ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမှုထမ်းကြည့်လိုက်ရင် တပ်မတော်အကြောင်းသိရှိပြီး စစ်သားတွေအပေါ် စာနာသွားနိုင်မှာ ဖြစ်ပါတယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမှုထမ်းကြည့်လိုက်ရင် တပ်မတော်အကြောင်းသိရှိပြီး စစ်သားတွေအပေါ် စာနာသွားနိုင်မှာ ဖြစ်ပါတယ်



နိုင်ငံတော်ကာကွယ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ကျရာအခန်းကဏ္ဍမှ ကိုယ်တိုင်ကိုယ်ကျပါဝင်လိုစိတ်တို့ကို သန္ဓေတည်မွေးဖွားပေးနိုင်ရန်နှင့် စိတ်ဓာတ်နှင့်စည်းကမ်း ကောင်းမွန်သောလူငယ်များအဖြစ် ပြုစုပျိုးထောင်ရန် အခြေခံပညာအဆင့်တွင် ကင်းထောက်လူငယ်များအဖြစ်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့်တွင် တက္ကသိုလ်အရန်တပ်ရင်းဟုခေါ်သည့် တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တပ်ဖွဲ့ဝင်များအဖြစ်လည်းကောင်း နိုင်ငံတော်မှလူငယ်များကို လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိသည်။


အဆင့်မြင့်ပညာအဆင့်ကျောင်းသား ကျောင်းသူများအနေဖြင့် တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တက်ရောက်ခြင်းအားဖြင့် တပ်မတော်၏ဓလေ့စရိုက်နှင့် သဘောသဘာဝတို့ကို နားလည်စေပြီး စစ်ပညာရပ်များအား လေ့ကျင့်သင်ကြားနိုင်သော အခွင့်အရေးရရှိ၍ အနာဂတ်လုပ်ငန်းနယ်ပယ်အသီးသီး၌ တာဝန်ထမ်းဆောင်ချိန်တို့တွင် တွေ့ကြုံရမည့်အခက်အခဲ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ခြင်းနှင့် ခေါင်းဆောင်မှုအရည်အသွေးများ တိုးတက်စေမည်ဖြစ်သည်။


ထို့ပြင် နိုင်ငံတော်ကာကွယ်ရေးတွင် အရန်အင်အားစုများအဖြစ် အကျိုးပြုစေခြင်း၊ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်တတ်ခြင်း၊ အချိန်ကိုအကျိုးရှိစွာ စနစ်တကျစီမံခန့်ခွဲတတ်ခြင်းနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် အရေးကြုံလာလျှင် နိုင်ငံသားတစ်ဦးအနေဖြင့် တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင် နိုင်ရန်အသင့်ဖြစ်စေခြင်း စသည့်ခံယူချက်နှင့် အတွေ့အကြုံကောင်းများစွာကို ရရှိစေနိုင်မည်ဖြစ်သည်။


ခေတ်အဆက်ဆက် တက္ကသိုလ်ပညာသင်ယူရင်း စစ်ပညာကို စိတ်ပါဝင်စားစွာသင်ယူလိုကြသည့် တက္ကသိုလ်ကျောင်းသားကျောင်းသူများသည် တက္ကသိုလ်လေ့ကျင့်ရေးတပ်(UTC)သို့ တပ်ဖွဲ့ဝင်အဖြစ် ဝင်ရောက်ကြပြီး နိုင်ငံသားကောင်းတစ်ဦးပီသစွာ တာဝန်ကျေပွန်ခဲ့ကြသည်။ UTC မှ မွေးထုတ်ပေးလိုက်သူများသည် ယနေ့တွင်စစ်ဘက်၊ အရပ်ဘက်တို့၌ တိုင်းပြည်တာဝန်ကို ဦးလည်မသုန် စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိရာ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (ငြိမ်း)နှင့် ယခုကဲ့သို့ တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက် ပါသည်။


မေး ။ ။ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ UTC ဘယ်လိုကြောင့် တက်ရောက်ဖြစ်ခဲ့တယ်ဆိုတာကို သိလိုပါတယ်။


