မင့်စ်၊ မတ် ၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့၊ ကောင်စစ်ဝန်ချုပ်ရုံးက ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့၊ ၁၇၀၀ မှ ၁၉၀၀ နာရီအထိ မင့်စ်မြို့ Beijing Hotel ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် ဘယ်လာရုစ်အသေးစား စက်မှုလုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်ရောင်းချရေးအဖွဲ့ချုပ်၊ ဒုတိယဉက္ကဋ္ဌ-၁ Mr. Viktar Biruk တက်ရောက်ခဲ့ပြီး ဘယ်လာရုစ်စစ်ဘက်စက်မှုကော်မတီ၏ ဒုတိယဉက္ကဋ္ဌ Major General Oleg Mishchenko နှင့်အတူ မင့်စ်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ စီးပွားရေးသံမှူးများနှင့် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များ၊ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ ပါမောက္ခများ၊ မြန်မာပညာတော်သင်များ၊ ကောင်စစ်ဝန်ချုပ်ရုံးမှ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
ဧည့်ခံပွဲအခမ်းအနားတွင် နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်း ဖွင့်လှစ်ကာ အလေးပြုခဲ့ကြပြီး ကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူ နှင့် ဘယ်လာရုစ်နိုင်ငံ၏ အထူးဧည့်သည်တော် Mr. Viktar Biruk တို့က အသီးသီး မိန့်ခွန်းပြောကြားခဲ့ကြသည်။ ထို့နောက် ဧည့်ခံပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား မြန်မာ့အလှ၊ မြန်မာ့ရှုခင်း ဗီဒီယိုဖိုင်များဖြင့် ပြသကာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
#News



No comments:
Post a Comment