ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ (၅၂) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ (၅၂) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ




နေပြည်တော်၊ မတ် ၁၆

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ (၅၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ ဘိုးဝဇီရခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ (၅၂) နှစ်တာ ဖြတ်သန်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းဗီဒီယိုကို ပြသသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များဖြစ်သည့် ပြည်သူလူထုကို သတင်းအချက်အလက်ပေးရန်၊ အသိပညာပေးရန်နှင့် ဖျော်ဖြေပေးရန်ဆိုသည့် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်းလည်း အပါအဝင်ဖြစ်ပါကြောင်း၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအောက်မှ ဌာနခွဲတစ်ခုဖြစ်သည့် စာပေ ဗိမာန်သည် မြန်မာစာပေဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ပြည်သူများ ဗဟုသုတရရှိစေမည့် စာအုပ် စာပေများထုတ်ဝေခြင်း၊ စာတမ်းဖတ်ပွဲများ ကျင်းပခြင်း၊ စာပေစကားဝိုင်းများ၊ စာပေဆွေးနွေးပွဲ များကျင်းပခြင်းနှင့်အတူ အမျိုးသားစာပေတစ်သက်တာ ဆုများ၊ အမျိုးသားစာပေဆုများ ချီးမြှင့် ခြင်းလုပ်ငန်းကို ခေတ်အဆက်ဆက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကစာပေဆုတစ်ခု ဖြစ်သည့် ပခုက္ကူစာပေဆု ချီးမြှင့်ရာတွင်လည်း ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ပူးပေါင်းဆောင် ရွက်ပေးလျက်ရှိသည်ကို တွေ့မြင်ရပါကြောင်း၊ မြန်မာစာပေဖွံ့ဖြိုး တိုးတက်ရေးအတွက် အင်အား ကြီးမားသည့် အထောက်အကူပြုမှုများပင် ဖြစ်ပါကြောင်း။


ထို့အပြင် မြန်မာစာပေအကျိုးကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးခဲ့ကြသည့်၊ ဖြည့်ဆည်းပေးနေကြသည့် စာပေပညာရှင်များကို ထိုက်တန်သည့် ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်နိုင်ရေး အတွက် စာပေပညာရှင်များ ပဏာမအဆင့် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းကိုလည်း ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ဆောင်ရွက်ပေးနေသည်ကို တွေ့ရပါကြောင်း၊ နိုင်ငံတော်၏ တာဝန် ကြီးတစ်ရပ်ကို ဖြည့်ဆည်းပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း။


ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာနသည် ပြည်တွင်းပြည်ပ စာရေးဆရာ၊ သတင်းစာဆရာ အဖွဲ့အစည်းများ၊ ပုံနှိပ်လုပ်ငန်းရှင်များ၊ စာပေထုတ်ဝေဖြန့်ချိရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာစာပေနှင့် စာပေလောကသားများ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့် အနာဂတ်ကာလ၌ စာပေပညာရှင်များကို များစွာအကျိုးပြုမည့် “စာဆိုဗိမာန်” ကြီး တစ်ခုကို တည်ဆောက်ပြီး ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအောက်တွင် ထားရှိဆောင်ရွက်သွားရန် မိမိတို့ အားလုံး ဝိုင်းဝန်းကြိုးပမ်းလျက်ရှိပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် ကျပ်သိန်း ၂၁၉၃၀၀၀၀ တန်ဖိုးရှိ ဝတ်စုံများကို ညွှန်ကြားရေးမှူးချုပ်ထံ ထောက်ပံ့ပေးအပ်ပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းများ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းသုံးဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်သည်။


ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းသုံးဦးအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်သည်။


ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက အခြားဝန်ကြီးဌာနများတွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းငါးဦးအားလည်းကောင်း၊ ဝန်ကြီးဌာနအတွင်းနှင့် ဌာနတွင်းဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းလေးဦးအားလည်းကောင်း၊ ဌာနတွင်းဖွင့်လှစ်ခဲ့သည့် ပုံနှိပ်ပညာ သင်တန်းများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဝန်ထမ်းလေးဦးအားလည်းကောင်း၊ ဖိုတိုလစ်သိုပုံနှိပ်စက်ရုံရှိ စက်ပြုပြင်ထိန်းသိမ်းမှု အဖွဲ့ (၁) အထူးဆုရရှိသော ဝန်ထမ်းများနှင့် ဂျီတီစီပုံနှိပ်စက်ရုံရှိ စက်ပြုပြင်ထိန်းသိမ်းမှု အဖွဲ့(၂) အထူးဆုရရှိသည့် ဝန်ထမ်းများအားလည်း ကောင်း၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကတ်များအား အမှားအယွင်း ကင်းစွာဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ဝန်ထမ်းသုံးဦးအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ဆုရရှိသူများကိုယ်စား စာပေဗိမာန်ရုံးမှ စာတည်းမှူး ဒေါ်ဇင်မာထွေးက ကျေးဇူးတင်စကားပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဝန်ထမ်းများအား ဆုမဲများ ဖောက်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများသည် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာကို လက်ရည်တစ်ပြင်တည်း အတူတကွ သုံးဆောင်ခဲ့ကြသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)