ဖြေ ။ ။ ကျွန်တော်က အခြေခံပညာအထက်တန်းစာမေးပွဲကို  မေမြို့ (ပြင်ဦးလွင်) ကနေ ၁၉၇၂ ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ်။ အခြေခံသိပ္ပံပညာရည်ချွန်ဆုလျှောက်ထားခဲ့ပြီး ရန်ကုန် တက္ကသိုလ်မှာ သင်္ချာအဓိကနဲ့ တက်ရောက်ခွင့်ရခဲ့ပါတယ်။ အဆောင်လျှောက်တဲ့အခါ ပင်းယဆောင်မှာ နေခွင့်ရခဲ့ပါတယ်။ တက္ကသိုလ် တက်တဲ့အချိန်မှာ စစ်သားတွေ ယူနီဖောင်းဝတ်နဲ့ ကျောင်းတက်ကြတာကို တွေ့ရပါတယ်။ မေမြို့စစ်တက္ကသိုလ်က အသိတွေ၊ နည်းပြတွေလည်း ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့လွန်သင်တန်းတက်နေတာကြောင့် စစ်သား တွေလည်း တက္ကသိုလ်တက်ခွင့်ရတယ်လို့ သိလိုက်တယ်။


တစ်ပတ်လောက်နေတော့ ပင်းယဆောင်မှာ အခန်းချင်းကပ်လျက် သူငယ်ချင်းကို ယူနီဖောင်းနဲ့တွေ့လို့ မေးလိုက်တဲ့အခါ UTC တပ်ဖွဲ့ဝင် ထားတယ်လို့ သိရတယ်။ သူက နွေရာသီပိတ်ရက်မှာ သူတို့ စခန်းချတဲ့ နေရာကနေ ပို့စကတ်ပို့တော့မှ UTC အကြောင်းကို ပိုပြီးစိတ်ဝင်စားလာ တယ်။ အဲဒီတုန်းကစည်းမျဉ်းက ပထမနှစ်မှာပဲ ဝင်ခွင့်ပေးတယ်။ ကံအားလျော်စွာ ဒုတိယနှစ်အောင်လို့ တတိယနှစ်ရောက်တဲ့အခါ UTC သင်တန်းကို ၂ နှစ်တက်နိုင်ရင် ဝင်ခွင့်ပြုမယ်ဆိုတဲ့အတွက် ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် UTC လျှောက်ကြတယ်။ ကျွန်တော်နဲ့အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး တာဝန်ထမ်းဆောင်သွားတဲ့ ဒေါက်တာအောင်သူ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး တာဝန်ထမ်းဆောင်သွားတဲ့ ကိုကျော်တင်နဲ့ အခြားသူငယ်ချင်းတွေလည်း UTC လျှောက်ကြပြီး ရန်ကုန်မှာရှိတဲ့ အမှတ်(၁)တက္ကသိုလ် လေ့ကျင့်ရေးတပ်မှာ ပထမနှစ်သွားတက်ကြတယ်။


မေး ။ ။ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် UTC တက်ရောက်ခဲ့တဲ့ အတွေ့အကြုံကို မျှဝေပေးစေလိုပါတယ်။


ဖြေ ။ ။ မေမြို့မှာက တပ်တွေအများကြီးရှိတယ်။ စစ်တက္ကသိုလ် အပြင် တပ်သားသစ်တွေမွေးထုတ်တဲ့ အမှတ် (၂) လေ့ကျင့်ရေးတပ်၊ ဗဟိုအင်ဂျင်နီယာတပ်၊ ဗဟိုဆက်သွယ်ရေးတပ်၊ ဗဟိုလျှပ်စစ်တပ်၊ ပညာရေးကျောင်းစတာတွေ တော်တော်စုံစုံရှိတယ်။ တပ်တွေများတော့ စစ်သားတွေရဲ့ ကြမ်းတာ၊ ရမ်းတာ၊ စကားပြောရိုင်းတာ ဒါတွေ ငယ်စဉ်ကတည်းကနားမဆံ့အောင် ကြားသိနေရတယ်။ ကျွန်တော်က မေမြို့သားဖြစ်လေတော့ မြို့ခံကလေးတစ်ယောက်အနေနဲ့ စစ်တပ်ဆိုတာ ရွံကြောက်ကြီးပေါ့။


