နေပြည်တော်၊ မတ် ၂၀
မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ်များ စဉ်ဆက်မပြတ် အသုံးပြုခြင်းနှင့်ထိန်းသိမ်းကာကွယ်ခြင်း စီမံကိန်း၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမနနေ့က နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးချုပ် အင်ကြင်းခန်းမ၌ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းသည် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းတစ်ခုဖြစ်ပြီး စီမံကိန်းကာလ ၂၀၂၃ အောက်တိုဘာလမှ ၂၀၂၅ စက်တင်ဘာလအထိ နှစ်နှစ်ကြာမြင့်မည် ဖြစ်ကြောင်း၊ စီမံကိန်းကို ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်ခရိုင်၊ မိုင်းယောင်းခရိုင်နှင့် ကျိုင်းတုံခရိုင်များတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းဧရိယာအတွင်းရှိ ဆေးဖက်ဝင်အပင် မျိုးစုံမျိုးကွဲများကို သုတေသနပြုလေ့လာဖော်ထုတ်ခြင်း၊ ဌာနေတိုင်းရင်းသားလူမျိုးစုများ အသုံးပြုသော သဘာဝဆေးဖက်ဝင်အပင်များကို လေ့လာမှတ်တမ်းပြုစုခြင်း၊ ရှားပါး၍ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်များ၊ ဒေသရင်းမျိုးစိတ်များ၊ စီးပွားရေးအရ အရေးပါသောမျိုးစိတ်များကို ကာကွယ်ထိန်းသိမ်းခြင်း၊ သုတေသနတွေ့ရှိချက်ရလဒ်များကို မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများနှင့် အာဆီယံနိုင်ငံများသို့ ဖလှယ်ရန်အတွက် Database စနစ်တစ်ခု တည်ထောင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းကို ဌာနေတိုင်းရင်းသားလူမျိုးစုများ၊ သစ်တောဝန်ထမ်းများ၊ သုတေသနပညာရှင်များ၊ ဆက်စပ်ဌာနများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး သုတေသနတွေ့ရှိချက်များကို အခြေခံ၍ သဘာဝဆေးဖက်ဝင် အပင်များ စနစ်တကျစီမံအုပ်ချုပ်နိုင်မည့်သင့်တော် သောထိန်းသိမ်းကာကွယ်ခြင်းနည်းလမ်းများကိုဌာနေ တိုင်းရင်းသားလူမျိုးစုများအား ဖြန့်ဝေသွားနိုင်မည်ဖြစ်ကြောင်း။
ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပါဝင်သည့် သုတေသနလုပ်ငန်းအစီအစဉ်များကို တင်ပြဆွေးနွေးကြမည်ဖြစ်ရာ တက်ရောက်လာကြသူများကလည်း စီမံကိန်းမျှော်မှန်းချက်များ ပြည့်စုံအောင်မြင်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်ပြောကြားပြီး စီမံကိန်းဧရိယာအတွင်း ကနဦးလေ့လာ တွေ့ရှိထားသော ဆေးဖက်ဝင်အပင်များ ပြသထားမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သစ်တောဦးစီးဌာနဦးစီးရုံးချုပ်ရှိ ဝန်ထမ်းများ ရုံးသုံးအခြေခံကွန်ပျူတာသင်တန်းပို့ချနေမှု၊ စီမံကိန်းနှင့်စာရင်းအင်းဌာနရှိ ဂြိုဟ်တုဓာတ်ပုံသတင်းအချက်အလက်များကို Remote Sensing and GIS နည်း ပညာအသုံးပြု၍ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုခန့်မှန်းချက်အစီရင်ခံစာ (FRA 2025) ထုတ်ပြန်နိုင် ရေးဆောင်ရွက်နေမှု၊ ခရိုင်တစ်ခုချင်းအတွက် ရွက်အုပ်ပိတ်တော၊ ရွက်အုပ်ပွင့်တော၊ ဒီရေတော၊ တောနိမ့်၊ စိုက်ပျိုးမြေစသည်ဖြင့် သစ်တောဖုံးလွှမ်းမှု ဆန်းစစ်ခြင်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
#News
No comments:
Post a Comment