၂၀၂၄ ရွေးကောက်ပွဲသုံးခု၏ အနာဂတ်ကမ္ဘာအပေါ် လွှမ်းမိုးသက်ရောက်နိုင်မှုများ… - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄ ရွေးကောက်ပွဲသုံးခု၏ အနာဂတ်ကမ္ဘာအပေါ် လွှမ်းမိုးသက်ရောက်နိုင်မှုများ…



ရွေးကောက်ပွဲများသည် ဒီမိုကရေစီအတွက် အပြည့်အဝအာမခံချက် ပေးနိုင်မည့်အရာတစ်ခုမဟုတ်ကြောင်း နိုင်ငံအချို့၏ ရွေးကောက်ပွဲများက သက်သေပြနေသည်။ ဒီမိုကရေစီဟု ကြွေးကြော်နေသော်လည်း နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေသည့် ဒီမိုကရေစီအာဏာရှင်တစ်ဖြစ်လဲ အာဏာရှင်အချို့က ကြီးစိုးနေတတ်သည်။ 

ရွေးကောက်ပွဲမရှိဘဲ  ဒီမိုကရေစီနိုင်ငံဟု အမည်တပ်ဖို့ခက်ခဲမည်ဖြစ်ရာ ရွေးကောက်ပွဲများက ယနေ့ထိတိုင် ဒီမိုကရေစီကို ကိုယ်စားပြုနေသည့် ပြယုဂ်များအဖြစ် ရပ်တည်နေဦးမည်ဖြစ်ပါသည်။ ၂၀၂၄  ခုနှစ်တွင်  နိုင်ငံပေါင်း  ၆၅ နိုင်ငံက ရွေးကောက်ပွဲကျင်းပရန် အစီအစဉ်များရှိနေပြီး ယင်းရွေးကောက်ပွဲများအနက်  အချို့သော ရွေးကောက်ပွဲများမှာမူ ကမ္ဘာ့အခင်းအကျင်းနှင့် ပထဝီနိုင်ငံရေးတို့အပေါ် သက်ရောက်မှုများရှိလာ နိုင်ပါသည်။ စာရေးသူအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့်  ရွေးကောက်ပွဲများအနက်  ထိုင်ဝမ်၊ အမေရိကန်နှင့် အိန္ဒိယရွေးကောက်ပွဲတို့ကို အထူး စိတ်ဝင်တစားဖြစ်မိသလို ၎င်းရွေးကောက်ပွဲရလဒ်များက အနည်းနှင့်အများဆိုသလို မြန်မာနိုင်ငံအပေါ် သက်ရောက်လာနိုင်ခြေများရှိသည့်အတွက် စာဖတ် သူများကိုလည်း သတိပြုစောင့်ကြည့်စေလိုပါသည်။

ရလဒ်ထွက်ပြီးသား ထိုင်ဝမ်ရွေးကောက်ပွဲ၏ သက်ရောက်နိုင်မှုများ

၂၀၂၄ ခုနှစ်  နှစ်ဦးပိုင်းတွင်  အရေးကြီးသော ရွေးကောက်ပွဲတစ်ခုဖြစ်သည့် ထိုင်ဝမ်ရွေးကောက်ပွဲကို ဇန်နဝါရီလ ၁၃ ရက်နေ့က  ကျင်းပပြီးစီးခဲ့ပါသည်။ ရွေးကောက်ပွဲရလဒ်အရ အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) က ပြိုင်ဘက်ပါတီများကို မဲကွာဟချက်အနည်းငယ်ဖြင့် အသာစီးရခဲ့ပြီး ဒုတိယသမ္မတ လိုင်ချန်တေးက သမ္မတရာထူးကို ဆက်ခံသွားမည်ဖြစ်ပါသည်။ ထိုင်ဝမ်၏အဆိုပါ ရွေးကောက်ပွဲရလဒ်သည်  အမေရိကန်-တရုတ် ဆက်ဆံရေးအပြင် တတိယနိုင်ငံများ၏ နိုင်ငံခြားရေးမူဝါဒနှင့် တရုတ်၏ အနာဂတ်မဟာဗျူဟာများအပေါ် သက်ရောက်မှုများ ရှိလာမည်ဖြစ်ပါသည်။ 