ဥပမာတစ်ခုပြောရရင် ကျွန်တော့်ကျောင်းနေဖက် ငယ်သူငယ်ချင်းရဲ့ အစ်မဟာ ချောချောလှလှလေးဖြစ်ပါတယ်။ အဲဒီကလေးမလေးကို စစ်သားစာဖြစ်မှာပါပဲဆိုပြီး ငယ်ငယ်က တွေ့ကြုံဖူးတဲ့ စစ်သားကြီးတွေကပြောဆိုကြပါတယ်။ အဲဒီတစ်ယောက်က အသက်အရွယ်ငယ်စဉ် ဘာမှနားမလည်ခင်မှာ ကြားလိုက်ရတဲ့စကားကို နားစွဲပြီး ချောမောလှပပါလျက် အပျိုကြီးလုပ်သွားခဲ့တယ်။ မကောင်းသတင်းဆိုတာက ပျံ့နှံ့လွယ်တယ်။ ဟုတ်တာလည်းရှိမယ်၊ မဟုတ်တာလည်းရှိမယ်။ ဒါကြောင့် ကျွန်တော် ၁၀ တန်းအောင်ချိန်မှာ ကိုယ့်မြို့မှာရှိတဲ့ စစ်တက္ကသိုလ်ကို မလျှောက်ဘဲ ဝေးလံတဲ့ရန်ကုန်တက္ကသိုလ်ကို တက်ရောက်ခဲ့တယ်။


တက္ကသိုလ်မှာ သူငယ်ချင်းအရင်းအချာတစ်ယောက်က UTC တက်တော့ အပျော်တမ်းတပ်ဖြစ်ပြီး တက္ကသိုလ်တက်နေရင်းလည်း တက်လို့ရတယ်ဆိုတော့ ဝင်ကြည့်ချင်စိတ်ပေါ်လာတယ်။ အဲဒါကြောင့် တက်ဖြစ်သွားတယ်။ UTC မှာ နည်းပြဆရာကြီးတွေက တပ်ကြပ်ကြီးတွေပါ။ အင်မတန်ကို တော်ကြပါတယ်။ ဆဲသံ၊ ဆိုသံလုံးဝမပါဘဲ စစ်ရေးပြကစလို့ လက်နက်ငယ်၊ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှု၊ စစ်နည်းဗျူဟာ စတာတွေကို အချိန်တိုအတွင်းမှာ နားလည်တတ်ကျွမ်းအောင်၊ စိတ်ထဲစွဲအောင် သေသေချာချာသင်ကြားပေးကြပါတယ်။ ကျွန်တော်တို့တွေက ဒီဆရာကြီးတွေကို လေးစားကြတယ်။


၁၉၇၇ ခုနှစ် ဘွဲ့ရပြီး မဟာတန်းဆက်တက်နေချိန် မိသားစု အတွက်ဝင်ငွေရတဲ့ အလုပ်တစ်ခု မဖြစ်မနေလုပ်ရတော့မယ့် အကျပ်အတည်းကာလမှာ ဗိုလ်လောင်းသင်တန်းခေါ်တော့ ဝင်ဖြေပြီး စစ်သားဘဝကို ရွေးချယ်ခဲ့တယ်။ အဲဒီကနေ တပ်မတော်သားဘဝစခဲ့တာပဲ ဖြစ်ပါတယ်။ အကယ်၍သာ UTC မတက်ရောက်ဖြစ်ခဲ့ရင် တပ်မတော်နဲ့ ပတ်သက်လို့ အမှန်အတိုင်းမသိနိုင်ဘဲ ငယ်ငယ်ကစွဲလာတဲ့ ရွံကြောက်စိတ်နဲ့ပဲနေသွားဖြစ်မယ် ထင်ပါတယ်။


မေး ။ ။ တက္ကသိုလ်လေ့ကျင့်ရေးတပ် UTC ဟာ နိုင်ငံတော်ကာကွယ်စောင့်ရှောက်ရေးအတွက် ဘယ်လောက်အထိ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာကို ပြောကြားပေးစေလိုပါတယ်။


