ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များဆွေးနွေး



နေပြည်တော်၊ မတ် ၂၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ဖိတ်ကြားချက်အရ မတ် ၁၂ ရက်မှ ၂၀ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲသို့ လေ့လာရေးသွားရောက်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၂၀-၃-၂၀၂၄) ရက်နေ့က ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ Ms. Ella Pamfilova နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ရေး ဗဟိုဌာန၌ကျင်းပသော ရှင်းလင်းပွဲသို့တက်ရောက်ခြင်း၊ မော်စကိုမြို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးဌာနချုပ်သို့ သွားရောက်လေ့လာခြင်း၊ မတ် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် “ရွေးကောက်ပွဲဆိုင်ရာ အချုပ်အခြာအာဏာပိုင်မှုနှင့် နိုင်ငံတကာစံနှုန်းများ” ခေါင်းစဉ်ဖြင့်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ ပါဝင်တက်ရောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ကိုယ်စားလှယ် အဖွဲ့သည် မတ် ၁၅ ရက်မှ ၁၇ ရက်အတွင်း မော်စကိုမြို့နှင့် Kolomna ခရိုင်အတွင်းရှိ မဲရုံများတွင် မဲလက်မှတ်အသုံးပြုမဲပေးနေမှု၊ e-Voting စနစ်ဖြင့် မဲပေးနေမှုတို့ကို လေ့လာကြည့်ရှုခဲ့ကြပြီး ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များမဲဆန္ဒရှင်စာရင်း စစ်ဆေးသည့်အဆင့်မှသည် မဲပုံးအတွင်းသို့ မဲစာရွက်ထည့်သည့် အဆင့်အထိ အသေးစိတ်လေ့လာ ဆောင်ရွက်ခဲ့ကြသည်။ အလားတူမဲရုံဆောင်ရွက်နေမှု အခြေအနေများကို CCTV ဖြင့် စောင့်ကြည့် လေ့လာနေမှုတို့ကိုလည်း သွားရောက်လေ့လာကြည့်ရှုခဲ့ကြသည်။

ထို့ပြင် ကိုယ်စားလှယ်အဖွဲ့ သည် မတ် ၁၈ ရက်တွင် ဗဟိုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခဲ့ခြင်းနှင့်စပ်လျဉ်းသည့် သုံးသပ်ချက်နှင့် အမြင်ချင်းဖလှယ် ဆွေးနွေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

လေ့လာရေးခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပပုံ အခြေအနေများ၊ ရွေးကောက်ပွဲစီမံခန့်ခွဲမှုနည်းစနစ်များ၊ မဲရုံများဖွင့်လှစ်ထားရှိမှု အခြေအနေများ၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် နည်းပညာအသုံးပြုဆောင်ရွက်နေမှု အခြေအနေများနှင့် မဲပေးမှု၊ မဲရေတွက်မှု လုပ်ငန်းစဉ် ဆောင်ရွက်နေမှု အခြေအနေများကို သိရှိလေ့လာခွင့်ရရှိခဲ့ပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအပါအဝင် အထင်ကရနေရာများသို့ သွားရောက်လေ့လာခွင့် များရရှိခဲ့ကြသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲကို နိုင်ငံပေါင်း ၁၀၆ နိုင်ငံမှ ရွေးကောက်ပွဲလေ့လာသူ ၇၀၆ ဦး လာရောက်လေ့လာခဲ့ကြပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် သမ္မတကိုယ်စားလှယ်လောင်း လေးဦးအနက် လက်ရှိသမ္မတ ဗလာဒီမာပူတင်က ဆန္ဒမဲ ၈၇ ဒသမ၂၉ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ 


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)