ဒုတိယဝန်ကြီး ဦးမင်းမင်း စားသုံးဆီသိုလှောင်ဖြန့်ဖြူးမှုနှင့် ပြောင်းနှင့်ဆန် ပြည်ပသို့တင်ပို့နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမင်းမင်း စားသုံးဆီသိုလှောင်ဖြန့်ဖြူးမှုနှင့် ပြောင်းနှင့်ဆန် ပြည်ပသို့တင်ပို့နေမှု ကြည့်ရှုစစ်ဆေး


MNP ၊ ဖေဖော်ဝါရီ ၁၈

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင်ကန်များသို့ ရောက်ရှိရာ တာဝန်ခံက ဆီများပြည်ပမှ မှာယူရောက်ရှိမှု၊ သိုလှောင်ထားရှိမှု၊ ပြည်တွင်းစားသုံးသူများထံသို့ ဖြန့်ဖြူးပေးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။

ဒုတိယဝန်ကြီးက စားသုံးဆီအရည်အသွေးစစ်ဆေးမှုအခြေအနေ၊ ပြည်သူများစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ထားရှိမှု၊ ပြည်တွင်းဖြန့်ဖြူးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အရည်အသွေးများနှင့်အညီ ဖြန့်ဖြူးရေးနှင့် လျော့နည်းမှုမရှိစေရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆူးလေဆိပ်ကမ်းတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး အသင်းဝင်ကုမ္ပဏီ ၁၁ ခုက ပြည်ပသို့ဝမ်းပုံ (In Bulk)စနစ်ဖြင့် ဆန်တင်ပို့ရန် MV. Vega Granat သင်္ဘောပေါ်သို့ ဆန်များတင်ပို့နေမှုကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်အရည်အသွေး ပြည့်မီစေရေး အလေးထားဆောင်ရွက်ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး ဦးစားပေးဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ပသို့တင်ပို့မည့် ဝမ်းပုံ (In Bulk) စနစ်ဖြင့် ပြောင်းများကို အလုံဆိပ်ကမ်းတွင် ဆိုက်ကပ်လျက်ရှိသော HONG LINH-1 နှင့် MV.PIONEER FORTUNE သင်္ဘောများပေါ်သို့ တင်ဆောင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကြည့်မြင်တိုင် မြို့နယ်ထီးတန်းဆိပ်ကမ်းသို့ ရောက်ရှိပြီး စားသုံးဆီများ သိုလှောင်ထားရှိမှု၊ ဆီပီပါများအတွင်း ထည့်သွင်းနေမှုနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ဖြန့်ဖြူးပေးရန် စီစဉ်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အရေအတွက်နှင့် အလေးချိန်ပြည့်မီစေရေး၊ အများပြည်သူလက်ဝယ်သို့ အချိန်မီဖြန့်ဖြူးပေးနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)