လိုင်ချန်တေး အနိုင်ရပြီးနောက် ထိုင်ဝမ်ကျွန်း ၏ နိုင်ငံတကာရေးရာကဏ္ဍကို သုံးသပ်ရမည်ဆိုလျှင် ၎င်းသည် ဒီမိုကရက်တစ်နိုင်ငံများနှင့် ပိုမိုနီးကပ်သောဆက်ဆံရေးကို တည်ဆောက်လာနိုင်ခြေရှိပြီး ယခင်သမ္မတ ဆိုင်အင်ဝမ် လက်ထက်က မအောင်မြင်ခဲ့သော တရုတ်ပြည်မကြီးနှင့် ဆက်ဆံရေးကို ပြန်လည် တည်ဆောက်မည်ဟု ယူဆရသည်။ 

လိုင်ချန်တေးသည် ရွေးကောက်ပွဲမတိုင်ခင်က  ထိုင်ဝမ်လွတ်မြောက်ရေးအတွက် လက်တွေ့ကျကျ ကြိုးပမ်း သွားမည့်သူအဖြစ် ကြွေးကြော်ခဲ့သော်လည်း ယခုအခါ အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်နိုင်ရေး  ရည်မှန်းချက်တစ်ခုအတွက် မည်သည့်လွတ်မြောက်ရေးမူဝါဒကိုမျှ အဆိုပြုသွားမည်မဟုတ်ကြောင်း ဖော်ပြခဲ့ပြန်သည်။ သမ္မတရာထူးကို DPP ပါတီက ရရှိသွားခြင်းကြောင့် ထိုင်ဝမ်အနေဖြင့် ပြည်မကြီး- ထိုင်ဝမ်ကျွန်းဆွယ်အကြား ဆက်ဆံရေးတင်းမာမှုကို ကြီးကြီးမားမားပြောင်းလဲမှုမျိုး အကောင်အထည် ဖော်နိုင်လိမ့်မည်  မဟုတ်ချေ။ အကယ်၍ အတိုက်အခံ ကူမင်တန်ပါတီသာ အနိုင်ရခဲ့မည်ဆိုပါက ပြည်မကြီး-ထိုင်ဝမ်ဆက်ဆံ ရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးက တစ်မျိုးတစ်မည် ပြောင်းလဲသွားနိုင်ခြေရှိပါသည်။ 

ရွေးကောက်ပွဲတွင် DPP ပါတီ၏ သုံးကြိမ် ဆက်တိုက် အနိုင်ရရှိမှုသည် တရုတ်အစိုးရအတွက် များစွာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းနေသည်။ DPP ပါတီ အနိုင်ရခြင်းကြောင့် တရုတ်ပြည်မကြီးမှ ခွဲထွက်ရေး လိုလားသူများအတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းဖြစ်သွားခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ မတူညီသော ပါတီများမှ သမ္မတရာထူးများကို အကြိမ်ကြိမ်ရယူနိုင်ခဲ့ပြီး အများဆုံးသက်တမ်းနှစ်ကြိမ်သာ အနိုင်ရဖူးသော်လည်း ယခုကဲ့သို့ သုံးကြိမ်ဆက်အနိုင်ရခြင်းက ပထမဦးဆုံးပင် ဖြစ်သည်။ DPP ပါတီသည် လူငယ်များအကြား ပိုမိုရေပန်းစားလာသည်။ ထို့ကြောင့် DPP ပါတီ အနိုင်ရခြင်းက တရုတ်ပြည်မကြီးအတွက် စိန်ခေါ်မှု ဖြစ်လာနေသည်။ 

