ရန်ကုန်၊ ဖဖော်ဝါရီ ၂၄
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် (၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရွှေတိဂုံစေတီတော်အရှေ့ဘက် အောက်ပစ္စယာရှိ ထန်းပင်ကုန်းကွင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ပညာရှင်များ၊ အကဲဖြတ်အမှတ်ပေးဒိုင်းလူကြီးများ၊ စေတနာရှင်အလှူရှင်များ၊ ဂေါပကရုံးဝန်ထမ်းများ၊ ပြိုင်ပွဲဝင်အသင်းနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကြပြီး ရွှေတိဂုံစေတီတော်မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ထမနဲလှူဒါန်းပွဲတော်ကျင်းပရေး ဗဟိုကော်မတီဥက္ကဌ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အလှည့်ကျသဘာပတိ ဦးထိန်ဝင်းကအဖွင့်မင်္ဂလာစကား ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်း၊ မြန်မာ့ရိုးရာမနဲလှူဒါန်းပွဲတော်ကျင်ပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အလှည့်ကျသဘာပတိ ဦးထိန်ဝင်းနှင့် ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင် ဦးမင်းလွင်တို့ကထမနဲထိုးပြိုင်ပွဲကို ရွှေကြိုးဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီးဦးအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများ ယှဉ်ပြိုင်နေမှုကိုလှည့်လည်ကြည်ရူ့ အားပေးကြသည်။
ထမနဲထိုးပြိုင်ပွဲတွင် ရွှေတိဂုံစေတီတော်ဗုဒ္ဓေဝယျာဝစ္စအသင်းများ၊ အခွန်ထမ်းများ၊ မိတ်ဖက်အသင်းများနှင့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ရုံးဌာနများအပါအဝင် ပြိုင်ပွဲဝင်အသင်းပေါင်း ၂၈ သင်းပါဝင်ယှဉ်ပြိုင်ကြပြီး ပထမဆုရရှိသည့် လျှပ်စစ်နှင့်ရေသန့်ဌာနကို ကျပ်(၁၀)သိန်း၊ ဒုတိယဆုရရှိသည့် ရွှေလင်းအောင်ရွှေချအဖွဲ့ကို ကျပ်(၇)သိန်း၊ တတိယဆုရရှိသည့် လုံခြုံမီးသတ်ဌာနကို ကျပ်(၆)သိန်း၊ စတုတ္တဆုရရှိသည့် ဝန်ထမ်းရေးရာနှင့်မှတ်တမ်းဌာနကို ကျပ်(၅)သိန်း၊ ပဉ္စမဆုရရှိသည့် ဗဟိုသိုလှောင်ရေးဌာနနှင့် ပြတိုက်ပြခန်းဌာနကို ကျပ်(၄)သိန်း၊ နှစ်သိမ့်ဆုရရှိကြသည့် ဘဏ္ဍာရေးဌာန၊ မေတ္တာပါရမီအသင်းနှင့် လုပ်ငန်းမြို့ပြဌာနတို့ကို ကျပ်(၃)သိန်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ပြိုင်ပွဲမှရရှိလာသည့် ထမနဲများကို ၂၄-၂-၂၀၂၄ (တပို့တွဲလပြည့်နေ့)တွင် မြတ်စွာဘုရားနှင့် သဃာ့တော်များအားအရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ ဘုရားအမှူးပြုသောသံဃာတော် ၆၄ပါးအား ထမနဲဆွမ်းတော်ကြီးလောင်းလှူခြင်း၊အလှူရှင်များအား ဒါနပြုခြင်းနှင့် ခုနစ်ရက်သားသမီးများအား ဝေငှကုသိုလ်ပြုခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#News
No comments:
Post a Comment