ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ စာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ် (၄) ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ စာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ် (၄) ဖွင့်ပွဲကျင်းပ





ရန်ကုန်၊ မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ စာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ် (၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် လှိုင်မြို့နယ်ရှိ လှိုင်စင်တာ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ စာကြည့်တိုက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ ဧည့်သည်တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် စာကြည့်တိုက်ဆိုတာ အမှားအမှန်၊ ဝေဖန်ပိုင်းခြား၊ သုတပွားကာ၊ သစ္စာအမြင်ကြည်လင်စေရန်၊ စာပေအမြိုက်၊ ပညာသိုက်သို့၊ ညွှန်ပြစိုက်စိုက်၊ စာကြည့်တိုက်လို့ဆိုပါကြောင်း။ အသိပညာဗဟုသုတရှာမှီးရာ၊ အတွေးအခေါ်အယူအဆ တိုးပွားရာနေရာအဖြစ် စာကြည့်တိုက်များက ရပ်တည်လျက်ရှိပါကြောင်း၊ စာကြည့်တိုက်မှာအယုတ်၊ အလတ်၊ အမြတ်မရွေး၊ အရွယ်အပိုင်းအခြားမရှိ၊ သင်ယူလေ့လာဆည်းပူးနိုင်တဲ့ တက္ကသိုလ်လို့လည်းဆိုနိုင်ပါ‌ကြောင်း၊ ဒါ့ကြောင့်လည်း စာကြည့်တိုက်အနေနဲ့ ခေတ်ကာလ၊ ခေတ်ရေစီးကြောင်းကို မျက်ခြည်ပြတ်မခံဘဲ အသိပညာ၊ ဗဟုသုတတွေ ရှာမှီးနိုင်ရေးအထောက်အပံ့ပေးနိုင်တဲ့ နေရာလည်းဖြစ်ပါကြောင်း၊ စာအုပ်စာပေကလူမျိုးတစ်မျိုးရဲ့ အသက်ဝိညာဉ်ဖြစ်ပါကြောင်း၊ စာပေယဉ်ကျေးမှုမရှိတဲ့ လူမျိုးကို အသီး၊ အပွင့်၊ အရွက်တို့မရှိတဲ့ သစ်ခြောက်ပင်နဲ့ တူပါကြောင်း၊ စာပေယဉ်ကျေးမှုထွန်းကားတဲ့ လူမျိုးကတော့ အသီး၊ အပွင့်၊ အရွက်တို့ ဝေဆာဖူးပွင့်နေတဲ့ တန်ဖိုးကြီးမားသည့် သစ်ပင်နဲ့တူတယ်လို့ ဆိုကြပါကြောင်း၊ ယခင်ကတည်းကတည်ရှိခဲ့တဲ့ သမိုင်းအထောက်အထားတွေကို စာအုပ်စာပေတွေကနေတစ်ဆင့် စောင့်ရှောက်ရမှာဖြစ်ပါကြောင်း။

ယနေ့ခေတ်မှာ ပညာတတ်၊ ဘွဲ့ရ၊ အသက်အရွယ်ကြီးတာ၊ ချမ်းသာကြွယ်ဝတာနဲ့ အသိပညာအတတ်ပညာပြည့်စုံပြီလို့ မဆိုနိုင်ပါကြောင်း၊ လူတိုင်းလူတိုင်း အမြဲလေ့လာသင်ယူနေမှသာ ခေတ်နဲ့အညီအမှီလိုက်နိုင်မှာဖြစ်ပါ‌ကြောင်း နည်းပညာခေတ်ဖြစ်နေတဲ့အတွက် လက်ကိုင်ဖုန်းတွေနဲ့လည်း အွန်လိုင်းကနေ သိလိုတဲ့အကြောင်းအရာတွေကို ရှာဖွေပြီး ဖတ်ရှုနိုင်ပါကြောင်း၊ စာကြည့်တိုက်မှူးတွေကလည်း စာပေပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့လိုပါကြောင်း၊ စာဖတ်သူတွေသိလိုတဲ့ အကြောင်းအရာတွေကို ကူညီရှာဖွေပေးတဲ့သူ၊ ဗဟုသုတတွေကို ဖြန့်ဝေပေးတဲ့သူ၊ စာကြည့်တိုက်အလင်းရောင် စွမ်းဆောင်ပေးတဲ့သူတွေဖြစ်အောင် ဆောင်ရွက်ပေးကြဖို့လိုပါကြောင်းတို့ကို ပြေကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လူမှုရေးရာဝန်ကြီး ဦးဋ္ဌေးအောင်က စာကြည့်တိုက်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတို့ကို ပြောကြားပြီး စာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ် (၄) သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေကျပ် (၁၅) သိန်းကို ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းကပေးအပ်ရာ၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

အဆိုပါစာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ် (၄) ဖွင့်ပွဲကို ဖွင့်လှစ်ရခြင်းသည် ခရိုင်ကိုယ်စားပြု စာကြည့်တိုက်များ ပေါ်ပေါက်လာစေရန်၊ စံပြစာကြည့်တိုက်များ ပေါ်ပေါက်လာမှုနှင့်အတူ စာကြည့်တိုက်ပညာရပ်များကို နားလည်တတ်ကျွမ်းသည့် စာကြည့်တိုက်မှူးများ ထွက်ပေါ်လာစေရန်၊ စာကြည့်တိုက်မှူးများအချင်းချင်း ရင်းနှီးချစ်ကြည်မှုမှတစ်ဆင့် စာကြည့်တိုက်အတွေ့အကြုံများ ဆွေးနွေးဖလှယ်နိုင်ကြစေရန်၊ စာကြည့်တိုက်များ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ စသည့်ရည်ရွယ်ချက်များဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များမှ သင်တန်းသား၊ သင်တန်းသူ (၅၀) ဦးတို့ကို မတ်လ ၁၁ ရက်မှ ၁၃  ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်မြင့် 

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)