တရုတ်အနေဖြင့် နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်ရွေးကောက်ပွဲရလဒ်ကို ဦးစွာစောင့်ကြည့်ပြီးမှ ထိုင်ဝမ်နှင့်ပတ်သက်သည့် မူဝါဒများ၊ ဗျူဟာများကို ပြင်ဆင်ပြောင်းလဲနိုင်ခြေရှိပါသည်။ DPP ၏ သမ္မတ သက်တမ်းလေးနှစ်အတွင်း တရုတ်သည် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးကို တတ်နိုင်သမျှ လျှော့ချသွားမည့် အနေအထားတွင် ရှိနေသည်။ မကြာသေးမီကလည်း Nauru ကျွန်းနိုင်ငံက ထိုင်ဝမ်နှင့် သံတမန် ဆက်ဆံရေးဖြတ်တောက်ပြီး တရုတ်ပြည်မကြီးနှင့် ဆက်ဆံရေးထူထောင်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်ခြင်းကြောင့် ထိုင်ဝမ်ကို အသိအမှတ်ပြုသည့်နိုင်ငံ ၁၃ နိုင်ငံမှ ၁၂ နိုင်ငံသို့ လျော့ကျသွားခဲ့ပါသည်။ 

အမေရိကန်သည် နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး တရုတ်၊ ထိုင်ဝမ်တို့နှင့်ပတ်သက်၍ မူဝါဒအပြောင်းအလဲ ကြီးကြီးမားမား ရှိမည်တော့မဟုတ်ပါ။ လတ်တလောတွင် အမေရိကန်သည် ၎င်း၏ ပြည်တွင်းရွေးကောက်ပွဲကို ပိုမိုအာရုံစိုက်နေရပြီး ပြည်ပရေးရာတွင်လည်း ဥရောပနှင့် အရှေ့အလယ်ပိုင်း ဒေသတွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများကို အာရုံစိုက်နေရကာ ထိုင်ဝမ်ကျွန်းဆွယ်အ‌ရေးတင်းမာမှုများ ယခုထက် ပိုမြင့်မားမှုမရှိစေဖို့ ဆန္ဒရှိမည်သာဖြစ်သည်။ သို့သော် တင်းမာမှုများကတော့ အရှိန်ကောင်းနေ ဆဲဖြစ်သည်။ ၂၀၂၄ ခုနှစ် နှစ်စမှာပင် တရုတ်သည် ထိုင်ဝမ်ကို လက်နက်ရောင်းသည့် အမေရိကန် ကာကွယ်ရေးလုပ်ငန်းစု ငါးခုကို အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့သည်။

ထိုင်ဝမ်ရွေးကောက်ပွဲသည် အမေရိကန်-တရုတ် တင်းမာမှုများပြင်းထန်ချိန်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာအရေးကိစ္စများအတွင်း ပါဝင်ပတ်သက်မှုများလာနိုင်ပြီး ထိုင်ဝမ်၊ တရုတ်နှင့် အမေရိကန်တို့အကြား ပတ်သက်ဆက်နွှယ်မှုကို ပိုမိုရှုပ်ထွေးစေမည်သာဖြစ်သည်။ ၎င်းတို့အကြား တင်းမာမှုများက ထိပ်တိုက်တွေ့ဆုံမှုများအသွင် ပြောင်းခြင်း/ မပြောင်းခြင်းကမူ တရုတ်၏ သဘော ထားအပေါ် လုံးလုံးလျားလျား မူတည်နေမည် ဖြစ်သည်။ 

အမေရိကန်ရွေးကောက်ပွဲရလဒ်၏ ရိုက်ခတ်နိုင်မှု

၂၀၂၄ နိုဝင်ဘာတွင် ကျင်းပမည့် အမေရိကန် ရွေးကောက်ပွဲသည် ၎င်း၏ အနာဂတ်ကိုသာမက ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများအပေါ် သက်ရောက် မှုများရှိလာနိုင်ပါသည်။ အထူးသဖြင့် သမ္မတဟောင်း ထရမ့်က ၂၀၂၄ ရွေးကောက်ပွဲတွင် တစ်ပြေးနေသော သမ္မတလောင်းဖြစ်နေသည်။ အကယ်၍ ထရမ့်သာရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါက ယူကရိန်းအပေါ် အမေရိကန်၏ ထောက်ပံ့မှုများ ရပ်တန့်သွားနိုင်သလို မဟာမိတ်များနှင့် ဆက်ဆံရေးလည်း ကျဲပါးသွားနိုင်ပြီး နေတိုးအဖွဲ့အတွက် စိုးရိမ်စရာများဖြစ်လာနိုင်ပါသည်။ 

