ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME အရောင်းပြခန်းများတွင် ခင်းကျင်းပြသရောင်းချခဲ့သည့် ထုတ်ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည့် အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME အရောင်းပြခန်းများတွင် ခင်းကျင်းပြသရောင်းချခဲ့သည့် ထုတ်ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည့် အခမ်းအနား ကျင်းပ


နေပြည်တော်၊ မတ် ၉

ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME အရောင်းပြခန်းများတွင် ခင်းကျင်းပြသရောင်းချခဲ့သည့် ထုတ်ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် MSME Agency ဥက္ကဋ္ဌ ဦးဇေယျာလင်း၊ Agency အတွင်းရေးမှူး၊ စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် MSME Agency အဖွဲ့ဝင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှူးများက Virtual စနစ်ဖြင့် တက်ရောက်သည်။

ဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စီးပွားရေးရာကော်မတီအစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်များမှ ထွက်ရှိသည့် ထုတ်ကုန်များ၏ ထုတ်လုပ်မှုကွင်းဆက်အလိုက် တန်ဖိုးမြင့်တက်လာမှုအခြေအနေနှင့် ပတ်သက်၍ လေ့လာတင်ပြခဲ့မှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းဒေသကြီး/ ပြည်နယ်များရှိ အေဂျင်စီဥက္ကဋ္ဌများကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးရန် လမ်းညွှန်ခဲ့သဖြင့် ယခုအခမ်းအနားကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တန်ဖိုးမြှင့်ထုတ်ကုန်များကို ခင်းကျင်းပြသရောင်းချခဲ့ပါကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းဖြင့် အသားတင်အမြတ်ရရှိသကဲ့သို့ ထုတ်လုပ်မှုအဆင့်ဆင့် တိုးမြှင့်သွားသည့်အတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုတိုးတက်လာကာ ထုတ်ကုန်၏တန်ဖိုးသည် မူလတန်ဖိုးထက် မြင့်တက်သွားသောကြောင့် ဝင်ငွေ (Revenue) ပမာဏများလာကြောင်း၊ ဈေးကွက်တွင်း ရောင်းဝယ်မှုတန်ဖိုး (Trade Value) တိုးလာမည်ဖြစ်ပြီး တိုင်းပြည်၏ စုစုပေါင်းထုတ်ကုန်တန်ဖိုး (GDP) ကို တိုးတက်စေမည်ဖြစ်ကြောင်း၊ ဦးစားပေးထုတ်ကုန်များအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်လုပ်မှုစွမ်းအားများ မြှင့်တင်ခြင်းအစီအစဉ်များကို ရေးဆွဲဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရန် ထပ်မံလိုအပ်သည့် သွင်းအားစုများ၊ စက်ပစ္စည်းကိရိယာများနှင့် စက်အရန်ပစ္စည်းများကို ဖော်ထုတ်သတ်မှတ်ပြီးပံ့ပိုးပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုစက်ကိရိယာ များကို ကိုင်တွယ်မောင်းနှင်ထိန်းသိမ်းနိုင်မည့် ကျွမ်းကျင်လုပ်သားများ ကိုလည်း လိုအပ်ချက်များနှင့်အညီ လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ ဦးစားပေးထုတ်ကုန်များ ထုတ်လုပ်သည့် ကဏ္ဍများတွင်လည်း ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး အစီအစဉ်များနှင့် MSME ချေးငွေများကို ဦးစားပေးပံ့ပိုးပေးရေး အစီအစဉ်များကို ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းအမယ်သစ်များ ပိုမိုထုတ်လုပ်နိုင်ရေး သုတေသနလုပ်ငန်းများ၊ ဆန်းသစ်တီထွင်မှုနှင့် ဈေးကွက်သုတေသနများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် MSME Agency အတွင်းရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စိုက်ပျိုးမွေးမြူရေး ထွက်ကုန်အမျိုးအစားများနှင့် တန်ဖိုးမြှင့်ထုတ်ကုန် အမျိုးအစားများနှင့်ပတ်သက်၍လည်းကောင်း၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ စက္ကူစက်ရုံ (ရေနီ) ရှိ ဓာတ်ခွဲခန်းသုံး စက်ကိရိယာများဖြင့် ကောက်ရိုးမှ ပျော့ဖတ်စမ်းသပ်ထုတ်လုပ်ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ စက်မှုကြီကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှူးက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲကျင်းပခဲ့မှု၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ခင်းကျင်းပြသခဲ့မှု အခြေအနေတို့ကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများကို မတည်ထူထောင်ထားရှိကြောင်း၊ MSME များဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့နယ်ပယ်တွင် အမှန်တကယ် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များကိုသာ ထုတ်ချေးပေးနိုင်ရေး စိစစ်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းရှိ MSME များ ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် Work Plan ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုနယ်မြေတွင် သစ်သီးဝလံများ၊ သစ်တောထွက်ပစ္စည်းများ၏ အခြေခံထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်လျက်ရှိကြောင်း၊ နိုင်ငံအတွက် လိုအပ်သောထုတ်ကုန်များကို ထုတ်လုပ်ပြီး တန်ဖိုးမြင့်ထုတ်ကုန်များဖြစ်အောင်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပမှလာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လျက်ရှိကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော နည်းပညာ၊ အရင်းအနှီးများကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက ဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ဖြည့်ဆည်းပေးရမည့်အခြေအနေ၊ MSME လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အခြေအနေကို ဆွေးနွေးညှိနှိုင်း ကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီ အေဂျင်စီအဖွဲ့ဝင်များသည် ကောက်ရိုးမှ စက္ကူထုတ်လုပ်သည့် နည်းစဉ်အဆင့်ဆင့်ကို လေ့လာရာတာဝန်ရှိသူက အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)