ဖြေ ။ ။ ကျွန်တော်က မေမြို့(ပြင်ဦးလွင်)မှာ မွေးဖွားကြီးပြင်းခဲ့ရလို့ တပ်ကို အမြင်တိမ်းစောင်းခဲ့ပါတယ်။ ကိုယ်ကိုယ်တိုင် စစ်သားဘဝရောက်မှ တပ်အကြောင်းကို ပိုသိသွားတယ်။ အပြင်ကနေဆိုတော့ မကောင်းမြင်တယ်။ အဲဒီတုန်းက တက္ကသိုလ်လေ့ကျင့်ရေးတပ် ဆိုတာသာမရှိခဲ့ရင် ကျွန်တော်စစ်သားဖြစ်လာမှာ မဟုတ်ပါဘူး။ တပ်ကို ရွံကြောက်ကြီးဖြစ်နေတဲ့ အခံစိတ်ကရှိနေတော့ တပ်နဲ့ပတ်သက်စရာအကြောင်းကို မရှိဘူး။ UTC ရှိလို့သာ UTC ဝင်လိုက်ခြင်းအားဖြင့် စစ်သားတွေဘဝ၊ စစ်ပညာကို တစ်စိတ်တစ်ပိုင်းသိပြီး စိတ်ဝင်စားသွားလို့ လုပ်ကြည့်မယ်၊ ဝင်ကြည့်မယ်ဆိုပြီး ဝင်ကြည့်လိုက်တော့ တပ်ကကိုယ်သိထားသလို မဟုတ်ဘူး။ သူ့စည်း၊ သူ့ကမ်းနဲ့ပဲ။ အခက်အခဲတွေတော့ ကြုံတာပေါ့။ တပ်ထဲမှာ ၄၃ နှစ်နေတော့ အခက်အခဲမကြုံဖူးဘူးဆိုတာတော့ မဟုတ်ဘူး။ ကြုံခဲ့တာပဲ။ တော်ပါပြီလို့ တွေးခဲ့တဲ့အချိန်တွေလည်း အများကြီးပါပဲ။ သို့သော်လည်း လုပ်ရင်းလုပ်ရင်းနဲ့ ၄၃နှစ်တောင်ကျော်သွားတယ်။ နေပျော်သွားတာပေါ့။ လုပ်ဖြစ်သွားတာပေါ့။


ဒီတော့ UTC ရဲ့ ကဏ္ဍက ဘယ်လောက်အရေးကြီးသလဲဆိုရင် တပ်နဲ့ပတ်သက်ပြီး အထင်လွဲမှားနေတာတွေ၊ မသိတဲ့သူတွေ၊ တက္ကသိုလ် အသိုင်းအဝိုင်းက ပညာတတ်တွေက UTC ကြောင့် တပ်မတော်နဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန်သိမြင်လာတဲ့ ရလဒ်ကို ရလာတာဖြစ်ပါ တယ်။ တပ်ထဲမှာ မြင့်မြင့်မားမား တာဝန်ထမ်းဆောင်နေတဲ့လူတွေထဲမှာ UTCထွက်တွေ အများကြီးပဲ။ တစ်ချိန်တုန်းက UTC တက်ခဲ့ကြတဲ့ သူတွေဖြစ်ပါတယ်။ ပြောရရင် နိုင်ငံတော်ကာကွယ်ရေးမှာ တက္ကသိုလ် လေ့ကျင့်ရေးတပ်ရဲ့ အခန်းကဏ္ဍက အင်မတန်အရေးပါတယ်လို့ ပြောလိုပါတယ်။


မေး ။ ။ တက္ကသိုလ်လေ့ကျင့်ရေးတပ် UTC ကျောင်းသားဟောင်း တစ်ဦးအနေနဲ့ လတ်တလော ထုတ်ပြန်ထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ထင်မြင်ချက်ကို သိရှိလိုပါတယ်။


