ဘားအံ၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံ၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ





ဘားအံ မတ် ၉

အမျိုးသမီးများ၏ အခွင့်အရေးများ၊ စွမ်းဆောင်နိုင်မှုများ၊ လူသားအကျိုးပြုမှုများကို အသိအမှတ်ပြု ဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အထိမ်းအမှတ်အခမ်းအနားကို အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင်မြှုပ်နှံပေး ဟူသောဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးထုကြီး၏အင်အားနှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အမျိုးသမီးကဏ္ဍကိုမြှင့်တင်ပေးမည့် မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ လုပ်ငန်းယန္တရားများအားကောင်းစေရန် လိုအပ်မည်ဖြစ်သည့်အတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးကော်မတီများမှ သက်ဆိုင်ရာကော်မတီဝင်ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်းချိတ်ဆက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာလူ့အဖွဲ့အစည်းတွင် အဓိကအင်အားစုကြီးတစ်ခုဖြစ်သော မြန်မာအမျိုးသမီးများသည် ကဏ္ဍစုံတွင် အမျိုးသားများနှင့်တန်းတူ ပါဝင်ဆောင်ရွက်နေကြပြီး တွေ့ကြုံနေကြသည့်စိန်ခေါ်မှုများနှင့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှား၍ အမျိုးသမီးများ၏စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်နိုင်ကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးအရေးဆောင်ရွက်နေကြသော အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် တက်ရောက်လာသူများသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့သောသဝဏ်လွှာ video Clip နှင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီး များနေ့အထိမ်းအမှတ် video Clip တို့ကို အတူတကွကြည့်ရှုခဲ့ကြပြီး မူလတန်းကြိုကျောင်းများမှ ကလေးငယ်များက အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ က ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အနေဖြင့် ခင်းကျင်းပြသထားသော ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးကော်မတီများနှင့် ကရင်ပြည်နယ်အမျိုးသမီးရေရာအဖွဲ့တို့၏ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ ကရင်ပြည်နယ်ဒေသထွက်အမျိုးသမီးထုတ်ကုန်များ၊ အဝတ်အထည်များကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။


စောမျိုးမင်းသိန်း

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)