ဘိုင်ဒင်သည် နေတိုးအဖွဲ့ကို ကောင်းစွာ အထောက်အပံ့ပေးခဲ့သည်ကိုတော့ ရုရှား - ယူကရိန်း စစ်တွင် ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါသည်။ ဒုတိယအကြိမ်သက်တမ်းတွင်လည်း ဘိုင်ဒင်သည် ဥရောပ မဟာမိတ်များနှင့်အတူ ရပ်တည်သွားမည့် အနေအထားတွင်ရှိပါသည်။ သို့သော်ထရမ့်သည် ၎င်းအာဏာ ရခဲ့ချိန်ကလည်း နေတိုးအဖွဲ့အပေါ် လျစ်လျူရှုထားခဲ့ပြီး အဖွဲ့မှ နုတ်ထွက်ရန်လည်း စိတ်ကူးရှိခဲ့ဖူးပါသည်။ 

ကွန်ဂရက်သည် ထိုသို့သောလုပ်ရပ်များကို တားဆီးနိုင်ရန် ဥပဒေများချမှတ်ပြီး မည်သည့်သမ္မတမဆို လွှတ်တော်၏ ခွင့်ပြုချက်ရမှသာ နေတိုးအဖွဲ့မှ နုတ်ထွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ ယင်းအစီအမံများတွင် အမျိုးသားကာကွယ်ရေးခွင့်ပြုချက် အက်ဥပဒေလည်း အပါအဝင်ဖြစ်ကာ လွှတ်တော်နှစ်ရပ်လုံး၏ အတည်ပြုချက်ဖြင့်သာ အဆုံးအဖြတ်များကို သမ္မတက ပြုနိုင်တော့မည် ဖြစ်သည်။ သို့ဖြစ်၍ ယူကရိန်းအတွက် စစ်ရေးအထောက်အပံ့များကိုလည်း သမ္မတက အကန့်အသတ်ဖြင့်သာ ခွင့်ပြုနိုင်တော့မည်ဖြစ်ပါသည်။ 

ထို့ကြောင့် ရုရှား-ယူကရိန်း စစ်ပွဲစတင်ချိန် နှင့်မတူတော့ဘဲ ၂၀၂၅ ခုနှစ်မှစ၍ အထောက်အပံ့များ တဖြည်းဖြည်း လျော့နည်းသွားမည်ဖြစ်ပါသည်။ ထို့ပြင် အစ္စရေး-ဟားမတ်စ် စစ်ပွဲနှင့် အရှေ့အလယ်ပိုင်း နောက်ဆက်တွဲ ပြဿနာများသည်လည်း အမေရိကန်နိုင်ငံရေးနှင့်များစွာဆက်နွှယ် နေပါသည်။ ၎င်းပဋိပက္ခများအတွင်း သမ္မတ ဘိုင်ဒင်က အစ္စရေးအား ထောက်ခံပြီး စစ်ရေးအကူအညီများ ဆက်တိုက်ပေးနေခြင်းကြောင့် အမေရိကန် အသိုင်းအဝိုင်းမှာပင် ဘိုင်ဒင်အားဆန့်ကျင်သူများ ပေါ်ပေါက်လာခဲ့သည်။ ထိုပဋိပက္ခသည် ဘိုင်ဒင်၏ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် အတားအဆီးများ ဖြစ်လာနိုင်ပါသည်။ 