ဖြေ ။ ။ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး သေသေချာချာ နားမလည်တဲ့သူတွေက ရှောင်တိမ်းရတော့မလိုလို၊ ဟိုလိုလို ဒီလိုလို အမျိုးမျိုးဖြစ်နေကြတယ်။ ကျွန်တော်တို့လည်း အရပ်သားဘဝတုန်းက တပ်နဲ့ပတ်သက်ရင် ကောင်းတာထက် မကောင်းတာပဲ ကြားရတယ်။ မကောင်းတာ၊ ဆင်းရဲတာ၊ ပင်ပန်းတာ၊ ဒါတွေပဲကြားရပြီး တပ်ထဲဝင်ဖို့ဆိုတာဝေးလို့၊ တပ်နဲ့ပတ်သက်ရမှာ စိုးရိမ်တယ်။ ဒါပေမယ့် တကယ်တပ်ထဲဝင်တော့ ကိုယ်တိုင်တပ်မတော်သားဘဝရောက်မှ စစ်သည်တော်ဟောင်းတစ်ဦးပြောခဲ့သလို “တပ်မတော်ဆိုတာ အမှန်တကယ်သာ လိုက်နာနိုင်မယ်ဆိုရင် ယောကျ်ားကောင်း၊ ယောကျ်ားမြတ်တွေအဖြစ် လေ့ကျင့်ပေးတဲ့ကျောင်းကြီးပေါ့” ဆိုတဲ့စကားဟာ စိတ်ကူးယဉ်စကား၊ အကောင်းမြင်စကား သက်သက် မဟုတ်တာ ကိုယ်တွေ့သိရှိရပါတယ်။


တပ်မတော်ဆိုတာ နိုင်ငံအတွက် အင်မတန်အရေးကြီးတဲ့ အဖိုးတန်အဖွဲ့အစည်းဖြစ်တယ်။ အမှုထမ်းရမယ်ဆိုရင်လည်း ဘာမှစိုးရိမ်စရာ မရှိပါဘူး။ အစပိုင်းတော့ တစ်မျိုးထင်နိုင်ပါတယ်။ သို့သော်လည်းလုပ်ကြည့်ပါ။ ဝင်ကြည့်ပါ။ ကျွန်တော်တို့လည်း UTC ကနေ တပ်ထဲဝင်ခဲ့တယ်။ စဝင်တုန်းကတော့ ဝင်ငွေရတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း တစ်ခုအနေနဲ့ဝင်ခဲ့တာမှန်ပေမယ့် တစ်ဘဝစာဖြစ်သွားခဲ့တယ်။ လုပ်ရင်းလုပ်ရင်းကြိုးစားရင်း နောက်ဆုံးအငြိမ်းစားယူချိန်မှာ အမှုထမ်းသက် ၄၃ နှစ်ကျော်ကြာသွားခဲ့တာကို အံ့အားသင့်ဖွယ်တွေ့ရပါတယ်။ လက်ရှိလည်း စစ်သည်တော်ဟောင်းတွေနဲ့ ပတ်သက်တဲ့ စစ်မှု ထမ်းဟောင်းအဖွဲ့မှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။


ကျွန်တော့်ဘဝအတွေ့အကြုံနဲ့ ခြုံပြီးပြောရရင် အခု ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် သို့လောသို့လောဖြစ်နေတဲ့ လူတွေလိုပါပဲ။ ကျွန်တော်ကိုယ်တိုင် တပ်မတော်အကြောင်း သေသေချာချာမသိဘဲ ကြမ်းတမ်းရိုင်းစိုင်းတဲ့ စစ်သားတချို့ကိုသာသိရှိပြီး ရွံကြောက်နေရာကနေ UTC ကျေးဇူးကြောင့် တပ်မတော်သားဘဝကို နားလည်လာပြီး ကိုယ်တိုင်စစ်သားဘဝ ဖြတ်သန်းလိုက်တဲ့အခါမှာ မိမိတို့အထင်အမြင်နဲ့ လက်တွေ့နဲ့ကွာခြားနေတာကို တွေ့ရပါတယ်။ ဒီလိုပဲ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမှုထမ်းကြည့်လိုက်ရင် တပ်မတော်အကြောင်းသိရှိပြီး စစ်သားတွေအပေါ် စာနာသွားနိုင်မယ့်အပြင် အချို့ဆိုရင် ကျွန်တော့်လို တစ်ဘဝစာအလုပ်အကိုင်အဖြစ် ရွေးချယ်မယ့်သူတွေလည်း ပေါ်ပေါက် လာမယ်လို့ ယုံကြည်ပါတယ်။


ဝင်းသန့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)