပေးနိုင်ရေးကို ကြိုတင်မျှော်တွေး ဆောင်ရွက်ကြရန် မှာကြားသည်။

နိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်သည် ဘဏ္ဍာရေးနှစ်အလိုက် နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို နှစ်စဉ်ပြုလုပ်လျက်ရှိရာ ယခုနှစ်ဆွေးနွေးပွဲကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ကဏ္ဍအလိုက်ဆွေးနွေးမှုများအပြင် စာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများ၊ လုပ်ငန်းစွမ်းဆောင်ရည်နှင့် ထူးချွန်မှုများအတွက် ဆုချီးမြှင့်မှုများအပါအဝင် ဖေဖော်ဝါရီ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)