လက်ရှိအခြေအနေတွင် ထရမ့်သည် ဒုတိယအကြိမ်သမ္မတဖြစ်ရန် အလားအလာကောင်းများ ကို ပိုင်ဆိုင်ထားပြီး ၎င်းသမ္မတဖြစ်လာပါက ကမ္ဘာလုံးဆိုင်ရာအရေးကိစ္စများနှင့် ထိတွေ့ဆက်ဆံမှုနည်းအောင် နေထိုင်မည့်မူဝါဒကို ဆက်လက်အကောင်အထည် ဖော်လာနိုင်ခြေရှိနေပါသည်။ အမေရိကန်အနေဖြင့် ထိုကဲ့သို့ကမ္ဘာ့အရေးများမှ လက်ရှောင်နေမည်ဆိုပါက ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးစနစ်များတွင် အားနည်းယုတ်လျော့မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။

ရွေးကောက်ပွဲမတိုင်ခင်ကပင် ရလဒ်သေချာနေသော အိန္ဒိယ

ဒီမိုကရေစီခိုင်မာသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် အိန္ဒိယတွင်လည်း ရွေးကောက်ပွဲများကို နွေဦးတွင် ကျင်းပသွားရန် ရည်ရွယ်ထားပါသည်။ အိန္ဒိယသည် ကမ္ဘာ့ရေးရာများတွင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်ပတ်သက်လေ့ရှိသူဖြစ်ရာ ၎င်း၏ရွေးကောက် ပွဲရလဒ်သည်လည်း ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန်ဖြေရှင်းရာတွင် သက်ရောက် မှုများရှိလာနိုင်ပါသည်။ 

ဒီဇင်ဘာလတွင် ကျင်းပခဲ့သော ပြည်နယ်ရွေးကောက်ပွဲများအတွင်း အာဏာရ BJP ပါတီ၏ အပြတ်အသတ် အနိုင်ရရှိမှုသည် နွေဦးတွင် ကျင်းပမည့် ပါလီမန်ရွေးကောက်ပွဲများအတွက် အသာစီးရမည့် မဲရလဒ်ကို ကြိုတင်ခန့်မှန်းနိုင်ပါသည်။ ၂၀၂၄ ရွေးကောက်ပွဲတွင် BJP ပါတီပင် ဆက်လက်အနိုင်ရမည်ဆိုပါက မိုဒီသည် တတိယအကြိမ် ဝန်ကြီးချုပ်ရာထူးကို ဆက်လက်ထမ်းဆောင်ရမည်ဖြစ်ကာ အိန္ဒိယသမိုင်းတွင် သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။ 

၂၀၁၄ နှင့် ၂၀၁၉ ရွေးကောက်ပွဲများတွင် စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ရှေ့တန်းတင်ခဲ့သော်လည်း ၂၀၂၄ တွင်မူ BJP သည် အမျိုးသားရေးဝါဒကို အခြေခံသော နိုင်ငံရေးကို ပိုမိုအလေးပေးသွားမည်ဖြစ်သောကြောင့် ဘာသာရေးအုပ်စုများအကြား ပိုမိုကွဲပြားသွားစေမည့် အရိပ်အယောင်များရှိနေပါသည်။ မိုဒီသည် ၎င်း၏လက်ရှိသက်တမ်းအတွင်း ပြီးမြောက်အောင်မြင်ခဲ့သော မက်ခရိုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အခြေခံအဆာက်အအုံများစွာ တည်ဆောက်နိုင်‌ရေး ရင်းနှီးမြှုပ်နှံနိုင်ခဲ့မှု၊ အိန္ဒိယ၏ တိုးပွားလာသော နိုင်ငံတကာဂုဏ်သိက္ခာတို့အပေါ် အခြေခံ၍ မဲဆွယ်စည်းရုံးနိုင်ပါသည်။

ရွေးကောက်ပွဲ သုံးခုနှင့် မြန်မာနိုင်ငံအကြား ဆက်နွှယ်မှု

အထက်ပါ ရွေးကောက်ပွဲ သုံးခုသည် မြန်မာ့အရေးနှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်နွှယ်နေပေသည်။ ထိုင်ဝမ်နှင့် အမေရိကန် ရွေးကောက်ပွဲနှစ်ခုပေါင်း၍ မြန်မာ့အရေးအပေါ် သက်ရောက်မှုရှိလာနိုင်သည်။ ထိုင်ဝမ်တွင် တရုတ်အစိုးရ သဘောမကျသည့် သမ္မတတက်လာပြီဖြစ်ပြီး တစ်ချိန်တည်းမှာပင် အမေရိကန်၏ သမ္မတသစ်မှာ ထရမ့်ဖြစ်လာခဲ့ပါက အမေရိကန်၏ အားပြိုင်ဘက်သည် ရုရှားမဟုတ်တော့ဘဲ တရုတ်ဘက်သို့ ပြောင်းလာနိုင်ပါသည်။ 

ထိုအချိန်တွင် အာရှရှိ တရုတ်၏ အားထားရာ အကျိုးစီးပွားများအပေါ် အမေရိကန်၏ စွက်ဖက်မှုများ ရှိလာနိုင်ပါသည်။ ထင်သာမြင်သာအဖြစ်ဆုံးမှာ ထိုင်ဝမ်ဖြစ်ပြီး ထရမ့်သည် ၎င်းအာဏာရလာပါက ရုရှား-ယူကရိန်းစစ်ပွဲနှင့် အစ္စရေး-ဟားမတ်စ် ပဋိပက္ခတို့ထက် ထိုင်ဝမ်ဘက်မှနေ၍ တရုတ်နှင့် အားပြိုင်လာနိုင်ပါသည်။ ထို့အတူ မြန်မာနိုင်ငံသည်လည်း တရုတ်၏ အကျိုးစီးပွားအချက်အချာ တစ်ခုဖြစ်နေသည့်အတွက် ထရမ့်သာ အာဏာရလာပါက မြန်မာနိုင်ငံဘက်မှလှည့်၍လည်း တရုတ်နှင့် အားပြိုင်မှုများ ရှိလာနိုင်ပါသည်။ 

အိန္ဒိယသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ၁၆၄၃ ကီလိုမီတာ ဆက်စပ်လျက်ရှိနေပြီး ဝန်ကြီးချုပ် မိုဒီ၏ အရှေ့မျှော်ဝါဒအတွက် မြန်မာနိုင်ငံမှာ တစ်စိတ်တစ်ပိုင်း အရေးပါနေသည်။ ထို့ပြင်အိန္ဒိယသည် အာဆီယံနိုင်ငံများနှင့်အတူ ဘင်္ဂလားပင်လယ်အော်၌ ပင်လယ်ပြင်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လိုသည့်ဆန္ဒရှိနေသည်။ သို့သော် အိမ်နီးချင်းမြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ပြည်တွင်းရေးများသည် အိန္ဒိယ နယ်စပ်ရေးရာကို ရှုပ်ထွေးလာစေပါသည်။ ထို့အတူ အိန္ဒိယနှင့် တရုတ်အကြား နယ်စပ်ပြဿနာများသည်လည်း တစ်နွယ်ငင်တစ်စင်ပါ မြန်မာနိုင်ငံအတွက် သတိထားစရာ အနေအထား ဖြစ်နေပါသည်။ 

မည်သို့ပင်ဆိုစေကာမူ အင်အားကြီးနိုင်ငံများပါဝင်ပတ်သက်နေသော အထက်ပါရွေးကောက်ပွဲတို့၏ ရလဒ်များသည် ကမ္ဘာ့အ‌ရေးကိစ္စများကို အပြောင်းအလဲဖြစ်စေမည်ဖြစ်သလို ကမ္ဘာ့အခင်း အကျင်းများကိုပါ ပုံစံပြောင်းလဲသွားနိုင်သောကြောင့် ကျွန်ုပ်တို့အနေဖြင့် ပထဝီနိုင်ငံရေး ရှုထောင့်မှ အမြဲမပြတ် သုံးသပ်လေ့လာနေရန် လိုအပ်မည် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။


ကိုးကား

- The Geopolitical Implications of the Taiwanese Elections for China, the United States and the World

- The Pivotal Elections of 2024: Key Races That Will Shape the Global Landscape

- Consequences of the US 2024 Elections for European Allies: Three Scenarios

- Myanmar’s spiraling violence spawns strategic risks for India


တင်ဇာ (IR)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)